အာရုဏ်ဦးမှာ ထွန်းသည့် စန္ဒာ

Sunday, November 14, 2010
ညဦး ညလယ်
ညသန်းခေါင်၌
မှောင်မိုက်ပါဘိ
အမေမရှိ
သားမီးရင်ဝယ်
မှောင်ရယ်ကြီးစိုး
အိုး............

ကြောက်.. ကြောက်လိုက်တာ

အမှောင်ရယ်ဆုံး
အာရုဏ်တက်တော့
အိုဘယ့်....ဘယ်လို...
အာရုဏ်မှာရယ်
လမင်းတစ်စင်း
ထွန်းလင်းနေလို့........



တစ်နေကွယ်လို့ တစ်မိုးသောက်ခဲ့ပြီ

Wednesday, September 1, 2010
တစ်နေ ကွယ်လို့
တစ်မိုး သောက်ခဲ့ပြီ

လွမ်းဆက် ရက်ရှည်မှာ
လွမ်းမျက်ရည် တစို့စို့နဲ့

ထားခဲ့တာလည်း မဟုတ်
သွားပါလို့လည်း မပြော

အိပ်မက်ရက်ရှည် ကြားထဲမှာ
အိပ်ပျက်ဖန် မျက်လုံးတွေက

ဆွေးလို့ပဲ ငိုငို
ငိုလို့ပဲ လွမ်းလွမ်း

ငဲ့ သနားသောအားဖြင့်
လှမ်းလှည့်ကာ ပြန်လာခဲ့ပါလို့

နွမ်းငယ်တဲ့ ဘ၀င်နှလုံးရယ်က
သဲငယ်ရယ် ပြန်လာမယ့်လမ်းဆီသို့

မျှော်လို့ လွမ်း လွမ်းနေဆဲမှာ....

တစ်နေ ကွယ်လို့
တစ်မိုး သောက်ခဲ့ပြန်ပြီကော.......


အဝေးဆုံးကို

Sunday, August 22, 2010
အမှန်ကို မသိသော
အ၀ိဇ္ဇာ တရားကြောင့်
လိုချင်တပ်မက်သော
တဏှာခင်းကျင်း၍
သစ္စာတရား နှစ်ခုမှာ
သမုဒယမှာ ပျော်ပါးပြီး
ဒုက္ခသစ္စာမှာ ပူဆွေးလို့သဖုံ
အချိန်ကာလတစ်ခုကို
ဆက်နွယ်ကာ ကူးလူးခဲ့လို့
ကိုယ်၌မှာ မစိုးနိုင်သော
အနတ္တတရားကြောင့်
ညှိနှိုင်းလို့ မလွယ်ခဲ့သမျှ
အနိစ္စ မမြဲခြင်းတရားအောက်
ပျက်စီးခြင်း အဆုံးမှာ
နင်နဲ့ငါ အဝေးဆုံး အဝေးဆုံးကို
လျှောက်လှမ်းကြတော့မှာလား

လွမ်းဆွတ်မှု တစ်ခု

Sunday, July 18, 2010
သဟဇာတ မရှိတဲ့ အခန်းထဲ
သူ သရုပ်ဖော် ပန်းချီဆွဲနေတယ်
ရုပ်လုံး ရုပ်ကောင် မပီပြင်သေး
စုတ်တံက ပြုတ်ကျလို့
အသက်ငင်နေတဲ့ ပန်းချီကား
မွန်းကျပ်တဲ့ အခန်းကျဉ်းမှာ
ထုပ်တန်းပေါ်က မြှောင်တစ်ကောင်
စုပ်သပ်သံ ပျင်းတွဲတွဲနဲ့
63 ကြိမ် တိုင်ခဲ့ပြီ
အသင်ငင်တဲ့ ပန်းချီကား
ဘယ်တော့များ ပြခန်း ရောက်မှာလည်း

ဗိုလ်လုပွဲ

Friday, July 9, 2010
ပြိုင်ပွဲမစသေးပေ၊ ဘာသာစကားမတူသော ပရိတ်သတ် နှစ်ဖက်၏ အော်ဟစ်သံများမှာ ကွင်းလုံပြည့် လျှံတက်နေသည်။ အချိန်ကား သက္ကရာဇ် 2030၊ နေရာကား သုဝဏ္ဏ ကမ္ဘာ့အဆင့်လွန် အားကစားကွင်း၊ ပြိုင်ပွဲကား ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲ၊ ယှဉ်ပြိုင်မည့် အသင်းမှာ ကမ္ဘာ့ ဖလား အကြိမ်ရေ အများဆုံး ယူထားသော ဧည့်သည် ဘောလုံး အသင်း ဘရာဇီးနှင့် ပထမဆုံး အကြိမ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကျင်းပခွင့်ရသော မြန်မာနိုင်ငံမှ မြန်မာ့ အသင်း၊ ပထမဆုံး အကြိမ်မှာပင် ပထမဆုံး ဗိုလ်လုပွဲ တက်ရောက်လာသော မြန့်မာ့ ဘော်လုံး အသင်းနှင့် တွေ့ဆုံ ဗိုလ်လုရမည့် ကမ္ဘာ့ ဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ်။

ပရိတ်သတ် နှစ်သိန်း ရှစ်သောင်းကျော် ၀င်ဆံ့သော ကမ္ဘာ့အဆင့်လွန် သုဝဏ္ဏ ဘော်လုံးကွင်းကြီးမှာ ထွန်းညှိထားသော ဆလိုက်မီးများ၊ လေးဖက်လေးလံတွင် စိုက်ထူထားသော ပြည်တွင်းဖြစ် တီဗွီဖန်သားများ၊ ကွင်းဘေး ပတ်ပတ်လည်တွင် နေရာယူထားသော ပြည်တွင်း မီဒီယာ ကင်မရာသမားများ၊ ကွင်းလုံးပြည့် ရှုဒေါင့်ပေါင်းစုံတွင် တပ်ဆင်ထားသော ကင်မရာများ၊ အ၀ါရောင် ၀တ်စုံများမှ တစ်ဖက်၊ အနီရောင် ၀တ်စုံများမှ တစ်ဖက် နေရာလပ် မကျန်အောင် အားပေးကုန်ကြသော ပရိတ်များဖြင့် သုဝဏ္ဏ ဘော်လုံးကွင်းကြီးမှာ ကြီးကျယ်ခန်းနားမှုကို သရုပ်ဖော်ဆောင် နေလေတော့သည်။

အတိအကျဆိုရသော် တိုင်းနှင့်ပြည်နယ်ကို ကိုယ်စားပြုသော အားဖြင့် ဤဗိုလ်လုပွဲကို 2030 / 07 / 14 ရက်နေ့တွင် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘော်လုံး အဖွဲ့ချုပ်နှင့်တကွ တာဝန်ရှိ နိုင်ငံခေါင်းဆောင်များမှ ညှိနှိုင်း စီစဉ်ထားသည်ဟု သိရလေသည်။

ကွင်းဝင်လက်မှတ် မရရှိကုန်သော မြန်မာ ပရိတ်သတ်များအား တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ရန် သက်ဆိုင်ရာ လူကြီးများမှ အများ ပြည်သူပိုင် လမ်းဆုံလမ်းခွ၊ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံတွင် မြေစိုက် ပရိုဂျက်တာ ကြီးများဖြင့် ကြည့်ရှုအားပေးနိုင်ရန် စီစဉ် ထားရှိ ပါ သဖြင့် ကျေးဇူးတော် တင်ကြပါကုန်။

ပြိုင်ပွဲစတင်ရန် မိနစ်အနည်းငယ်အလိုတွင် နှစ်ဖက်အားကစား သမားများနှင့် ဒိုင်လူကြီးများ ကွင်းအတွင်းတွင် တန်းစီနေရာယူကာ သက်ဆိုင်ရာ နိုင်ငံတော် သီချင်းများ သီဆိုနေကြလေပြီ။ ဘာဆိုလို့ ဆိုမှန်းမသိပဲ ပြီးသွားသော ဘရာဇီး၏ သီချင်းသံ အပြီးတွင် ( တို့ဖိုး ဖွားမြေ အစစ်မို့ ချစ်မြတ်နိုးပေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့ တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ကျေ အဖိုးတန်မြေ ) သီချင်း အပြီးတွင် ကွင်းလုံး ပြည့်လျှံသော လက်ခုပ်သံများ သောသောညံနေလေတော့သည်။

နှစ်ဖက် အသင်းခေါင်းဆောင် ကာကာနှင့် ရန်ပိုင် အလံလဲလှယ် ကြလေပြီ။ ပြိုင်ပွဲစ ခရာသံအား မှုတ်၍ အပြီး မြန်မာ အသင်းမှ စတင်ကန်ခွင့်ရပါသည်။ ဟုတ်ကဲ့ .... တစ်ဖက်နှင့်တစ်ဖက် သွေးတိုးစမ်းကြနေသည်။ 15 မိနစ်ခန့်တွင် ကာကာနှင့် မြန်မာ ဂိုးသမား အောင်ကျော်ကျော်တို့ တွေ့ကြလေသည်။ ကာကာကန်သွင်းပါသည်။ အောင်ကျော်ကျော် ပုတ်ထုတ်လေသည်။ ဘော်လုံးမှာ လက်နှင့် ထိ၍ ဂိုးအတွင်းသို့ လိမ့်ကာ လိမ့်ကာဖြင့် ဂိုးစည်းတွင် ရပ်သွားပါသည်။ကွင်းလယ်ဒိုင် မှာ ဂိုးပေး မပေး ဆုံးဖြတ်ရ ခက်နေတော့သည်။ သို့သော် စက္ကန့်မခြား ဂိုးတိုင်များတွင် တပ်ဆင်ထားသော မြန်မာ့နည်းပညာ စစ်စတမ်မှာ ဂိုးအဖြင့် သတ်မှတ်ပေးလေသည်။

ဘရာဇီး 1 ဂိုး မြန်မာ ဂိုးမရှိ ဆက်လက် ယှဉ်ပြိုင်လေသည်။ သို့သော် ဘော်လုံး နည်းပညာတွင် အဆင့်တူ သတ်မှတ်ခြင်း ခံရသော ကစား သမားများမှာ ပထမပိုင်းတွင် မည်သူမျှ ဆက်လက် ဂိုးသွင်းနိုင်ခြင်းမရှိပဲ 1 ဂိုး ဂိုးမရှိဖြင့် ပထမပိုင်း ပြီးဆုံးလေသည်။ အ၀တ်လဲခန်းတွင် မြန်မာ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှာ ကစားသမားများကို တိုးတိုးဖြင့် တမျိုး၊ ဘရာဇီးနည်းပြ အန်ကယ် ပီလီမှာလည်း ၄င်း၏ ကစားသမားများအား မတိုးမကျယ် တဖုံ တွတ်ထိုးနေစဉ်မှာပင် ဒုတိယ ပိုင်းအား ဆက်လက် ယှဉ်ပြိုင်ရန် အချိန်ကြလေသည်။

ဒုတိယပိုင်းတွင် မြန်မာ အသင်းမှ တိုက်စစ်ဆင် ကစားလာသည်။ တိကျလျှင်မြန်သော ရန်ပိုင်၏ ကစားအားကို ဘရာဇီး နောက်ခံလူ တားဆီးရန် ခက်ခဲနေသည်။ ဒုတိယပိုင်း မိနစ် 70 တွင် စိုးမြတ်မင်း ထိုးပေးသော ဘော်လုံးအား ရန်ပိုင် ဆွဲယူ၍ ဘရာဇီး ဂိုးသမား ဒီဒါအား လိမ်ခေါက်ကာ ချေပဂိုးအား အပိုင်သွင်းယူ နိုင်ပါသည်။ မြန်မာကွ မြန်မာဟေ့ အော်ဟစ်အားပေးသံများမှာ ကြက်သီးထ ဖွယ်ပင်။

ထို့နောက် သူတပြန် ကိုယ်တပြန်တိုက်စစ်ဆင်၍ အနိုင်ရရှိရန် ကြိုးစားနေစဉ် ပွဲပြီးရန် 2 မိနစ် အလိုတွင် ဘရာဇီး ဂိုးဧရိယာ အတွင်း ဘော်လုံး ဆွဲပြေးလာသော ရန်ပိုင်အား ဘရားဇီး နောက်ခံလူမှ ကြမ်းတမ်းစွာ ဖျက်ထုတ်သဖြင့် ဒိုင်လူကြီးမှာ အနီကဒ်ပြ မြန်မာ အသင်းအား ပင်နီတီ ကန်ခွင့်ပြုလေသည်။ ဘော်လုံးအား စိုးမြတ်မင်း ကန်ပါမည်။ ဂိုးသမား၏ ညာဒေါင့် ဂိုးပါသည် ခင်ဗျား။ မြန်မာ 2 ဘရာဇီး 1 ....

မြန်မာပရိတ်သတ်များ ပျော်ရွှင်နေသလောက် တစ်ဖက် ဘရာဇီး ပရိတ်သတ်များမှာ မှိုင်နေသည်။ လက်ကျန်မိနစ်အား ဘရာဇီးမှ ချေပဂိုးရရန် ကြိုးစားနေစဉ် အတွင်းတွင် ဖျက်အားကောင်းသော မြန်မာ့နောက်တန်းအား မကျော်လွှားနိုင်ပဲ ကွင်းလယ်မှ ပွဲပြီး ခရာသံ ညံထွက်လာလေတော့သည်။

တီတီတီ.... တီတီတီ.... ဟိုက် ဖုန်းအလန်းမြည်လာပါလား ။ တောက်ကွာ အိပ်မက်ကလည်း ကွတ်တိမှ ......

ဘာဆက်ဖြစ်ကျန်ခဲ့သည် မသိ မသိ မသိ

ကျေးဇူးရှင်

Thursday, July 8, 2010
လေးလံသော ၀န်ပိုး
သယ်ပိုးခဲ့ ရက်ကြာ
ချွေးသံတွေ ရွှဲရွှဲ
သွေးစက်နဲ့ သက်ဆက်
ပေးအပ်ခဲ့ မိခင်
ပုခုံးရယ် လက်နှစ်တစ်
ဖ၀ါးရယ် လက်နှစ်လုံး
ကျွေးမွေးလို့ သုတ်သင်
လူလားရယ် မြောက်လို့
ဒီနေ့နဲ့ ဒီရက်
ကျေးဇူးရယ် မှတ်မြင်
လက်ဆယ်ဖြာ မိုးအုပ်
ဦးထိပ်ဝယ် ပန်ဆင်
မွေးမိခင် မေမေ
သံသရာ လမ်းထက်
ချောမွေ့သော ခရီး
ဖွေမိသော တရား
မြတ်စွာသော မဂ်ဖိုလ်
တွေ့မြင်သူ စစ်စစ်
မေမေ ဖြစ်နိုင်ပါစေ..

ကျွန်တော်၏ မွေးနေ့၌ ဤကဗျာလေးဖြင့် ကျေးဇူးရှင် မေမေအား ကန်တော့အပ်ပါသည်။


အလင်းနဲ့ အမှောင်

Friday, May 21, 2010
သို့......

" သက်ဆိုင်သူ "

ဒီတခါ ငါဒီစာကို အလင်းနဲ့ အမှောင် အကြောင်းကို ခံစားပြီး၊ ဥပမာ ပေးပြီးရေးချင်တယ်။ အလင်းနဲ့ အမှောင် ဆိုတာ ဒွန်တွဲပြီး မနေဘူး။ အလင်းဆိုတာလည်း သူ့ရပ်တည်မှုနဲ့သူ။ အမှောင်ဆိုတာလည်း သူ့ရပ်တည်မှုနဲ့သူ။ ရှင်သန်မှုကို အကြောင်း ထားပြီး သူနဲ့ သဟဇာတ ဖြစ်မယ့် ရပ်တည်မှုကို သူကျားကန်ထားတာပါ။

အလင်းထဲကလူလည်း သူ့ကမ္ဘာဟာ ဘယ်လို လှပကြောင်း၊ ဘယ်လို သာယာကြောင်း၊ ပန်းကလေးတွေ ဘယ်လို ပွင့်လန်း နေကြောင်း ကို သူစာဖွဲ့မယ်။ ကဗျာရေးမယ်။ တေးသီကျူးမယ်။ နေမင်းကြီး အလင်းရောင်ကြောင့် လောကကြီး တစ်ခုလုံး စိုပြေနေမယ်။ ဒီလို ဒီလို.. အလင်းကမ္ဘာထဲက အကြောင်းအရာတွေကို သူက ပြောပြပြီး အမှောင်ကို လာပါလာပါလို့ သူကခေါ်မယ်။

အမှောင်ထဲက လူလည်း သူဟာ မလာနိုင်တဲ့ အကြောင်း၊ သူ့ အမှောင်ကမ္ဘာမှာ လရောင်တွေ ဆမ်းတဲ့ ဖွေးလွှလွှ မြက်ခင်းလွင်ပြင်တွေ ရှိတဲ့အကြောင်း။ ထိန်ထိန်သာနေတဲ့ လမင်းဘေးကနေ ရှပ်တိုက်သွားတဲ့ တိမ်လွှာ မျှင်မျှင်လေးတွေကို သူပိုင်တဲ့ အကြောင်း။ တိတ်ဆိတ် နေတဲ့ ကန်ရေပြင်မှာ ပွင့်လန်းနေတဲ့ ကုမုဒြာ တွေလည်း သူနဲ့ စကားပြောဖော်ရှိကြောင်း။ ဒီလို ဒီလို... အမှောင်ကမ္ဘာထဲက အကြောင်း အရာတွေကို သူက ပြောပြပြီး အလင်းကို ဖိတ်ခေါ်ပေမယ့်.....

" သက်ဆိုင်သူ " ရေ ...
တစ်ကယ်တော့ သူ့ဘ၀နဲ့သူ သဟဇာတကျနေခဲ့တာပါ။ ရပ်တည်ရှင်သန်နေကြတာပါ။ ကိုယ်ပိုင်ကမ္ဘာလေးမှာ ကိုယ်ပိုင် လှပမှုတွေ ကိုယ်စီရှိကြပါတယ်။ ခက်တာက အလင်းနဲ့ အမှောင်ဟာ အချိန်တစ်ခုထဲမှာ ပြိုင်တူ ရပ်တည်ခွင့် မရနိုင်တာပဲ။ အလင်းနဲ့ အမှောင်ဟာ သဟဇာတ မကျနိုင်ခဲ့ပေမယ့် တွေ့ဆုံ စကားပြောခွင့်တွေ ရှိနေတယ်။ ခဏလေးပါ တစ်ကယ်ကို ခဏလေးပဲ။အလင်းရောင်ကွယ်ခါနီး အချိန်နဲ့ အမှောင်ယံ ကြီးစိုးခါနီး အချိန်မှာ သူတို့တွေဟာ ခဏတာ လက်ဆွဲနှုတ်ဆက်ကြတယ်။ ပြောစရာတွေ ရင်ဖွင့်ကြတယ်။ တစ်ကယ်ကို ခဏတာလေးပဲ သူတို့ သဟဇာတ ဖြစ်ခဲ့ကြတယ်။ အဲ့ဒီ ခဏတာလေးမှာ ဘယ်သူမှမသိလိုက်ပဲ သူတို့ဟာ ကိုယ်ပိုင်ဘ၀ထဲကို အလိုလို ရောက်သွားခဲ့တော့တာပဲ။......



'' ဖြောင့်ချက် ''

Wednesday, May 19, 2010



သံယောဇဉ်ကြိုး

Saturday, May 15, 2010



နှိုးစက်

Monday, May 10, 2010



လွမ်း၍ ခမ်းသွားသော မြစ်တစ်စင်း

Wednesday, May 5, 2010



တိမ်းပါး ခြေရာ

Saturday, May 1, 2010
ကမ်းစပ် တစ်ခု၌
ပထမတွင် ခြေရာနှစ်စုံ

ဒုတိယ ခြေလှမ်း
တစ်စုံ ကျန်၍

တတိယ ခြေလှမ်း
ကြွလှမ်းစဉ်၌

လှိုင်းပုတ်လေသမို့
ခြေရာတွေ တိမ်းပါးကြသည်။


ရောင်းရန်မဟုတ်

Friday, April 30, 2010
အိပ်မက်ဆန်သော ပြခန်း
ခဏတာ ၀င်ရောက်ခဲ့
သူ့အလှ၊ သူ့ရနံ့
သူ၏ မှော်ဆန်သော ကချက်မှာ
စီးမျှောနေရင်း
စိတ္တဇည အမှောင်ကြားမှာ
လျှပ်ရောင်က ဖြက်ခနဲ
ရောင်းရန်မဟုတ် စာတမ်းထိုးထားသည်။

ဘာကြောင့်လည်း ဘာအတွက်လည်း ဘယ်သူလည်း

Friday, April 16, 2010
သင်္ကြန်နှင့်ပိတောက်သည် အတူတူ လက်တွဲကာ နေလာခဲ့သည်မှာ ကြလှပြီ။ အုန်းမောင်းခေါက်လျှင် အာရုဏ်တောက်တယ် ၊ ပိ တောက်ပွင့်လျှင် သင်္ကြန်ရောက်ရတယ်။ ပထမ မြန်မာနိုင်ငံတော် တည်ခဲ့တဲ့ ရှင်နော်ရထာ ခေတ်က စတယ်ဆိုတဲ့ ရေပက်ကစားတဲ့ အ တာ သင်္ကြန်၊ ရှိရင်းစွဲ အရွယ်နဲ့ သက်ဆိုင်တဲ့ အမှုကို မြန်မာ ပြည်သူပြည်သားဖြစ်တဲ့ တိုင်းရင်းသား အပေါင်း အားလုံးက လိုက်ဖက်တဲ့ အမှုနဲ့ လိုက်ဖက်တဲ့ အရွယ် ပြုမူဆောင်ရွက်ကြတယ်။

ဖိုးဖွားတွေက ဥပုဒ်သီလ ယူကြတယ်။ ဖေပျို မေပျိုတွေက လှူဒါန်းခြင်းအမှုကို ပြုကြတယ်။ သားငယ်မယ်ပျိုတွေက ရေပက်ကစား ခြင်း အမှုကို ပြုကြတယ်။ အခုလက်ရှိ သက်ရှိထင်ရှား နေကြတဲ့ မြန်မာပြည်သား မှန်ရင် သူ့အရွယ်နဲ့သူ သင်္ကြန်တန်ခူးကို ဖြတ်သန်းခဲ့ ဖူးတဲ့ သူတွေကြီးပဲ။ ဒီတော့ကာ အားလုံးဟာ သင်္ကြန်အနှစ် သင်္ကြန်အဖြစ်ကို ချစ်ခင်မှာပဲ ပျော်ရွှင်မှာပဲ။

သင်္ကြန်ဆိုတာကို ပိုရင်ခုန်တာက တက်သစ်စ လူငယ်လေးတွေပဲ။ သူတို့လေးတွေဟာ အနာဂတ် အရမ်းလှကြတယ်။ အရာရာကို စူးစမ်းတယ် ရှာဖွေတယ်။ ပျော်ရွှင်တယ် တက်ကြွတယ်။ နုငယ်တယ် အားမာန်ပြည့်တယ်။ သူတို့တွေဟာ နှောင်တစ်ချိန်မှာ ပြည်နယ်နဲ့ တိုင်းကို ကာလာခြယ်မယ့် ရွှေလက်ရာလေးတွေပါ။

သူတို့လေးတွေဟာ လွတ်လပ်ပျော်ရွှင်ခြင်း ဆိုတဲ့ စည်းဝိုင်းထဲကနေ အတာကျမှာကို မျှော်ဦးနေကြတယ်။ ဧပရယ်ကို မတ်ခ်ျ မှာက တည်းက ရင်ခုန်နေတယ်။ ပိတောက်ကို တက်ချိုးချင်တဲ့မောင်ရင်တွေရယ် ပိတောက်ကို ပန်ဆင်ချင်တဲ့ မေပျိုတွေရယ်။ သူ့ရသနဲ့သူ အားမာန်တွေနဲ့ ချိုမြိန်နေကြတယ်။ သူတို့တွေဟာ ဂဏန်းပေါင်းစက်လည်း မသိဘူး။ ထိုင်ခုံလည်း မရှိဘူး။ လွတ်လပ်တယ် ပေါ့ပါးတယ်။

သံစဉ်တွေ မြူးတယ်။ သူတို့လေးတွေလည်း မြူးတယ်။ အသက်ကြီးသွားတဲ့ လူတွေလည်း မြူးခဲ့ဖူးတယ်။ ကန်တော်ကြီးမှာလည်း မြူးနေတယ်။ X2O လည်း မြူးနေတယ်။ ပြောင်းပြန်ဖြစ်ခဲ့တယ်။ ပြန်ပြောင်းလို့လည်း မရတော့ဘူး။ ရက်စွဲကတော့ 15 ရက် ဆည်းဆာ တောင် မရောက်တတ်သေးဘူး။ ပျော်သူတွေ ငိုခဲ့တယ်။ နောက်ဆက်တွဲမှာလည်း ငိုနေကြတယ်။ ပိတောက်အိုတွေလည်း ငိုနေကြတယ်။ ပိတောက်ပျိုတွေလည်း ငိုနေကြတယ်။

မြန်မာနိုင်ငံသား ကြီးငယ်မဟူ ရင်ခုန်သံတွေ ထပ်တူကြတဲ့ သင်္ကြန်ရက်မြတ်ပါ။ ရင်ခုန်သံတွေ ထပ်တူကြတဲ့ ဆွေမျိုးဥာဏတွေကြီးပဲ။အတွေးတစ်ခုနဲ့ မေးခွန်းတစ်ခုကို တွေးကြည့်တယ် မေးကြည့်တယ်။ ဘာကြောင့်လည်း ဘာအတွက်လည်း ? ဘ၀ခြားခဲ့တဲ့ သူတွေလည်းသိချင်နေမှာပဲ။ ဘာကြောင့်လည်း ဘာအတွက်လည်း ဘယ်သူလည်း ဆိုတာကို...........





သြော်... သင်္ကြန် သင်္ကြန်

Wednesday, April 14, 2010
လေတွေငြိမ်နေသည်။ ကျောင်းဝင်းအတွင်းရှိ ပိတောက်ပင်အိုကြီးပင် တုတ်တုတ်မျှ မလှုပ်။ ပိတောက်ပန်းတွေလည်း တည်ငြိမ်လွန်းလှသည်။ပတ်ဝန်းကျင်ရှိ အရာရာအားလုံးကပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြလေသည်။ အရာရာအားလုံး တည်ငြိမ်နေသလောက် ကျောင်းဝင်း အတွင်းရှိ စင်္ကြန်လမ်းတွင် စင်္ကြန်လျှောက်နေသော ဆရာလေး ဥာဏစာရီ တစ်ဦးတွင်မူ အပြင်ပန်း တည်ငြိမ်နေသယောင် စိတ်အလျဉ်တွင် ကား အဝေးမှ ခပ်သဲ့သဲ့ ကြားနေရသော တူးပို့သံနှင့်အတူ စိတ်အစဉ်မှာ ဖမ်းဆုပ်ရ ခက်ခဲနေဟန်ရှိလေသည်။

စင်္ကြန်လျှောက်နေရင်း ဆရာလေး ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားလေသည်။ သူ၏ စိတ်အစဉ်အား ကျန်ခဲ့သော အရင်နှစ် သင်္ကြန်ဆီ သို့ လွတ်လိုက်ပြီထင့်။ .........................

ကောင်မလေး ကိုယ်လုံးပေါ်မှန်ရှေ့တွင် ပြင်ပြီးသား အလှအား ကြည့်မ၀နိုင်သယောင် ဘယ်ညာ၊ရှေ့နောက်၊ အပေါ်အောက် ထပ်ခါထပ်ခါ ကြည့်နေသည်။ ပြုံး၍ကြည့်လိုက်၊ မဲ့၍ကြည့်လိုက် ခဏခဏကြည့်နေသည်။ ဟုတ်တော့ ဟုတ်ပါသည်။ ကောင်မလေး ဒီနှစ် ဆယ်တန်း ဖြေပြီး နောက်ပိုင်း တော်တော်လေးကို လှလာသည်။ ယခုပင် ကြည့်ပါဦး ၀တ်ထားသော ဂျင်းဘောင်းဘီ ကွာတား၊ တီရှပ်အ၀ါ လက်တိုနှင့် မတိုမရှည် ဆံပင်အား ကျစ်ဆံမြီး နှစ်ဖက်ခွ ကျစ်၍ နုငယ်သော အလှနှင့် ၀င်းဖန့်ဖန့် အသားအရေတို့မှာ ပွင့်ခါနီးပန်း အဖူးအငုံ ဘ၀ကို စွန့်လွတ်တော့မည့် ပန်းအလှနှယ် ရှိနေတော့သည်။

နောက်ဆုံးအကြည့်ကို မှန်ထက်ဆီသို့ ပို့လိုက်ရင်း ရေဖလားလေးကို လက်မှ ကိုင်ကာ အိမ်အောက်ဆီသို့ အပြေးတစ်ပိုင်း ဆင်းလာ တော့သည်။ တိုက်အောက်ရှိ ရေကစား မဏ္ဍပ်အသေးစား၌ တူးပို့တူးပို့ သီချင်းသံကပင် သူမ၏ ဟန်ပန်အား ပို၍မြူးကြွ စေလေတော့ သည်။

ကောင်မလေး သူ့အုပ်စုနှင့် ရေကစားရန် အကိုများမှ ဆောက်လုပ်ပေးထားသော အုန်းလက် ရေကစားမဏ္ဍပ်သေးသေးလေးတွင် သူ့အပေါင်းအဖေါ် လူကြီးမဟုတ်၊ ကလေးမဟုတ်သော ကောင်လေး၊ ကောင်မလေးများနှင့် မျောက်မူးလဲ အရွယ် ချာတိတ်များပင် စုံလင်စွာ ရေကစားရန် ရောက်ရှိနေကြလေပြီ။

.ဟာ.......... ပက်ကြလေ၊ လောင်းပါတော့လား၊ ဟိုမှာလည်း လာနေပြီ မလွတ်စေနဲ့ဟေ့.... အုပ်စုကို သူကိုယ်တိုင်အော် သူကိုယ်တိုင် ရေဖလားနှင့် ပြေးပြေးလောင်းနေတော့သည်။ ဟာ..... ဟေ့ကောင်တွေ မြန်မြန်ပက်ကြဟေ့........ ခွက်စုက်လေးနဲ့ ရေပက်တယ် စိတ်မ ဆိုးပါနဲ့ ဦးဦးရယ်...... ဟေဟေး...... ကလေးဗိုလ် ကောင်မလေး အရမ်းပင် ပျော်ရွှင်နေပုံရသည်။ မဏ္ဍပ်အတွင်းပိုင်း စည်ပိုင်း ပြက်၏ နောက်ကွယ်တွင် လက်နက်ပုန်း ဒန်အိုးမဲ တစ်လုံးရှိနေသေးသည်။

ရွယ်တူနှင့် ကလေးများကို ရေလောင်းလိုက် အိုးမဲသုတ်လိုက်နှင့် ပွဲက တော်တော်စည်နေလေပြီ။ ထိုခဏ မဏ္ဍပ်ဘေးရှိ အုတ်ခုံလေး၌ လူရွယ်တစ်ဦး ၄င်းတို့အုပ်စုအား ကြည့်နေရင်း အပျော်ကူးစက်သည်ထင်အံ့ ပြုံးပြုံးလေးနှင့်ပင် ထိုင်ကာ ကြည့်နေတော့သည်။ မကြာမှီ သူသည် ကံဆိုးမိုးမှောင်ကျမည်ကို မသိထင်ပါ့ ။

ကောင်မလေး ဘယ်လက်၌ ရေဖလား၊ ညာလက်တွင် အိုးမဲ မဏ္ဍပ်နောက်မှပတ်၍ ထိုလူ့ဆီလာနေသည်ကို ထိုလူသည် လုံးဝ သတိမ ထားမိပေ။ ကောင်မလေး လက်က မြန်ပါ့ ဘယ်လက်မှ ရေအလောင်း ညာလက်မှ အိုးမဲ အသုတ် ကွတ်တိပင် ကျလေတော့သည်။ တစ်ပြိုင်နက် ကောင်မလေး ဗျူဟာကျကျ ခွာစစ်က မြန်လှသည်။ ထိုသူသည် မအီမသာ မျက်နှာဖြင့်ကျန်ရစ်ခဲ့တော့သည်။

တခဏ ကောင်မလေးသည် ဖြစ်ပြီးခဲ့သော ကိစ္စအား မေ့ပျောက်သွားပြီထင်ပါ့။ လမ်းသွားသူများအား အုပ်စုလိုက် ရေလောင်းခြင်း အမှု ကို ပျော်ရွှင်စွာ အော်ဟစ်ကာ ကစားနေတော့သည်။ ရေပက်လိုက် အနောက်ဖက်ရှိ အိုးမဲ ပြေးယူလိုက်ဖြင့် ခုန်ပေါက်နေလေတော့ သည်။ ကောင်မလေး မကြာမှီ သူမ ကံဆိုးမိုးမှောင်ကျမည်ကို ကြိုတင်၍ မသိခဲ့ရှာပေ။

တစ်ချက် ကောင်မလေး အိုးမဲ လာအယူ ထိုသူသည် အသင့်စောင့်နေသည်။ ကောင်မလေး မှင်သက်သွားသည်။ ထိုသူသည်လည်း မြန်ဆန်လွန်းလှသည်။ မင်းလားကွ စောစောက ငါ့ကို အိုးမဲသုတ်တာ ပါးစပ်ကလည်း အပြော၊ လူကလည်း ကောင်မလေး ပါးပြင် ဖောင်းဖောင်းလေးကို နမ်းမိရက်သား ဖြစ်နေတော့သည်။ ကောင်မလေး အံ့သြသွားသည်။ နောက် မျက်နှာလေး နီရောင်ပြေးလေသည်။ နောက် ဟာကွာ... ဟု ညည်းလေသည်။ နောက် ကောင်မလေး ရှက်ပြုံးလေးဖြင့် ထွက်ပြေးသွားလေသည်။

ဆရာလေး ဥာဏစာရီ မိမိပါးပြင်အား ကိုင်၍ ပြုံးနေလေသည်။ ဟဲ့ဆရာလေး မတ်တတ်ကြီး ပြုံးနေပါလား သတိကပ်စမ်း ... ဖွားသီလ ရှင် သတိပေးမှ သတိပြန်ရကာ ဆရာလေး ဥာဏစာရီ တစ်ဦး ခပ်ပြုံးပြုံးနှင့်ပင် လက်တွင်းမှ စိပ်ပုတီးအား ချောက်ဂျက် ချေက်ဂျက်ဖြင့် ပုတီး တစ်လုံးကျ မုန့်လုံးရေပေါ် တစ်လုံးရ အမှတ်ဖြင့် ထိုနေရာမှ ထွက်ခွာသွားလေသည်။ သြော်...... သင်္ကြန်.... သင်္ကြန်.....