2008 အလွန် 2009 သို့

Wednesday, December 31, 2008
မကြာတော့မယ့် အချိန်အတွင်းမှာ 2008 ရဲ့နောက်ဆုံးအချိန်ကို ရောက်ရှိလာပါတော့မယ်။ တစ်ဆက်ထဲမှာပဲ 2009 ကိုချဉ်းနင်း ၀င်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီလို အချိန်ခါ သမယကို တော်တော်များများက နှစ်သစ်ကူးကို ပျော်ပွဲရွှင်ပွဲ တွေကျင်းပပြီး 11း59- 59 ကိုရင်ခုံစွာ မျှော်လင့် ကြိုဆိုတတ်ကြတယ်။

ကျွန်တော်လည်း အရင်နှစ်တွေမှာ အဲဒီလို စိတ်ကူး၊ အဲဒီလို ပျော်ပွဲတွေကို ခုံမင်ခဲ့ဖူးတယ်၊ ကျွန်တော်ရဲ့ ခုလက်ရှိနေရာ ဒေသ တိုင်းပြည်က ဆိုရင် ပိုလို့တောင်ပျော်လို့ ရွှင်လို့ကောင်းပါတယ်။ ပါဝင်ဆင်နွှဲတဲ့ သူငယ်ချင်းတွေက ဖိတ်ခေါ်ပါတယ်။ ကျွန်တော် စိတ်မပါဘူးဗျ။ ဒီနှစ်ကြမှ စိတ်တွေက တစ်မျိုးပဲ နှစ်သစ်ကို ကြိုဆိုချင်တဲ့ ပုံစံက တစ်မျိုး ဖြစ်နေတယ်။ အတွေးလေးနဲ့ပဲ နှစ်သစ်ကို ဖြတ်ကျော်ချင်တယ်။

ဘယ်လိုအတွေးမျိုးလည်းဆိုတော့ သူများတွေနဲ့ တူချင်မှတူမယ်၊ ကွဲလွဲရင်လည်း ကွဲလွဲနေမယ်။ 2008 ရဲ့ နောက်ဆုံးအချိန်ကို ရောက်လာလေ ကျွန်တော် ဆုံးဖြတ်ရမယ့် အရာတွေများလာလေပဲ။ 2008 မှာ ငါဘာတွေလုပ်ခဲ့လည်း ? မေ့ထားသင့်တဲ့ အတိတ်ကို မေ့ထား၊ ပြုပြင်ရမယ့် လုပ်ရပ်ကို ပြုပြင်၊ သယ်ဆောင် လာရမယ့် ကိစ္စတွေ သယ်လာ၊ တွေးစရာတွေ လုပ်စရာတွေ အများကြီးပဲ၊ ဒီတော့ ကျွန်တော် အပြင်ထွက်ပြီး နှစ်သစ်ကို မကြိုတော့ဘူး။

2009 ကိုချဉ်းနင်းဖို့ 2008 ရဲ့ နောက်ဆုံးမိနစ်တွေကို ကျွန်တော် အသန့်ရှင်းဆုံး ဖြတ်ကျော်ချင်တယ်။ 2009 ကို ကျွန်တော် အဖြူစင်ဆုံးကြိုဆိုချင်တယ်။ ကဲဒီတော့ ကျွန်တော်တို့ ပုံစံမတူတဲ့ နှစ်သစ်ကို ကြိုဆိုခြင်း (သို့) နှစ်သစ် ကိုရင်ဆိုင်ခြင်း အတွက် မလွဲမသွေကြုံလာမှာမို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် အားလုံးကို......

ခုလာမယ့် 2009! မှာ အားလုံးသော မောင်နှမများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ။

စိတ်ကူးယဉ်

မောင် ထတော့လေကွာ နေဖင်ထိုးနေပြီ အိပ်ပုတ်ကလည်းကြီးလိုက်တာ။ အင်းပါ အမွန်ရာ ဒီရက်ပိုင်းလေးပဲ နားနားနေနေ နေရမှာ ရန်ကုန်ပြန်ရောက်ရင် ဒီလိုအေးအေးဆေးဆေးနေရမှာ မဟုတ်ဘူး ကဲပါ ခုတော့ ထတော့နော် မောင် မနက်စာစားမယ်။ အင်းထမယ် အာပွားပေးရင် ။ ဟာ မောင်ကလည်း ကဲကဲရော့ ထတော့နော်။

နေရာကား ငပလီ ကမ်းခြေ၊ အချိန်အခါကား ညားခါစ ဘလော့ဂါ ရှင်ရဲထွတ်နှင့် သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့် တို့၏ ပျားရည်ဆမ်း အနားယူ ခရီးစဉ်။

အမွန်ရေ မြန်မြန်လာ နေပြင်းလာရင် လှိုင်းကစားလို့ မကောင်းတော့ဘူး၊ ခုနေကစားမှ ရေအတက်နဲ့ ကစားလို့ကောင်းမှာ။ ကဲပါမောင်ရယ် ပြီးပါပြီ ဒီမှာ ရေကူးဝတ်စုံ လဲနေလို့ မောင်ကြည့်ပါဦး လှရဲ့လားလို့။ ဟာ..လှလိုက်တာ မောင့်မိန်းမက ကဲကဲ သဘက်ကြီး ပတ်လိုက်ပါဦး တော်ကြာ သူများတွေ ကြည့်ကုန်လိမ့်မယ် မောင်ကကြိုက်တာ မဟုတ်ဘူး။ အင်းပါ မောင်ရယ်။

အနှီ ညားခါစ စုံတွဲ လက်ချင်းချိတ်၍ ကမ်းခြေသို့ အပြေးတစ်ပိုင်း ပြေးဆင်းသွားသည်မှာ မြင်ရသူ ပရိတ်သတ်အပေါင်း '' ရှေ့သွားနောက်လိုက် ညီလိုက်တာ၊ နေနဲ့လ ရွှေနဲ့မြ ဆိုတာ ဒါမျိုးပေါ့ '' ချီးကျူး အားကျသံ များကို ကြားရမည် ဖြစ်လေတော့သည်။

ဘောကွင်း အပေါ်၌ ပက်လက်လှန်၍ အလိုက်သင့် စီး၍ ကြည်နူးနေသော အမွန်ဆိုသော ဇနီးချောအား ကြည့်ရင်း၊ အမွန်ရာ မောင်တော့ ဒီလိုနေ့တွေကြီးပဲ အေးအေးနေချင်တော့တာပဲ ရန်ကုန်ပြန်ရောက်ရင် အမွန့်ဘေးမှာ အမြဲတမ်း အချိန်ပြည့် နေနိုင်မှာ မဟုတ်ဘူး အမွန်ရဲ့။ အော်မောင်ရယ် အမွန့်ကို စိတ်မချတာလား မောင့်ကို ချစ်လွန်းလို့မှ အားလုံးထဲမှာ မောင့်ကို ရွေးပြီး အမွန်ဘ၀ကို ပေးအပ်ခဲ့တာလေ အမွန့်ဘ၀မှာလေ မောင်သာလျင် အချစ်ဆုံး သိလား။ တကယ်လား အမွန်ရယ် ဒါ့ကြောင့် အမွန့်ကို ပိုချစ်ရတာ။ ရှင်ရဲထွတ်မှာ မချင့်မရဲ စိတ်ဖြင့် သက်မွန်မြင့် ပါးအား နမ်းရန်အလုပ် လှိုင်းတစ်လုံးမှ မထင်ပဲ ရိုက်ခတ်လိုက်ရာ။ အား.. အမွန်ရေ အမွန်။ ဟေ့ကောင်ထစမ်း အလုပ်ချိန် လာခိုးအိပ်နေတယ် ဟုတ်လား အလုပ်သိမ်းရင် ရုံးခန်းလိုက်ခဲ့။

မယ်ဂုမိရေ စိတ်ကူး အယဉ်လွန်သွားလား မသိဘူး။ ကျေနပ်ပါစေ။
/

ပန်သူဦးတဲ့ပန်း

Sunday, December 28, 2008
မမြင်တဲ့နှောင်ကြိုး
သံယောဇဉ်တိုးလို့
တွယ်နှောင်ရစ်ထုံးကာ
ကြိုးတစ်ပင် လွန်းတင်ခဲ့ပေါ့

ဝေရင်လည်းဝေ
ခြွေလို့ကြွေရင်လည်း
မြေလွှာခတုန်းမှာ
ကြင်ခွင့်ရချင်ပေါ့

မြင်ရက်နှင့်ပင်ခက်
ကြင်မက်ခွင့်ရယ်လို့
ဘယ်မရှိအဆုံးမှာ
အသင်သိပါလေစ..

ပန်သူဦးလေတဲ့ပန်းရယ်...

မှတ်ချက်.............
ဤကဗျာသည် ကဗျာဟောင်းပါ ဟိုးလွန်ခဲ့သော ၈ နှစ်ကျော်ကာလဆီမှ စာရေးသူ၏ ပထမဆုံးသောကဗျာ လေးပါ။ စာရေးသူ ဘယ်လိုမှ မေ့လို့မရသော ကဗျာတစ်ပုဒ် အနေဖြင့် သက်ဆုံးတိုင် ထင်ကျန်ရစ်မယ့် ကဗျာလေးပါ။

သုံးရာသီ

Saturday, December 27, 2008
နှင်းတွေလည်းဝေ
မြူတွေလည်းခ
လေပြည်တိုးစိမ့်
အေးချိမ့်ချိမ့်မှာ

နင်ပြောခဲ့တယ်နော်... မောင်ရယ် ချမ်းလိုက်တာတဲ့

လေရူးထွေခိုက်
ညောင်ညိုရိပ်မှာ
လွမ်းတေးရယ်ဆို
ဥသြကြွေတုန်း

နင်ပြောခဲ့တယ်နော်... မောင်ရယ် ဥသြလေး သနားလိုက်တာတဲ့

မိုးစက်မိုးပေါက်
တဖျောက်ဖျောက်နဲ့
မျက်ရည်ရွှဲစို
ငိုခဲ့တုန်းက

နင်ပြောခဲ့တယ်နော်... မောင်ရယ် ကျွန်မလေ ငိုချင်ရင် မိုးရွာထဲမှာပဲ ငိုတာတဲ့

ခုတော့
ချမ်းလိုက်တာလည်းမရှိတော့ဘူး
ဥသြငှက်လည်းမရှိတော့ဘူး

ဒါပေမယ့် မိုးရွာခဲ့ရင် မိုးရေတွေထဲ ငါလည်း ငိုတတ်နေပြီ...

အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး

Tuesday, December 23, 2008
လွန်ခဲ့သော နှစ်ပေါင်း 37 နှစ်ခန့်တွင် သူစိမ်း ယောင်္ကျားလေး တစ်ဦးနှင့် သူစိမ်း မိန်းခလေး တစ်ဦး တွေ့ဆုံ ချစ်ကြိုက်၍ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားကာ ဘ၀တည်းဟူသော တူနှစ်ကိုယ် တိုင်းပြည်ကို တည်ဆောက်ခဲ့ ကြသည်။

ဤတွင် အသွင်မတူသော ပန်းပွင့် ခြောက်ပွင့် မွေးဖွားခဲ့ပါသည်။ အသွင် မတူသော်လည်း ကြင်နာသော နွေးထွေး သော ယုယမှုဖြင့် ပန်းများ အားလုံးကို လန်းပွင့်စေခဲ့ပါသည်။ အန္တရယ်များ ရန်စွယ်များ ကြားထဲတွင် ရဲဝံ့စွာ ကာကွယ်ခဲ့ပါသည်။ တောက်ပသော အနာဂတ်ကို ဖန်တီးပေးခဲ့ပါသည်။ ပန်းပေါင်းစုံလင်သော လောကထဲတွင် မွှေးရနံ့နှင့် သင်းပျံ့စေခဲ့ပါသည်။

အနှီ သူစိမ်းနှစ်ဦးမှ ပွင့်လန်းစေခဲ့သော ပန်းခြောက်ပွင့်မှာ သက်ဆိုင်ရာ နယ်ပယ်တွင် လန်းတင့်ဖြာလို့ ဆန်းတင့် ကာ နေကြပြီ။ ခုချိန်တွင် အနှီ အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦးမှာ ပန်းခြောက်ပွင့်နှင့် ဝေးသူဝေး၊ ကွာသူကွာဖြင့် အဝေးရောက် မေတ္တာ အားဖြင့်သာ ဆန်းနေခြည် ဖြာလန်းလို့သာ နေကြရသည်။

ပန်းလေးများ အပါးတွင် မရှိသော်ငြားလည်း သူစိမ်းနှစ်ဦးမှာ ရင်းနှီးမှုအားဖြင့်သာ ရှေ့ဆက်ကာ ခရီးသွားရဦးမည် ဖြစ်သည်။ မည်သူက မည်သူ့ကို ဦးစွာ ခွဲခွာသွား မည်ကိုတော့ ကြိုတင်၍ မတွေးတတ်ပါ မတွေးရဲပါ။ သို့သော် ငြားလည်း ရှောင်လွဲမရသော မရဏ တရားအား ရင်ဆိုင်နိုင်ရန် သူစိမ်းနှစ်ဦးမှ ကြိုတင်၍ ပြင်ဆင်နိုင်ပါစေ။ သူစိမ်း နှစ်ဦး ရင်းနှီးခဲ့သည်မှာ 37 နှစ်ကြာခဲ့ပြီကော။ ရှေ့ဆက်၍ ရက်ပေါင်းမည်မျှ ရင်းနှီး နိုင်ကြဦးမည်နည်း။ အရင်းနှီးဆုံး သူစိမ်းနှစ်ဦးမှာ.........

မက်မပြေ

Sunday, December 21, 2008
ပင်လယ်ကပြာ
ရေကဆာလို့
ချစ်သူမျက်နှာ
ရွှေရုပ်လွှာလို
ပင်လယ်ရေသောက်
ငတ်မပျောက်သို့
သောက်လေသောက်လေ
ငတ်လို့မပြေ
ချစ်လေချစ်လေ
မက်မပြေဘူး
မက်မပြေဘူးကွယ်...

ကိုဝင်းဇော်ရဲ့ CHALLENGER ကို ဆားချက်ကြည့်ခြင်း

Wednesday, December 10, 2008
ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို စာရေးသူ အနေနဲ့ သဘောကျပါတယ်။ ရေးသားတင်ပြပုံလေး ကောင်းပါတယ်။ စာ ရေးသူ အနေနဲ့ ဒီပို့စ်ကို ရေးသားရခြင်းဟာလည်း ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို သဘောကျလို့ပါ။ ပြီးတော့ စာရေး သူမှ ဒီပို့စ်လေးဖတ်ပြီး စာရေးသူရဲ့ ထင်မြင်မိတဲ့ အတွေးတွေကို ရေးချင်လာတဲ့ စိတ်တစ်ခုထဲပါ။ ( ကိုဝင်းဇော် နားလည် နိုင်ပါစေ။ )

စာရေးသူ အနေနဲ့ အခက်အခဲဆိုတာဟာ စိန်ခေါ်မှုလို့ မမြင်မိဘူး၊ ရင်ဆိုင်ဖြေရှင်းမှုလို့ မြင်မိတယ်။ ဘာလို့လည်းဆို စာ ရေးသူတို့ရဲ့ ဘ၀လမ်း တစ်လျှောက်မှာ မထင်မှတ်တဲ့နေရာ၊ မမျှော်လင့်တဲ့ အခက်အခဲဆိုတာ ကြုံလာတတ်တယ်၊ ကြုံ လာတဲ့ အချိန်မှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်းဆိုတာ ရှိရတယ်၊ ( ဖြေရှင်းနိုင် မဖြေရှင်းနိုင် ဆိုတာကတော့ မိမိရဲ့ ပင်ကိုယ် အရည်အချင်းပဲလို့ စာရေးသူ မြင်မိတယ် )

ကြုံလာတဲ့ အခက်အခဲ မှန်သျှကို စိန်ခေါ်မှု အနေနဲ့ သတ်မှတ်ပြီး ရင်ဆိုင်မယ် ဆိုရင် ပထမဆုံး ဒီအခက်အခဲက ဘာ လည်း ? ငါဖြေရှင်းနိုင်မလား? ကွဲပြားအောင် စဉ်းစားသုံးသပ်ပြီးမှ ငါဖြေရှင်းနိုင်တယ်ဆိုရင် စိန်ခေါ်မှုကို လက်ခံလိုက်။ ဘက်မမျှတဲ့ စိန်ခေါ်မှုဆိုရင် ခံစစ်အနေနဲ့ သုံးသင့်ရင်သုံး၊ လိုအပ်ရင် ခွာစစ်ကိုပါ သုံးရလိမ့်မယ်။ ( ဥပမာ ကိုဝင်းဇော်ရေ မိုက်တိုင်ဆန်ရဲ့ လက်သီးကို ခံနိုင်ဖို့ မလွယ်ဘူးလေ )

တစ်ချို့ အခက်အခဲတွေက ကာယနဲ့သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေ ရှိသလို၊ ဥာဏနဲ့ ယှဉ်ပြိုင်ရတဲ့ စိန်ခေါ်မှု ဆိုတာရှိတယ်။ အဓိက ကတော့ ဘက်ပေါင်းစုံကို ကိုယ့်ဖက်က ပြင်ဆင်မှု အားကောင်းလေ အခက်အခဲကို အောင်မြင်အောင် ဖြေရှင်း နိုင် လေပဲ။ လောကကြီးမှာ စိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်တာ ကောင်းပါတယ်၊ မိုက်မဲမှု တွဲပါလာရင် အန္တရယ် များတယ် ဆိုတာ မမေ့လေနဲ့။

တိုက်စစ်ဆင်တာဟာ လွယ်ပေမယ့်၊ တစ်ဖက်ရဲ့ စိန်ခေါ်မှု အားအရမ်းသာလာရင် ခွာစစ်ကို သုံးတတ်ရမယ်။ ခွာစစ်ကို အ သုံးချတတ်ဖို့ဆိုတာ ခက်ခဲပါတယ် တော်ရုံ အသုံးမပြုတတ်ပါဘူး၊ တိုက်စစ် ဆင်နွှဲရင်း အသေသာခံသွားကြတာ များပါ တယ်။ ဒီလို လူမျိုးဟာ စိန်ခေါ်မှု တစ်ရပ်ကို ကွဲပြားအောင် မသုံးသပ်ပဲ ရင်ဆိုင်ဖြေရှင်း ကြလို့ပဲ။ ထိုလူမျိုးအတွက်တော့ ဘ၀မှာ ဆုံးရှုံးမှု များတတ်ပါတယ်။ ( ကိုဝင်းဇော်ရေ ဘာရယ်မဟုတ်ပါဘူး ထင်တာလေးကို ဆားချက်ကြည့်တာပါ )

ခူးဆွတ်သူနှင့် သီးပွင့်သူ

Saturday, December 6, 2008
တစ်ချိန်တုန်းကပေါ့ ရွာလေးတစ်ရွာရဲ့ လူသွားလမ်းလေး နံဘေးမှာ သင်းပျံ့မွှေးကြိုင်ပြီး အလွန်တရာမှ စားလို့ကောင်းတဲ့ အသီးပင်လေးတစ်ပင် ရှိသတဲ့၊ ဒါပေမယ့် အဲဒီအပင်လေးဟာ သူ့ရဲ့ အသီးတွေကို လူတိုင်းလည်း မမြင်ရဘူး လူတိုင်းကိုလည်း သူက စားခွင့်မပေး ဘူး တဲ့။ ခုထိ သူ့ရဲ့အသီးတွေကို ဘယ်သူမှ မမြင်ဖူး၊ မစားဖူးသေးဘူးတဲ့။

တစ်နေ့မှာ အဲဒီ ရွာလေးကို မိသားစု တစ်စု ပြောင်းလာခဲ့ကြတယ်။ ဒီမိသားစုလေးမှာ အရမ်းချစ်စရာကောင်းတဲ့ ကျောင်းသူလေး အ ရွယ် ကောင်မလေး တစ်ယောက် ပါလာခဲ့တယ်။ ကောင်မလေး နေ့စဉ် တက်ရမယ့် ကျောင်းက အဲဒီ အပင်လေး ပေါက်နေတဲ့ လူသွား လမ်းလေး ကနေ ကျောင်းသွား ကျောင်းပြန် အမြဲ ဖြတ်သွား ဖြတ်လာ လုပ်ရတာပေါ့။ ဒါကို သစ်ပင်လေးက နေ့စဉ်မြင်နေရတယ်။ အဲဒီတော့ သူ့စိတ် ထဲမှာ ဒီကောင်မလေးကိုတော့ သူ့ရဲ့ အသီးလေးတွေကို ပေးစားချင်တဲ့ စိတ်တွေ ပေါ်လာရောတဲ့လေ။

တစ်နေ့ ကောင်မလေး ကျောင်းကအပြန် သစ်ပင်လေးက ကောင်မလေး မြင်သာအောင် သူ့ရဲ့ ရောင်စုံ သစ်သီးလေးတွေကို ကောင်မလေး တွေ့အောင် ပြလိုက်တော့တယ်။ ကောင်မလေးကလည်း မြင်သွားတော့ ၀မ်းသာအားရနဲ့ အရသာရှိတဲ့ အသီးလေးတွေကို ခူးစားတော့တာပေါ့။ သစ်ပင်လေးကလည်း ပြုံးပြုံးလေးနဲ့ ကောင်မလေး စားနေတာကို ကြည့်ပြီး ကြည်နူးနေတာပေါ့။

ကျောင်းဖွင့်တဲ့ ရက်တွေတိုင်း ကောင်မလေးက နေ့စဉ် တစ်နေ့တစ်လုံး ခူးစားလိုက်တာ ကြာလာတော့ ရာသီဥတုဒဏ်၊ အသီးလေးတွေကို သီးပေးရတဲ့ အင်အားနဲ့ သစ်ပင်လေး ခမျာ တော်တော်ပင်ပန်း လာတော့တာပေါ့။ ကောင်မလေးက ဒါတွေကို ဂရုမစိုက်မိပါဘူး၊ သစ်ပင်လေးက အဟာရတွေလိုလာပြီ အသီးတွေကို သီးပေးနိုင်ဖို့ တော်တော်ခက်လာပြီ၊ မရှိရှိတဲ့ အင်အားနဲ့ ကောင်မလေး လာရင်စားနိုင်အောင် တစ်နေ့တစ်လုံး သီးပေးနေတုန်းပါပဲ။

တစ်နေ့ညတော့ အဲဒီရွာလေးဟာ လေမုန်တိုင်းတိုက်ခတ်ပါလေရောတဲ့၊ နဂိုကမှ အားအင်ကုန်ခမ်းနေတဲ့ အပင်လေးဟာ လေမုန်တိုင်းရဲ့ တိုတ်ခတ်မှုဒဏ်ကို မခံနိုင်ရှာတော့ ကောင်မလေး အတွက် အသီးတွေကို မသီးပေးနိုင်တော့ရှာဘူး၊ အချိန်တန်တော့ ကောင်မလေးက ရောက်လာပါလေရော။ အဲဒီ အချိန်မှာ အပင်လေးက အသီးမသီးပေး နိုင်တဲ့အပြင် အကိုင်းအခတ်တွေပါ ကျိုးပြက် နေပြီလေ။ ဒါကို မြင်တော့ ကောင်မလေးက ''အလကား အပင် အသီးလည်း မရှိဘူး'' ငြူစူ ပြီးထွက်သွားပါရောတဲ့။ ဒါကိုလည်းကြားရော အပင်လေးက ၀မ်းနည်းစွာနဲ့ ''သြော်. ကောင်မလေးရယ် ငါမင်းအတွက် အသီးတွေအများကြီး သီးပေးချင်ပါသေးတယ် ခုတော့ငါမတတ်နိုင်တော့လို့ပါ''

ပုံပြင်လေးရဲ့ အဆုံးသတ်မှာ အပင်လေးခမျာ စားသုံးသူ ကောင်မလေးရဲ့ ပြုစုခြင်းလည်း မခံရဘူး၊ အသီးလေးတွေ သီးမပေးနိုင်တော့ ငြူစူခံရတယ်။ အပင်လေး ဘာတွေဖြစ်နေလည်း၊ ဘာတွေလိုအပ်နေလည်းဆိုတာကို ကောင်မလေးက စိတ်မ၀င်စားဘူး၊ သူသိတာက အသီးလေးတွေစားဖို့ပဲ။ အပင်လေးခမျာ ခူးဆွတ်သူရဲ့ အလိုက်မသိမှုကြောင့် သက်တမ်းတိုတောင်းစွာနဲ့ပဲ ................

မိုးပြိုသည့်နှယ်

Tuesday, December 2, 2008
နေ့တနေ့မှာ
အစားမှားတော့
ရွှေဝမ်းတော်က
မိုးပြိုသည့်နှယ်
တားလို့မနိုင်
ဆီးလို့မရ
တဝေါဝေါရယ်
ညာသံပေးလို့
ပြိုဆင်းသည်မှာ
နေ့ပေါင်းသုံးရက်
ဆက်ကာချုံးတော့
ကိုယ်တော်ငါ့မှာ
လမ်းလျှောက်ရန်ကို
အားကမရှိ
ခက်လှပြီလေး.........