စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

Sunday, November 23, 2008
'' မိုင်ဆွန်ခ '' အားလုံးမင်္ဂလာပါ၊ မနေ့ညက 22th, november; 2008 ! ရက်နေ့၊ စင်္ကာပူနိုင်ငံတို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိ နေကြသော ရှမ်း ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်ခြင်း အင်အားဖြင့် မကြာခင် ရောက်ရှိ လာတော့မည့် 07th, december; 2008 ! ရက်နေ့ ရှမ်းလူမျိုးစုများ၏ ရှမ်းသက္ကရာဇ် 2103 နှစ်ပြည့် ပွဲတော်အား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပ ပြီးစီး ခဲ့ပါပြီ၊ ( ပွဲတော်ရက်အား အ ကြောင်း အမျိုးကြောင့် ကြိုတင်၍ ကျင်းပရ ပါ ကြောင်း ) သိရှိရပါသည်။ အ သေးစိတ်အား မပြောကြားလိုတော့ပါ။ ဤပွဲတော်အား စာရေး သူမှ ဧည့်သည်အနေဖြင့်သာ တက်ရောက်ခဲ့ပါသည်။ စာ ရေးသူ အနေဖြင့် ဤပွဲတော်အား ထိုင်ခုံ နံပါတ် J 28 မှ ထိုင်၍ ကြည့်ရှု့ရင်း မြင်ရ ထင်ရ ကြားရ သည်များကို စာဖတ်သူ များအား ပြန်လည် ဝေမျှပေးခြင်း မျှသာ ဖြစ်ပါသည်။

စာရေးသူ ပွဲတော်ကျင်းပသည့် နေရာ ( foochwe building ) တို့ မရှိမဲ့ ရှိမဲ့ အသပြာဖြင့်၊ လားရှိုးသား သူငယ်ချင်း လေးဦး ပေါင်း၍ ငတိုက် (ခ) taxi ဖြင့် အချိန်စော၍ ရောက်ရှိခဲ့ပါသည်။ ရှေးဦးစွာ ဧည့်ကြို ရှမ်းမချောချောလေး၏ '' မိုင် ဆွန်ခ '' နှုတ်ဆက်သံ ချိုချို လေးဖြင့်နားဝင်ပီယံ ဖြစ်ခဲ့ရပါသည်။ စာရေးသူ ငမ်းကြောဆွဲသည့် အကြောင်းတော့ မပြော ပြလိုတော့ပါ အဘယ့်ကြောင့်ဆိုသော် စာရေးသူမှာ အင်မတန် အရှက်အကြောက်ကြီးလှပါသည်။ ( ဤကား စကားချပ် ) ထို့နောက် ရွှေပွဲလာသူ ဧည့်ပရိတ်သတ်များအား ရှမ်းစတိုင် စားစရာ ပါကင်ထုပ်များဖြင့် ဧည့်ခံပါသည်။ စားစရာများမှာ ( ကောက်ညှင်းပေါင်း၊ ငါးပေါင်း၊ နမ့်ဖစ်ထောင်း၊ တိုဟူးကြော်၊ ကြက်အူချောင်း ) စ သည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံသည်မှာ စားလို့ အင်မတန်မှ ကောင်းလွန်းလှပါသည်၊ မည်သူမည်ဝါ ချက်မှန်း မသိ သော် ငြားလည်း အမှတ် ပြည့် ပေးမိပါသည်။ ( ချက်ကြီး မြှောက်မသွားပါနှင့်ဦး )

ဟုတ်ကဲ့... ရွှေပွဲလာ ပရိတ်သတ်များလည်း တဖွဲဖွဲရောက်ရှိလာကြပါလေသည်။ ရှမ်းလူမျိုးများ သာမက စင်္ကာပူရောက် မြန်မာလူမျိုး တော်တော်များများ လာရောက်အားပေး ကြတာကိုလည်း မြင်တွေ့ရပါသည်။ ရှေးဦးစွာ ရွှေပွဲလာ ပရိတ် သတ်များအား နှုတ်ခွန်းဆက် မင်္ဂလာစကား အားပြောကြား၍ ရောက်ရှိလာမည့် ရှမ်းသက္ကရာဇ် 2103 မှသည် ကမ္ဘာ တည် သရွေ့ တည်ပါစေသော် ဆိုသည့်အညီ တောင်းဆု မေတ္တာ ပို့သ၍ ဤရှမ်းနှစ်သစ်ကူး ပွဲတော်အား စတင်၍ ဖွင့်လှစ် ကြောင်း ကြေငြာသံ ဆုံးသည်နှင့် တပြိုင်နက် လက်ခုပ်သံ များသည် ခန်းမကြီး တစ်ခုလုံး ပေါက်ကွဲလုခမှန်း ဟိန်း ဟိန်း နှင့် ထွက်ပေါ်လာသည်မှာ စာရေးသူ အနေနှင့် ကြက်သီးများပင် ထမိလေ သည်။

ပထမဆုံး အစီအစဉ်မှာ ရှမ်းမောင်နှမများ၏ စုပေါင်းနှစ်ကူး မင်္ဂလာသီချင်းဖြင့် ဖျော်ဖြေ၍ အိုးစည်ဗုံမောင်း မြိုင်ဆိုင်စွာနှင့် ဓါးသိုင်းအက ကို တင်ဆက်သွားသည်မှာ အင်မတန်မှ ရှု့စားရသည်မှာ ကောင်းလွန်းလှပါသည်။ ပြီးနောက် အထူး ဧည့် သည် အဖြင့်ဖိတ်ခေါ်ထားသောကွယ်လွန်သူ ( စိုင်းထီးဆိုင် ) ၏ ညီငယ် စိုင်းအောင်ထီးခမ်း မှ အစ်ကို ဖြစ်သူ၏ သီချင်း များကိုသာ ဦးစားပေး၍ ဖျော်ဖြေ တင်ဆက်သွား သည်ကို နားဆင်ရပါသည်၊ ပရိတ်သတ် လက်ခုပ်သံမှာ အားရလွန်း လှ ပါဘိ။( အားပေးနေကြသော ရှမ်းမလေးများမှာလည်း ချောလှပါဘိ ဤကား စကားချပ်။ )

စိုင်းအောင်ထီးခမ်း သီဆိုဖျော်ဖြေမှု အပြီးတွင် ကိုကို ကာလသား ပရိတ်သတ်တို့မှာ မျက်လုံးကြီးတွေ ပြူးလို့ သရေတွေ ကျကာ အားပေး လိုက်ကြသည်မှာ အချိုးအဆစ်ကျသော ခန္ဓာ၊ လှပသော အသားအရေ၊ ရဲတင်းသော ၀တ်စား ဆင် ယင် မှု၊ သွက်လက်သော ကဟန်ဖြင့် '' ဒါလေးများ '' ပိုင်ရှင် တင့်တင့်ထွန်း၏ သီဆိုဖျော်ဖြေမှုမှာ အားရဖွယ်ကောင်းလေစွ၊ ကောင်းလေစွ၊ ( ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်ရှိသည်၊ မပေးပါ ) စိုင်းအောင်ထီးခမ်းမှ စကားပြောနည်းသည်က တစ်ကြောင်း ဤ ပွဲကို မတင့် တော်တော်လေး ထိန်း၍ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။

ရှမ်းမမများ ကသွားသည့် မိုင်းယန်းအကမှာလည်း လက်ခုပ်သံ တော်တော်ညံ သွားပါသည်။ ပြီးနောက် (ဆစ်ဆောင် ပန်း နား ) အကမှာ ပရိတ်သတ် ကင်မရာမီးများ လျှပ်စီးများလို တဖျက်ဖျက်နှင့် အားပေးမှု တော်တော်ရလိုက်ပါသည်။ (လှလည်း တော်တော် လှကြပါသည် ) မတွေ့ရ မမြင်ရ မကြည့်ရတာ ကြာပြီဖြစ်သော တိုးနယား အကမှာလည်းစာရေးသူ ငယ်စဉ်ဘ၀ကို ပြန်လည် အမှတ်ရစေခဲ့ပါသည်။ ( ကခဲ့ဖူးပါသည် )

ထပ်မံပြီး စိုင်းထီးဆိုင်ရဲ့ သီချင်းများကိုသာ အဓိက သီဆိုသွားသော၊ စိုင်းအောင်ထီးခမ်း၏ သီဆိုဖျော်ဖြေမှုမှာလည်းပရိတ် သတ်များ အမိမြေကို လွမ်းကြမည်မှာ မလွဲနိုင်ပါ။ မတင့်၏ ဒုတိယ အကျော့ ဖျော်ဖြေမှုမှာ ဂျင်းဖစ်နှင့် ချက်ပေါ်ဘလောက် ၀တ်စုံ ၀တ်ထားသော စတိုင်နှင့် အကနောက်သို့ ကိုကို ကာလသားများ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။( စာရေးသူ မပါပါ၊ ကြည့်ရုံသာ ကြည့် သည် )


နောက်အစီအစဉ်တွင် မတင့် ရှမ်းမလေး ၀တ်စုံဖြင့် စင်ပေါ်တက်လာသည်မှာ အင်မတန်လှပါသည်၊ စာသားမရသောရှမ်း ပဲ ပုတ်လေး သီချင်းကို ရှမ်းမမတွေနှင့် ကပြ ဖျော်ဖြေသွားသည်မှာလည်း ဘ၀င်ခိုက်စရာပင်၊ ဤသီချင်း အဆုံးတွင်စာရေး သူ နေချင်သေးသော် ငြားလည်း နာရီမှ ခွင့်မပြုတော့၍ အိမ်အပြန်လမ်းသို့ စံမြန်းလို့တာ ခြေလှမ်းလိုက်ရတယ်။

စာရေးသူ ဤရှမ်းပွဲသို့ တက်ရောက်ကြည့်ရှု့ခွင့် ရလို့ စင်္ကာပူမှ ရှမ်းတိုင်းရင်းသား/သူ များအားလုံးနှင့် တကွပါဝင် ကူညီ သော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ စာရေးသူ အကြိုက်ရဆုံးသော အစီအစဉ်များကို ဖော်ပြ လို ပါသည်။

(၁) မိုင်းယန်းအက
(၂) စိုင်းအောင်ထီးခမ်း၏ '' အမေ့ အေးရိပ် သားပြန်ခဲ့ပြီ၊ ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံ ''
(၃) မတင့်၏ အစီအစဉ်များ အားလုံး သီချင်းမပါ အကများသာ
(၄) ဆစ်ဆောင်ပန်းနား
အခြား အစီအစဉ်များလည်း ကောင်းပါသည်။

နောင်နောင်သော နှစ်များတွင်လည်း ဤကဲ့သို့ ဤထက်သို့ ဆထက်ကောင်းမွန်သော အစီအစဉ်များ ဖန်တီးနိုင်ပါစေ၊ live show အခွေများလည်း မကြာသော အချိန်တွင် ရှမ်းတောင်တန်း ( ပင်နီဆူလာ ) ဆိုင်တွင် ၀ယ်ယူ အားပေးနိုင်ပါကြောင်း၊ အားလုံးပဲ မိုင်ဆွန်ခပါ......

2002 မှ လူငယ်လေး တစ်ဦး

Friday, November 21, 2008
20th, november ; 2002 ! မင်္ဂလာဒုံ ( အပြည်ပြည်ဆိုင်ရာ လေဆိပ် ) ပြည်ပ ထွက်ခွာ၊ လူငယ်လေး တစ်ဦး၊ ပျိုမြစ်နုငယ်သော သူ့မျက်နှာ ထက်တွင် ယုံကြည်မှု၊ မျော်လင့်မှု၊ တက်ကြွမှု၊ ခံစားမှု ပေါင်းစုံ ပေါ်လွင်နေသည်။ ထိုလူငယ်လေး၏ လက်ထဲတွင် MAI လက်မှတ်တစ်စောင်၊ PASSPORT စာအုပ် တစ်အုပ်နှင့် မျှော်လင့်ချက် အလင်းတန်းများအား ဆုပ်ကိုင်ထားသည်။

ထိုလူငယ်လေး စီးနင်းလာသော လေယာဉ် ခရီးစဉ်မှာ ( YANGON > SINGAPORE ) ၊ ဤခရီးစဉ်မှာ လူငယ်လေးအတွက် ပထမဆုံးသော လေယာဉ်စီးဖူးခြင်း၊ ပထမဆုံးသော ရေမြေခြား ခရီးစဉ်။ ဤခရီးစဉ် အတွက် လူငယ်လေး ပေးဆပ်ခဲ့ရသော အရင်းအနှီး၊ လူငယ်လေး ရင်ဝယ် ပိုက်ထားသော မျှော်လင့်ချက်၊ ငိုမဲ့မဲ့ မျက်နှာထက်တွင် အားတက်သော အရိပ်အယောင်၊ မျှော်လင့်ချက် မျက်လုံးတစ်စုံနှင့် ဟီးလေးခိုနေသော မျက်ရည်စ၊ ခံစားချက် ပေါင်းစုံဖြင့် လူငယ်လေးတစ်ဦး ချန်ဂီ လေဆိပ်တို့ ပထမ ခြေလှမ်းချမိခဲ့လေပြီ။

အံ့သြသော၊ ထူးဆန်းသော၊ လှုပ်ရှားသော ရင်ခုံသံဖြင့် လူငယ်လေး ခြေလှမ်းများ ထိန်းရင်း၊( SINGAPORE )နိုင်ငံတို့ ယောင်လည်လည်ဖြင့် ခြေချခွင့်ရလေပြီ။ အလုပ်ရှင်မှ လာရောက်ကြိုဆို နေရာချပေးခြင်းဖြင့် လူငယ်လေး နေရာတစ်နေရာ၊အလုပ်အကိုင် တစ်ခုဖြင့်.... ကဲ ( SINGAPORE ) ရေ မင်္ဂလာပါဗျာ။......

အင်မတန်မှ ပျော်ဝင်လွယ်သော ( SINGAPORE ) ရဲ့ ရေစီးကြောင်းကို လူငယ်လေး အချိန်တိုတို အတွင်းတွင် ကျင့်သားရခဲ့ပြီ။ ပျော်မွေ့စရာ မကောင်းသော်လည်း ထိုက်တန်သော ရလာဒ်ဖြင့် လူငယ်လေး လုပ်ငန်းခွင်တွင် ချောမွေ့နေလေပြီ။ နေ့ကို လစား၊ လကို နှစ်စား၊ ကြာလာသည်နှင့်အမျှ ရောင်းရင်းအသစ်၊ ခြေလှမ်းသစ်များဖြင့် လူငယ်လေး ခြေလှမ်းမှားစပြုလာပြီ။ ရင်ခုံသံ မြန်လွန်းသော ( အောချက် ည )၊ လမင်းတစ်ရာ ထွန်းလင်းသာသော ( အယ်ဂျူးနစ် လွင်ပြင် )၊ ငါးမျှား၍ကောင်းသော ( စီးတီးဟော )၊ နတ်မိမယ်များစုံရာ ( ဘီယူပီ )၊ ထိုအချိန်မှစ၍ လူငယ်လေး ရေပြင်တွင် ငါးမျှား၍ လမင်း အလင်းရောင်ကို ခံစားရင်း လှုပ်ရှားသော ရင်ခုံသံဖြင့် နတ်မိမယ် များ၏ ကကြိုးတွင် ငြိတွယ်မိလေပြီ။

နေ့စွဲများ ဟောင်းနွမ်းလာသည်နှင့် အမျှ 2002 မှလူငယ်လေး၏ မျှော်လင့်ချက်သည် အရောင်မှိန် စပြုလာသည်၊ ပျော်ရွှင်မှု၏ နောက်တွင် ကပ်၍ပါလာသော လုပ်ငန်းခွင် တာဝန် ပျက်ကွက်မှုဖြင့် လူငယ်လေး စိတ်ဓါတ် ယိုယွင်း လာခဲ့ပြီ၊ 2002 မှလူငယ်လေး၏ နုငယ် ပျိုမြစ် သော သွင်ပြင်အား ပျော်ရွှင်မှုမှ ၀ါးမျိုခဲ့လေပြီ၊ ကုန်လွန်ခဲ့ပြီးသော အချိန်၊ ပေးဆပ်ခဲ့ရသော အရင်းအနှီး၊ ခွဲခွာခဲ့ရသော မိသားစု အသိုင်းအ၀ိုင်း၊ လူငယ်လေး အသိတရားရ နောက်ကျခဲ့လေပြီ ကြီးစွာသော ဆုံးရှုံးမှုအား လူငယ်လေး ပေးဆပ်ရလေပြီ။

သို့သော်... လူငယ်လေး အချိန်မှီပါသေးသည်၊ ပြုပြင်၍ ရပါသေးသည်၊ 2002 မှ မျှော်လင့်ချက်များ ဆုပ်ကိုင်နိုင်ပါသေးသည်၊ 20th, november; 2008 ! လူငယ်လေးမှ 2009 2010 2011 2012 2013........ လူငယ်လေး ပြင်ဆင်ရန်၊ မျှော်လင့်ချက်များ ပြန်လည်ဆုပ်ကိုင်ရန်၊ အခွင့်အရေးနှင့် အင်အား ကျန်ပါသေးသည်၊ လူငယ်လေး မှားမှန်းသိလျင် ချက်ခြင်းပြင်၍ အမှန်တရားကို ပြန်လည် ဆုပ်ကိုင်ပါ လူငယ်လေးအတွက် အခွင့်အရေးကောင်းများ ရှေ့တွင် စောင့်မျှော်နေပါလိမ့်မည်။

(၁) အမှားများစွာနှင့် အတူ နောင်တနှင့် နေထိုင် သူများကို လူကြီးဟု ခေါ်ပြီး။
(၂) အမှားများစွာနှင့် အတူ ပျော်ရွှင်စွာ နေထိုင် သူများကို လူလတ်ဟု ခေါ်ကာ။
(၃) အမှားများစွာကို ရှာဖွေ၍ မှားရန် ကြိုးစားနေ သူများကိုမူ လူငယ်ဟု ခေါ်သည်။

ဖြစ်လေ့ ဖြစ်ထ၊ မှားလေ့ မှားထ ရှိသော ကျွန်တော်တို့ စင်္ကာပူမှ လူငယ်လေး များအား ရည်ရွယ်၍ ရေးသား ပါသည်။

ကျွန်တော် ရေးသော ဤစာ တစ်စုံတစ်ရာအား အကျိုးပြုခဲ့သည် ရှိသော် ကျွန်တော် ၀မ်းမြောက်ခြင်း ကြီးစွာ ခံစား ရပေလိမ့်မည်။

PS. 20th, november; 2008 သည် စာရေးသူ ( SINGAPORE ) ၌ နေထိုင်ချိန် ( 6 ) နှစ်တင်းတင်း ပြည့်သော ရက်စွဲပင်ဖြစ်သည်။

ကြာလှပြီလေး

Sunday, November 16, 2008
တစ်နေ့သ၌
သတင်းတစ်ပုဒ်
ဂျာနယ်စုတ်တွင်
မထင်ဖတ်မိ
ရယ်ချင်မိသေး
သတင်းထဲတွင်
ဖိလစ်ပင်းသူ
မြှားပစ်သူအား
မြန်ရွှေပြည်မာ
အနိုင်ရတော့
ဟိုးလေးတစ်ကြော်
ပျော်နေကြလို့
ရီရတယ်လေး.....
ကျုပ်တို့မြန်မာ
ခြင်္သေ့ကျွန်းမှာ
ဖိလစ်ပင်းသူ
မယ်ဖြူတို့အား
မြှားပစ်လှံထောက်
ခုန်ဖန်ထောက်တို့
နိုင်ကြသည်မှာ
ကြာလှပြီလေး....

ပန်းပိုင်ရှင်

Saturday, November 15, 2008
ပန်း၏ရနံ့
နမ်းရုံသက်သက်
မပန်တတ်လျှင်
ငါ၏ဥယျာဉ်
ရင်ခွင်ထဲမှ
ယခုပင်လျှင်
အသင်ထွက်သွား
အနားသို့ပင်
မသီနှင့်တော့......

စုန်းမ

Friday, November 14, 2008
ကဝေက၀
မယ်ဝဏ္ဏသူ
မျက်နှာအတု
တပ်ကာညုတော့
မယ်ဥမ္မာလို
ကြူတာတာမို့
ရင်းနှီးမက်ခင်
ချစ်ကျွမ်းဝင်လို့
စလယ်ရယ်ဝင်
ဖင်မမည်းခင်
မျက်ဖုံးကွာကျ
နင့်မျက်နှာက
ခြောက်ကြိုးရိပ်ထင်
စောင်းကြိုးရှင်မို့
ငါ့မျက်တစ်စုံ
လဲခွင့်ကြုံက
ကဝေက၀
စုန်းမနင့်ကို
မျက်ကွယ်ပြုချင်သေး...

တန်ဆောင်တိုင် အိပ်မက်

Wednesday, November 12, 2008
သူငယ်ချင်းတို့ရေ...ဟိုးတစ်ချိန်တစ်ခါ တုန်းကပေါ့၊ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလကို ရောက်ရင် စိုင်းလားရှိုး ဆိုတဲ့ ကောင်ချောလေးက အမြဲတမ်း ချယ်ရီသွေး ဆိုတဲ့ တောင်ကြီးသူ ချောချောလေးဆီကို အမြဲသွားလည် တယ်တဲ့။ သူနဲ့သူမ တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်းတွေပေါ့။

ကောင်လေးက တန်ဆောင်တိုင် ပွဲမတိုင်ခင် သုံးရက်လောက် အလိုမှာအမြဲတမ်း လားရှိုးမြို့ သူ့အိမ်ကနေ တောင်ကြီးကို ခရီးထွက်လာ တတ်တယ်၊ ပွဲတော်မတိုင်ခင် တစ်ရက်ဆိုရင် ကောင်လေးက တောင်ကြီးကို ရောက်ပြီ၊ သူရောက်ရင် အမြဲတမ်း လင်းလင်း တည်းခိုခန်းမှာ တည်းတာ၊ စိုင်းလားရှိုး ရောက်ရင် ချယ်ရီသွေး က အရမ်းပျော်တာတဲ့၊ သူ့အိမ်ကနေ စူပါကပ် စစ်သမီးရောင်လေးနဲ့ ချက်ခြင်းကို ရောက်လာ တော့တာပဲ၊ ခရီးရောက်မဆိုက် ရေတောင်မချိုးရသေးတဲ့ စိုင်းကို ရေပူရေအေး ရေချိုးခန်းကို အရင်လိုက်ပို့ပေးတယ်၊ ရေချိုးပြီးတာနဲ့ စိုင်းရော့ နင်မောင်းဆိုပြီး ဆိုင်ကယ်သော့အပ်တော့တာပဲ၊ တောင်ကြီးမှာက ချမ်းတယ်လေနော် ဆိုင်ကယ်မောင်းသူ ဘယ်လောက်အေးမလည်းဆို၊ ချယ်ရီသွေး အရမ်းလူလည်ကျတယ် သိလား၊ သူကြတော့ အမြဲတမ်း အနောက်ကနေ စီးတယ်၊ စိုင်းရေ ညဈေးတန်းမောင်း စိုင်းကို ညစာကျွေးမယ်၊ အိုကေ မောင်းတာပေါ့.. ညနေစာ စားပြီး ဆိုင်ကယ်တစ်ပတ် လျှောက်စီးပြီး
ချယ်ရီသွေး ကို အိမ်ပြန်ပို့ ပွဲတော်က မစသေးဘူးလေ၊ နက်ဖြန်မှ ပွဲကစမှာ၊ ချယ်ရီသွေးက စိုင်းဆိုင်ကယ်ယူသွား မနက်ကြမှ လာခေါ်....

ခရီးပန်းလို့လား မသိဘူး ညကမောမောနဲ့ အိပ်ပျော်သွားတာ ကောင်တာက လာနှိုးမှပဲ နှိုးတော့တယ်၊ ကမန်းကတန်း မျက်နှာသစ်ပြီး ချယ်ရီဆီကို ပြေးတာပေါ့၊ ဟာ ချယ်ရီသွေး လှလိုက်တာ ဂျင်းဘောင်းဘီ၊ အောစတားရှုး၊ ဆွယ်တာအနွေးထည်၊ ဆွယ်တာဦးထုပ်လေးနဲ့ လှရက်တယ် ကျောလည်လောက်ထိ ရှည်တဲ့ ဆံပင်လေးက ဦးထုပ်လေးရဲ့အောက်ကနေ အပြင်မှာဝဲလို့ပေါ့၊ ငါရင်ခုန်သွားသလိုပဲ ချယ်ရီသွေးရယ်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ညက ချမ်းလိုက်တာ၊ မီးပုံးပျံပွဲက မစသေးတော့ ချယ်ရီသွေးက ကျွန်တော့်ကို ပွဲခင်းဈေးထဲ ခေါ်လာတယ်၊
မုန့်တွေဝယ်စားကြ၊ ကလုံကလုံကြည့်ကြနဲ့ ပျော်နေကြတာ၊ စိုင်းလာ မီးပုံးပျံ လွတ်တော့မယ် သွားရအောင်၊ ဟော် မီးပုံးပျံ တက်သွားလိုက်
ချယ်ရီသွေး ခုန်ပေါက်မြူးထူးနေလိုက်တာ၊ ချယ်ရီရယ် ငါ့စိတ်တွေမရိုးတော့ဘူးဟာ၊ ဒါပေမယ့် ငါနင့်ကို မပြောဘူး စိတ်ချ လုံးဝမပြောဘူး
နင့်ရဲ့ ဖြူစင်တဲ့ သူငယ်ချင်း ဘောင်ကို ငါမကျော်ဘူး၊ ဟဲ့ စိုင်းဘာတွေးနေတာလည်း ဟိုမှာကြည့်စမ်း မီးပုံးပျံ မလှဘူးလား၊ အင်းလှပါတယ်ချယ်ရီရယ်၊ ဒါပေမယ့် ငါနင့်အလှပဲ မြင်နေတာ၊ ခက်ပြီ ချယ်ရီသွေးရယ်၊ ညနက်တော့ စိုင်းရယ် ပြန်မယ်လိုက်ပို့ပေး၊ စိုင်းငါချမ်းတယ် နင့်ကို ငါဖက်ထားမယ်နော်၊ ဆိုင်ကယ်နောက်ကနေ လှမ်းဖက်လာတဲ့ နင့်လက်ကလေးရယ် ငါ့ကျောကို မှီလာတဲ့ နင့်ခေါင်းလေးရယ် ချယ်ရီရေ ငါရူးပြီထင်ရဲ့.....

ဒီလိုနဲ့ ပွဲတော်ကြီးပြီးတော့ ကျွန်တော် ပြန်ရတော့တာပေါ့၊ ကျွန်တော်လားရှိုးပြန်ရောက်ပြီး မကြာဘူး၊ စာတစ်စောင်ရောက်လာတယ်၊ စိုင်းငါတို့ မိသားစု နိုင်ငံခြား အပြီးပြောင်းတော့မယ် ဟိုမှာနေသားကျရင် နင့်ကို ဆက်သွယ်လိုက်ပါ့မယ်။ ဒီစာလေးဟာ ခုထိ ချယ်ရီသွေးရဲ့ နောက်ဆုံးသောစာပဲ၊ ခုဆိုရင် ဆေးပေါင်းလည်း ခခဲ့တာ အကြိမ်များနေပြီ၊ ဘယ်မှာလည်း ဘယ်နေရာမှာလည်း ချယ်ရီသွေးရယ်၊ ငါကိုယ်တိုင်လည်း နင်မရှိတဲ့ တန်ဆောင်တိုင် ခံစားရတာမနိုင်လို့၊ ရပ်ဝေးတစ်နေရာ ရောက်နေတာ ချယ်ရီ နင်သိပါလေစ၊ ပြီးတော့ ငါရခဲ့တဲ့ နောင်တ တစ်ခုက နင့်ကိုငါ........ တယ်လို့၊ မပြောခဲ့ရလို့လား၊ ဘာလား၊ ဒါပေမယ့် ချယ်ရီသွေးရယ် တန်တောင်တိုင်ရောက်ရင် ငါဟာအိပ်မက်ထဲမှာ ရှင်သန်နေရ သလိုပါပဲ၊ တန်ဆောင်တိုင် အိပ်မက်လိုပါပဲ ချယ်ရီသွေးရယ်။

မုန်းလတန်ဆောင် ဒီလက်ဆောင်

Monday, November 10, 2008
ဆေးပေါင်းခတဲ့
ဒီမုန်းလမှာ
နှင်းရည်ပက်ကျဲ
တန်ဆောင်ပွဲ၌
မီးတစ်လုံးပျံ
မျက်တစ်ပေါက်ခ
လွမ်းလှပါဘိလေ...

မျက်မြင်တည့်ထိ
မမြင်ရလည်း
ရုပ်နှင့်အသံ
လွမ်းပြေကြည့်ရန်
စီမံဖန်ဆင်း
ချယ်ရီ land အား
ကျေးဇူးထူးတင်လေ...

မျိုးနှင့်ရိုးရာ
ဤပွဲတော်အား
စဉ်လာမပျက်
ခရီးဆက်ရန်
တောင်ပိုင်းနွယ်ဖွား
တောင်ကြီးသားတို့
မွေခံထိုက်နိုင်စေ...

ရပ်ဝေးမြေခြား
တောင်ပိုင်းသားတို့
ပွဲတော်တန်ဆောင်
မြဲစဉ်ပျော်အောင်
မြောက်ပိုင်းနွယ်ဖွား
လားရှိုးသားမှ
တောင်းဆုမေတ္တာဝေ...

တောင်ပိုင်းသားများ အတွက် လက်ဆောင်ပါ..

နေညိုချိန်

Saturday, November 8, 2008
နေလည်းညိုပြီ
လေလည်းပြိုပြီ
ခြေလှမ်းတစ်စုံ
ဘုံနန်းဆီသို့...

ပိုးစုန်းကြူးလေး နှင့် ကျွန်တော်

Wednesday, November 5, 2008
မှောင်မိုက်လွန်းလှတဲ့ည၊ ကြယ်ရောင်လည်းပျောက်တဲ့ည၊ ပိန်းပိတ်တဲ့မဟူရာည၊ အေးစက်တဲ့ကျွန်တော့်ရဲ့ည၊ အထီးကျန်လွန်းတဲ့ည၊ အဲဒီလို ညပေါင်းများစွာကို ကျွန်တော် ကျင့်သားရနေတာ ကြာပြီ၊ ဖြတ်သန်း ခဲ့ဖူးတာလည်း ကြာပြီ။

တစ်ညမှာတော့ ကျွန်တော့်ရဲ့ အခန်းကျဉ်းလေးထဲမှာ အတွေးပေါင်းများစွာနဲ့ ကျွန်တော် မွန်းကျပ်နေတုန်း၊ ဖွင့်ထားတဲ့ ပြူတင်းပေါက်ရဲ့ အပြင် အဝေးတစ်နေရာကနေ မှိတ်တုတ်မှိတ်တုတ်နဲ့ အလင်းစက်လေးတစ်ခု ဖြည်းညင်းစွာနဲ့ ကျွန်တော့် အခန်းကျဉ်းလေးထဲကို ရောက်လာတယ်၊ အလင်းစက်လေး ကျွန်တော့် မျက်နှာရှေ့မှာ ၀ဲနေတယ်၊ သေချာကြည့်မိတော့မှ ပိုးစုန်းကြူးငယ်လေး တစ်ကောင်၊ မှောင်မည်းနေတဲ့ ကျွန်တော့်ရဲ့ အခန်းလေး ပိုးစုန်းကြူးလေးရဲ့ အလင်းရောင်လေးနဲ့ သူဝဲပျံနေတဲ့ နေရာလေးမှာ ငွေစိမ်းရောင်လေး တဖိတ်ဖိတ်နဲ့ လှလိုက်တာ။

ပိုးလေးက ဟိုပျံလိုက်၊ ဒီပျံလိုက်၊ ကျွန်တော့် ပုခုန်းပေါ် နားလိုက်၊ လက်ခုံလေးပေါ်နားလိုက်နဲ့ မှောင်မည်းတဲ့ အခန်းကျဉ်းလေးမှာ လင်းလက်နေတဲ့ သူ့ရဲ့ အရောင်လေးကို သဘောကျဟန်နဲ့ ပျော်နေလိုက်တာ၊ မောလို့ထင်ပါရဲ့ ကျွန်တော့် ပုခုန်းပေါ်မှာ ခဏနားပြီး ရုတ်ခနဲ ပြူတင်းပေါက်ကနေ ပျံထွက်သွားတော့တယ်၊ ဘယ်ကိုများ ပျံမှာလည်း ပိုးလေးရယ်။

နောက်ညတွေမှာလည်း ပိုးလေးက ရောက်လာတယ်၊ တစ်ခါတစ်လေ ကျွန်တော် ဂစ်တာတီးနေရင် ပိုးလေးက နှိုးစက်နာရီလေးပေါ်မှာ နားလို့ သီချင်းသံ အားပေးနေ သယောင်နဲ့၊ အဲ သီချင်းတောင်မပြီးသေးဘူး ထပျံပါရော၊ ဟိုဖက် ဒီဖက် ဥဒဟို အလင်းတန်းလေးတွေက
ပိုးလေး ပျံသန်းရာ နောက်မှာပေါ့၊ ညပေါင်းတွေ ကြာလာတော့၊ ကျွန်တော် ပိုးလေးကို မျှော်တတ်လာပြီ၊ မှောင်မည်းနေတဲ့ ကျွန်တော့်ရဲ့ အခန်းလေးထဲမှာ ပိုးလေးရဲ့ အလင်းတန်းလေးကို တမ်းတတတ်လာပြီ။

ဒီရက်ပိုင်း ပိုးလေး ဘာဖြစ်လည်းမသိဘူး၊ လာပြန်ရင်လည်း ခဏလေးပဲ ဟိုအရင်လို မြူးထူး ပျံသန်းခြင်းလည်း မရှိတော့ဘူး၊ ခုဆိုရင် ပိုးလေး ပေါ်မလာတာ နှစ်ည သုံးည ရှိနေပြီ၊ နေမကောင်းလို့ပဲလား၊ ဘာတွေများဖြစ်နေလည်း ပိုးလေးရယ်၊ နေမကောင်းရင်လည်း မြန်မြန်နေကောင်းပါစေ၊ ဒီအခန်းကျဉ်းလေးကိုလည်း ပြန်လာပါ၊ ပိုးလေး မရှိရင် ဒီအခန်းလေးမှာ ကျွန်တော် မနေတတ်တော့လို့ပါ၊ ပြန်လာပါနော် အရင်လို လွတ်လွတ်လပ်လပ် ပျံသန်းပါ မြူးထူးပါ၊ ကျွန်တော် အရင်လို ဂစ်တာတီးပြီး သီချင်းဆိုပြမယ်လေနော်၊ ပိုးလေး ၀င်လာနိုင်ဖို့ ကျွန်တော် ပြူတင်းတံခါး အမြဲတမ်း ဖွင့်ထားပါ့မယ်၊ ပြန်လာပါတော့ ပိုးလေးရယ်။

မှုန်ဝါးဝါး

Tuesday, November 4, 2008
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ စတင်တည်ထောင်လာသော တတိယ မြန်မာနိုင်ငံတော်ကြီး မှသည် သီပေါမင်း ပါတော်မူ သွားခဲ့ရသော နိုင်ငံတော်နိဂုံး အဆုံးသတ်ခဲ့ရသော ကာလ အပိုင်းအခြားအား ကြည့်မြင်မိသော် ကျွန်တော့် အမြင်လေးသက်သက် မျှတာ ကျွန်တော် တွေးကြည့်မိတာလေးပါ။

နန်းတော်ကို အပိုင်လည်းရရော ဘုန်းတော်ကို အကြောင်းမဲ့ နန်းတော်သစ် မြို့တော်သစ် တည်ချင်လာကြရော၊ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်လက်နက်၊ နည်းပညာ၊ စီးပွား၊ ပြည်သူတွေရဲ့ အနာဂါတ် ဖန်တီးပေးဖို့ထက် နန်းတော်သစ်ကို ဘုန်းတော်အမြစ် ချခြင်လာကြတယ်။ အဲ မှတ်မှတ်ထင်ထင် ရွှေနန်းကြော့ရှင် အမည်တွင်တဲ့ ဘကြီးတော်မင်း သူ့ရဲ့ နန်းတော်ကြီးဟာ ခမ်းနားချက်ကတော့ ရဟန်းရှင်လူ ပြည်သူတွေက ဘွဲ့တော်နှင်းတယ် ရွှေနန်းကြော့ရှင်တဲ့။ ဘွဲ့တော့ရတယ် နေလို့လည်းကောင်းတယ် ဇိမ်လည်းကျမှာပေါ့၊ အဲ ငွေဘယ်လောက်ကုန်ခဲ့လည်းတော့ မသိ မသိ၊ ဟိုမှာ ကိုလိုနီတွေက အောက်ပြည်ကို ၀ါးနေပြီ။

ရှိသေးတယ်နော် သက်ဦးဆံပိုင် ကိုးဗျ၊ အဟေး မိဖုရားတဲ့ ကိုယ်လုပ်တဲ့ မောင်းမတဲ့ များလိုက်တာ များလိုက်တာ၊ အဲဒီလို များတာကိုက မြန်မာနိုင်ငံရဲ့ အနာဂါတ် အကြောင်းမလှချက်တွေပဲဗျ။ အဲဒီမှာ ဘကြီးတော်က မယ်နုကို ခေါင်ဖုရား မယားအဖြစ် မထားရင် နိုင်ငံတော် အရေး ဇါတ်ခုံနံဘေးက အဖြစ်ရယ် အပျက်ရယ် ဒီလိုလည်း ဖြစ်မလာနိုင်ဘူးရယ်ဗျ။ မယ်နု သမီး ဆင်ဖြူမရှင် ဟာ နိုင်ငံတော် ရဲ့ အဆိုးဝါးဆုံးသော ပြစ်မှုကို ကျူးလွန်တာပဲလေ၊ မယ်နုကို သာယာဝတီမင်း ရေချကတည်းက ဆင်ဖြူမရှင် ပါမသွားတာဆိုးလှတယ်ဗျ၊ ကဲဗျာ အသုံးလုံးဝမကျတဲ့ ပုဂံမင်း ဆိုးဝါးပါတယ်၊ ကုလားကို မြို့ဝန်ခံ့ အမှားရယ်က နာလှချည်ရဲ့ ကုလားရယ်ကလေ ထင်တိုင်းကြဲ မြင်တိုင်းဆွဲတော့တာပေါ့၊ မောင်ပိန်တပည့် ငတိကမခေ ရွှေနန်းရယ် အ၀မှာ ဖျက်လို့ ဦးပိန်တဲ့ ဒီတံတား ဆောက်တာတော့ ကောင်းတာပေါ့နော်၊ ဘကြီးတော်နန်း ငွေကုန်ပေမယ့် ဘာကျန်ခဲ့လည်း တံတားတော့ ခုထိရှိသေးတယ်။

ပုဂံကို နန်းချ မင်းတုန်းကို နန်းပေါ်တင်၊ ကနောင်နဲ့ မင်းတုန်း ဇါတ်ခုံပေါ်မှာတော့၊ မင်းတုန်းရယ် မယားများလှတယ်၊ နန်းတော်သစ်က တည်ပြန်ပြီလေ၊ မန္တလေးပေါ့၊ ပိုက်ပိုက်တွေ မနည်းဘူးနော် ကုန်မှာ၊ ကနောင်မှာ အရည်အချင်း ရှိပါရက်နဲ့ စစ်ရေးနဲ့ သာသနာရေးကို ရောထွေးတဲ့ နောင်တော် မင်းတုန်းကြောင့်၊ အနာဂါတ်အရေး စစ်မက်ရေးမှာ ကိုယ်တိုင် စမ်းသပ် ထုတ်လုပ်မယ့် လက်နက်စီမံကိန်း ပျက်စီးရယ်ချုပ်ငြိမ်းတယ်ပေါ့။ မယားများတော့ သားတော်များတဲ့ မင်းတုန်း၊ ကနောင်အိမ်ရှေ့ ခပ်စွေ့စွေ့ပေါ့၊ မင်းတုန်းသေရင် ကနောင် ဘုရင်ပေါ့၊ ဘယ်ကျေနပ်မလည်း မင်းတုန်းသား မြင်ကွန်းကလည်း ဘုရင်ဖြစ်ချင်တော့၊ ကနောင်ကို လန်ကျုတ် လုပ်ကြံတာပေါ့၊ ကနောင်သေပေမယ့်၊ မြင်ကွန်းခုံတိုင် အရေးအခင်း အောင်မြင်လား၊ အောင်မြင်ဘူးရယ်နော်။

ကိုယ်တော် မင်းတုန်း နတ်ရွာပြည်သာ လည်လည်သွားဖို့ အားပြုတုန်းမှာ၊ ဆင်ဖြူရယ်မရှင်က လွတ်တော်ဝန်မင်း အကြီးတွေခေါ် မင်းသားတွေဖမ်း လူသတ်ခန်းကို ရက်ရက်စက်စက် သတ်ကာဖြတ်လို့၊ သီပေါဘုရင် ရုပ်သေးရှင်အား အဟေး... နန်းတင်လိုက်တော့၊ ကုန်ပြီပေါ့ ကုန်ပြီ။

ကျိန်စာများ

Saturday, November 1, 2008
ငိုညည်းသံတွေ၊ သားကွဲမယားကွဲ၊ ဆွေကွဲမျိုးကွဲ၊ လူသူပေါင်းမြောက်များစွာရဲ့ အသက်ကို သေကြေပျက်စီးစေမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ဒုတိယ စစ်ပွဲကြီးကို စတင်မီးမွှေးသူ ဖက်ဆစ်အာဏာရှင် ဂျာမန် ဟစ်တလာ၊ အဆုံးသတ် နိဂုံးမလှစေခဲ့သော ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ ကျိန်စာကို နောက်ဆုံး ရင်နင့်စဖွယ်ခံစားခဲ့ရသော တစ်ချိန်က ဟီရိုရှီးမား နှင့် နာကာဆာကိ ရဲ့ပုံရိပ်တွေ ငိုညည်းသံတွေ...............

1945 ခုနှစ် ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်း 63 နှစ်၊ 1945 သြဂုတ်လ 6 ရက်နေ့ တနင်္လာနေ့ မနက်ပိုင်း၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား
မြို့ရဲ့ကောင်းကင်ယံ ထက်မှာ တိမ်ဆိုင်တိမ်လိတ်တွေ မြေပြင်ထက်က စစ်ပွဲဒဏ်ကို အလိုမကျဟန်နဲ့ အုံ့ဆိုင်းလို့နေတာ၊ မြို့သူမြို့သား တွေကလည်း ကြာညောင်းလှတဲ့ စစ်ပွဲရဲ့ ဒဏ်ကို အပြင်းအထန်ခံစား ထားရသည်မို့ ညိုးငယ်တဲ့ ရပ်တည်မှုတွေနဲ့၊ မကြာခင် ရောက်ရှိလာမယ့် ကျိန်စာကို ကြိုတင်မမြင်ထားကြဘူး၊ တစ်နေ့တာ စစ်အတွင်း ၀မ်းရေးအတွက်ကို ကြံဖန်စဉ်မှာပဲ၊ LITTLE BOY လူငယ်လေးဟာ သူတို့တွေရဲ့ အထက်တိမ်လွှာ အပေါ်မှာ ရောက်နေတာကို မသိရှာဘူး၊ လူငယ်လေးက နေရာရှာတွေ့ပြီ၊ ခလုတ်နှိပ်လိုက်ပြီ နျူ တစ်လုံးထဲ၊ ဟီရိုရှီးမား မြို့သားတွေ ဘာလည်းပေါ့ အတွေးမဆုံးလိုက်ရပါဘူး၊ မီးခိုးလုံးတွေ ဖုံးလွှမ်းသွားတယ်၊ ပြင်းထန်တဲ့ ပေါက်ကွဲမှုအောက်မှာ လူငယ်လေး နှုတ်ယူသွားတဲ့ ၀ိဥာဉ်ပေါင်းက 1,40,000 တစ်သိန်းလေးသောင်း ဂျပန် ကြမ္မာငင်တာပါ။

1945 သြဂုတ်လ 9 ရက်နေ့ ထိုနည်းတူ နာကာဆာကီ ကောင်းကင်ယံထက် BIG BOY လူဝကြီး၊ ရောက်လာပြန်တော့တယ်၊ လူဝကြီးရဲ့ လက်ညိုးတကွေးဟာလည်း ၀ိဥာဉ် 80,000 ရှစ်သောင်း ပါသွားတယ်။ ဂျပန်တွေ သွေးဆာတဲ့ ဖက်စစ် ခေါင်းဆောင်တွေ၊ သွေးပျက်တဲ့ ပွဲပါပဲ။

1945 မေလ 7 ရက်နေ့မှာ စစ်မီးမွှေးသူ ဂျာမန်တွေဟာ ဖက်ဆစ်ရဲ့ စနစ်ဆိုးကို ဖက်တွယ်ပြီး အရှုံးပေးခဲ့ ပြီးပါပြီ။ ခေါင်းမာသူ ဖက်ဆစ် ငပုတွေလည်း အမေရိကန်ရဲ့ LITTLE BOY နဲ့ BIG BOY ရဲ့ အပြီးသတ် ချေမှုန်းခြင်းတာ မခံရလျင် ? ?

1945 သြဂုတ်လ 15 ရက်နေ့ ငပုတွေ ကမ္ဘာမြေကြီးကို ဒူးထောက်လိုက်တဲ့ သတင်း၊ သတင်းကောင်းပေမယ့် အပြစ်မဲ့တဲ့ သက်ရင်းပေါင်းများစွာ သားစဉ်မြေးဆက်၊ နျူရဲ့ ဒဏ်ကို ခံသွားကြရရှာတယ်။

ဒီအဖြစ်အပျက်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း 63 နှစ်က နျူ ရဲ့အစလေးပါ၊ ခု 20 ရာစု နှောင်းပိုင်းရဲ့ နျူ ပိုင်ဆိုင်မှုနဲ့ ခလုတ်လေးတွေဟာ၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ဘယ်လိုများ.......................