အရင်က ပန်းချီကား

Thursday, April 30, 2009
ည....ပိန်းပိတ်လို့
မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်

စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား

ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်


ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်


အလွမ်းသင့်ရာ

Saturday, April 25, 2009
စိမ်းရေပြာ ချောင်းငယ်နံဘေးဆီက
အနားသတ် မြက်ခင်းစိမ်းလေးတွေ
ဖြူလွှလွှ ချယ်ရီပင်ပျိုအောက်
ချစ်သူနှစ်ဦးရယ်လေ

ဟော.......ကြည့်ပါဦး
စမ်းရေလည်းခမ်း
ပန်းတွေလည်းနွမ်း
အသည်းတွေလည်း ကျွမ်းလို့

နှောင်းတစ်မြည့်မြည့်နဲ့
ဟောင်း....ဟိုအတိတ်ဆီက
တမ်းတတယ်ဆိုပေမယ့်
ဆန်းသစ်ကယ် မရတော့တာမို့

အလွမ်းသင့်ရာကိုပဲ မျောချလိုက်တော့မယ်

ပွင့်စေချင်သေး

Thursday, April 23, 2009
ပင်လုံးကြိုင် လှိုင်ခဲ့သည့်ပန်း

သွေ့ခြောက်ကာ တစ်ခါနွမ်းပြန်ပေါ့

နှောင်နှစ်ခါ အတာကူးရင်ဖြင့်

ချစ်ဦးသူ ဆံကေသာထက်ဝယ်

တစ်ခိုင်နှစ်ခိုင် သင်းပြိုင်မွှေးစေဖို့

ပန်ပေးချင် ဒီမောင့်အသည်းမှာလ

နှောင်နှစ်သင်္ကြန် ချိန်ပြန်ရောက်ရင်ဖြင့်

ပင်လုံးလှိုင် ကြိုင်ကြိုင်သင်းအောင်

ပွင့်စေချင်သေး


ပင်လုံးကြိုင်

Wednesday, April 8, 2009
မြရည်ရွက်စိမ်းတွေ ကြားက

ရွှေအိုရောင် ဖူးစုံငယ်လေးတွေ

ပုလဲပွင့်ထွေခင်း ရှပ်တိုက်ပြေးရုံနဲ့

မြသားကို ရွှေပုဝါလွှမ်းလို့

ပင်လုံးလှိုင် ကြိုင်ပါရော့လား.......!

ရွှေဝါပိတောက်

Saturday, April 4, 2009
သင်းထုံအီမွှေး
ဆင်းရောင်ခြည်သွေး
ဝင့်ကာမြူထွေး
နေခြည်ပိတောက်
ရွှေရည်ဖောက်လို့

မိုးတစ်စက်ဖြန်း
ပွင့်သောပန်းများ
တာကူးချိန်မှာ
မယ်မြူးစေဖို့
ပျိုပျိုတို့ရေ

အခါမလင့်
ချိန်ခါသင့်လို့
ရွှေဝါပိတောက်
သင်္ကြန်ရောက်အောင်
အကြိုတော်ရယ်.....ထောက်ခဲ့လေပြီ