ရောင်းရန်မဟုတ်

Friday, April 30, 2010
အိပ်မက်ဆန်သော ပြခန်း
ခဏတာ ၀င်ရောက်ခဲ့
သူ့အလှ၊ သူ့ရနံ့
သူ၏ မှော်ဆန်သော ကချက်မှာ
စီးမျှောနေရင်း
စိတ္တဇည အမှောင်ကြားမှာ
လျှပ်ရောင်က ဖြက်ခနဲ
ရောင်းရန်မဟုတ် စာတမ်းထိုးထားသည်။

ဘာကြောင့်လည်း ဘာအတွက်လည်း ဘယ်သူလည်း

Friday, April 16, 2010
သင်္ကြန်နှင့်ပိတောက်သည် အတူတူ လက်တွဲကာ နေလာခဲ့သည်မှာ ကြလှပြီ။ အုန်းမောင်းခေါက်လျှင် အာရုဏ်တောက်တယ် ၊ ပိ တောက်ပွင့်လျှင် သင်္ကြန်ရောက်ရတယ်။ ပထမ မြန်မာနိုင်ငံတော် တည်ခဲ့တဲ့ ရှင်နော်ရထာ ခေတ်က စတယ်ဆိုတဲ့ ရေပက်ကစားတဲ့ အ တာ သင်္ကြန်၊ ရှိရင်းစွဲ အရွယ်နဲ့ သက်ဆိုင်တဲ့ အမှုကို မြန်မာ ပြည်သူပြည်သားဖြစ်တဲ့ တိုင်းရင်းသား အပေါင်း အားလုံးက လိုက်ဖက်တဲ့ အမှုနဲ့ လိုက်ဖက်တဲ့ အရွယ် ပြုမူဆောင်ရွက်ကြတယ်။

ဖိုးဖွားတွေက ဥပုဒ်သီလ ယူကြတယ်။ ဖေပျို မေပျိုတွေက လှူဒါန်းခြင်းအမှုကို ပြုကြတယ်။ သားငယ်မယ်ပျိုတွေက ရေပက်ကစား ခြင်း အမှုကို ပြုကြတယ်။ အခုလက်ရှိ သက်ရှိထင်ရှား နေကြတဲ့ မြန်မာပြည်သား မှန်ရင် သူ့အရွယ်နဲ့သူ သင်္ကြန်တန်ခူးကို ဖြတ်သန်းခဲ့ ဖူးတဲ့ သူတွေကြီးပဲ။ ဒီတော့ကာ အားလုံးဟာ သင်္ကြန်အနှစ် သင်္ကြန်အဖြစ်ကို ချစ်ခင်မှာပဲ ပျော်ရွှင်မှာပဲ။

သင်္ကြန်ဆိုတာကို ပိုရင်ခုန်တာက တက်သစ်စ လူငယ်လေးတွေပဲ။ သူတို့လေးတွေဟာ အနာဂတ် အရမ်းလှကြတယ်။ အရာရာကို စူးစမ်းတယ် ရှာဖွေတယ်။ ပျော်ရွှင်တယ် တက်ကြွတယ်။ နုငယ်တယ် အားမာန်ပြည့်တယ်။ သူတို့တွေဟာ နှောင်တစ်ချိန်မှာ ပြည်နယ်နဲ့ တိုင်းကို ကာလာခြယ်မယ့် ရွှေလက်ရာလေးတွေပါ။

သူတို့လေးတွေဟာ လွတ်လပ်ပျော်ရွှင်ခြင်း ဆိုတဲ့ စည်းဝိုင်းထဲကနေ အတာကျမှာကို မျှော်ဦးနေကြတယ်။ ဧပရယ်ကို မတ်ခ်ျ မှာက တည်းက ရင်ခုန်နေတယ်။ ပိတောက်ကို တက်ချိုးချင်တဲ့မောင်ရင်တွေရယ် ပိတောက်ကို ပန်ဆင်ချင်တဲ့ မေပျိုတွေရယ်။ သူ့ရသနဲ့သူ အားမာန်တွေနဲ့ ချိုမြိန်နေကြတယ်။ သူတို့တွေဟာ ဂဏန်းပေါင်းစက်လည်း မသိဘူး။ ထိုင်ခုံလည်း မရှိဘူး။ လွတ်လပ်တယ် ပေါ့ပါးတယ်။

သံစဉ်တွေ မြူးတယ်။ သူတို့လေးတွေလည်း မြူးတယ်။ အသက်ကြီးသွားတဲ့ လူတွေလည်း မြူးခဲ့ဖူးတယ်။ ကန်တော်ကြီးမှာလည်း မြူးနေတယ်။ X2O လည်း မြူးနေတယ်။ ပြောင်းပြန်ဖြစ်ခဲ့တယ်။ ပြန်ပြောင်းလို့လည်း မရတော့ဘူး။ ရက်စွဲကတော့ 15 ရက် ဆည်းဆာ တောင် မရောက်တတ်သေးဘူး။ ပျော်သူတွေ ငိုခဲ့တယ်။ နောက်ဆက်တွဲမှာလည်း ငိုနေကြတယ်။ ပိတောက်အိုတွေလည်း ငိုနေကြတယ်။ ပိတောက်ပျိုတွေလည်း ငိုနေကြတယ်။

မြန်မာနိုင်ငံသား ကြီးငယ်မဟူ ရင်ခုန်သံတွေ ထပ်တူကြတဲ့ သင်္ကြန်ရက်မြတ်ပါ။ ရင်ခုန်သံတွေ ထပ်တူကြတဲ့ ဆွေမျိုးဥာဏတွေကြီးပဲ။အတွေးတစ်ခုနဲ့ မေးခွန်းတစ်ခုကို တွေးကြည့်တယ် မေးကြည့်တယ်။ ဘာကြောင့်လည်း ဘာအတွက်လည်း ? ဘ၀ခြားခဲ့တဲ့ သူတွေလည်းသိချင်နေမှာပဲ။ ဘာကြောင့်လည်း ဘာအတွက်လည်း ဘယ်သူလည်း ဆိုတာကို...........





သြော်... သင်္ကြန် သင်္ကြန်

Wednesday, April 14, 2010
လေတွေငြိမ်နေသည်။ ကျောင်းဝင်းအတွင်းရှိ ပိတောက်ပင်အိုကြီးပင် တုတ်တုတ်မျှ မလှုပ်။ ပိတောက်ပန်းတွေလည်း တည်ငြိမ်လွန်းလှသည်။ပတ်ဝန်းကျင်ရှိ အရာရာအားလုံးကပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြလေသည်။ အရာရာအားလုံး တည်ငြိမ်နေသလောက် ကျောင်းဝင်း အတွင်းရှိ စင်္ကြန်လမ်းတွင် စင်္ကြန်လျှောက်နေသော ဆရာလေး ဥာဏစာရီ တစ်ဦးတွင်မူ အပြင်ပန်း တည်ငြိမ်နေသယောင် စိတ်အလျဉ်တွင် ကား အဝေးမှ ခပ်သဲ့သဲ့ ကြားနေရသော တူးပို့သံနှင့်အတူ စိတ်အစဉ်မှာ ဖမ်းဆုပ်ရ ခက်ခဲနေဟန်ရှိလေသည်။

စင်္ကြန်လျှောက်နေရင်း ဆရာလေး ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားလေသည်။ သူ၏ စိတ်အစဉ်အား ကျန်ခဲ့သော အရင်နှစ် သင်္ကြန်ဆီ သို့ လွတ်လိုက်ပြီထင့်။ .........................

ကောင်မလေး ကိုယ်လုံးပေါ်မှန်ရှေ့တွင် ပြင်ပြီးသား အလှအား ကြည့်မ၀နိုင်သယောင် ဘယ်ညာ၊ရှေ့နောက်၊ အပေါ်အောက် ထပ်ခါထပ်ခါ ကြည့်နေသည်။ ပြုံး၍ကြည့်လိုက်၊ မဲ့၍ကြည့်လိုက် ခဏခဏကြည့်နေသည်။ ဟုတ်တော့ ဟုတ်ပါသည်။ ကောင်မလေး ဒီနှစ် ဆယ်တန်း ဖြေပြီး နောက်ပိုင်း တော်တော်လေးကို လှလာသည်။ ယခုပင် ကြည့်ပါဦး ၀တ်ထားသော ဂျင်းဘောင်းဘီ ကွာတား၊ တီရှပ်အ၀ါ လက်တိုနှင့် မတိုမရှည် ဆံပင်အား ကျစ်ဆံမြီး နှစ်ဖက်ခွ ကျစ်၍ နုငယ်သော အလှနှင့် ၀င်းဖန့်ဖန့် အသားအရေတို့မှာ ပွင့်ခါနီးပန်း အဖူးအငုံ ဘ၀ကို စွန့်လွတ်တော့မည့် ပန်းအလှနှယ် ရှိနေတော့သည်။

နောက်ဆုံးအကြည့်ကို မှန်ထက်ဆီသို့ ပို့လိုက်ရင်း ရေဖလားလေးကို လက်မှ ကိုင်ကာ အိမ်အောက်ဆီသို့ အပြေးတစ်ပိုင်း ဆင်းလာ တော့သည်။ တိုက်အောက်ရှိ ရေကစား မဏ္ဍပ်အသေးစား၌ တူးပို့တူးပို့ သီချင်းသံကပင် သူမ၏ ဟန်ပန်အား ပို၍မြူးကြွ စေလေတော့ သည်။

ကောင်မလေး သူ့အုပ်စုနှင့် ရေကစားရန် အကိုများမှ ဆောက်လုပ်ပေးထားသော အုန်းလက် ရေကစားမဏ္ဍပ်သေးသေးလေးတွင် သူ့အပေါင်းအဖေါ် လူကြီးမဟုတ်၊ ကလေးမဟုတ်သော ကောင်လေး၊ ကောင်မလေးများနှင့် မျောက်မူးလဲ အရွယ် ချာတိတ်များပင် စုံလင်စွာ ရေကစားရန် ရောက်ရှိနေကြလေပြီ။

.ဟာ.......... ပက်ကြလေ၊ လောင်းပါတော့လား၊ ဟိုမှာလည်း လာနေပြီ မလွတ်စေနဲ့ဟေ့.... အုပ်စုကို သူကိုယ်တိုင်အော် သူကိုယ်တိုင် ရေဖလားနှင့် ပြေးပြေးလောင်းနေတော့သည်။ ဟာ..... ဟေ့ကောင်တွေ မြန်မြန်ပက်ကြဟေ့........ ခွက်စုက်လေးနဲ့ ရေပက်တယ် စိတ်မ ဆိုးပါနဲ့ ဦးဦးရယ်...... ဟေဟေး...... ကလေးဗိုလ် ကောင်မလေး အရမ်းပင် ပျော်ရွှင်နေပုံရသည်။ မဏ္ဍပ်အတွင်းပိုင်း စည်ပိုင်း ပြက်၏ နောက်ကွယ်တွင် လက်နက်ပုန်း ဒန်အိုးမဲ တစ်လုံးရှိနေသေးသည်။

ရွယ်တူနှင့် ကလေးများကို ရေလောင်းလိုက် အိုးမဲသုတ်လိုက်နှင့် ပွဲက တော်တော်စည်နေလေပြီ။ ထိုခဏ မဏ္ဍပ်ဘေးရှိ အုတ်ခုံလေး၌ လူရွယ်တစ်ဦး ၄င်းတို့အုပ်စုအား ကြည့်နေရင်း အပျော်ကူးစက်သည်ထင်အံ့ ပြုံးပြုံးလေးနှင့်ပင် ထိုင်ကာ ကြည့်နေတော့သည်။ မကြာမှီ သူသည် ကံဆိုးမိုးမှောင်ကျမည်ကို မသိထင်ပါ့ ။

ကောင်မလေး ဘယ်လက်၌ ရေဖလား၊ ညာလက်တွင် အိုးမဲ မဏ္ဍပ်နောက်မှပတ်၍ ထိုလူ့ဆီလာနေသည်ကို ထိုလူသည် လုံးဝ သတိမ ထားမိပေ။ ကောင်မလေး လက်က မြန်ပါ့ ဘယ်လက်မှ ရေအလောင်း ညာလက်မှ အိုးမဲ အသုတ် ကွတ်တိပင် ကျလေတော့သည်။ တစ်ပြိုင်နက် ကောင်မလေး ဗျူဟာကျကျ ခွာစစ်က မြန်လှသည်။ ထိုသူသည် မအီမသာ မျက်နှာဖြင့်ကျန်ရစ်ခဲ့တော့သည်။

တခဏ ကောင်မလေးသည် ဖြစ်ပြီးခဲ့သော ကိစ္စအား မေ့ပျောက်သွားပြီထင်ပါ့။ လမ်းသွားသူများအား အုပ်စုလိုက် ရေလောင်းခြင်း အမှု ကို ပျော်ရွှင်စွာ အော်ဟစ်ကာ ကစားနေတော့သည်။ ရေပက်လိုက် အနောက်ဖက်ရှိ အိုးမဲ ပြေးယူလိုက်ဖြင့် ခုန်ပေါက်နေလေတော့ သည်။ ကောင်မလေး မကြာမှီ သူမ ကံဆိုးမိုးမှောင်ကျမည်ကို ကြိုတင်၍ မသိခဲ့ရှာပေ။

တစ်ချက် ကောင်မလေး အိုးမဲ လာအယူ ထိုသူသည် အသင့်စောင့်နေသည်။ ကောင်မလေး မှင်သက်သွားသည်။ ထိုသူသည်လည်း မြန်ဆန်လွန်းလှသည်။ မင်းလားကွ စောစောက ငါ့ကို အိုးမဲသုတ်တာ ပါးစပ်ကလည်း အပြော၊ လူကလည်း ကောင်မလေး ပါးပြင် ဖောင်းဖောင်းလေးကို နမ်းမိရက်သား ဖြစ်နေတော့သည်။ ကောင်မလေး အံ့သြသွားသည်။ နောက် မျက်နှာလေး နီရောင်ပြေးလေသည်။ နောက် ဟာကွာ... ဟု ညည်းလေသည်။ နောက် ကောင်မလေး ရှက်ပြုံးလေးဖြင့် ထွက်ပြေးသွားလေသည်။

ဆရာလေး ဥာဏစာရီ မိမိပါးပြင်အား ကိုင်၍ ပြုံးနေလေသည်။ ဟဲ့ဆရာလေး မတ်တတ်ကြီး ပြုံးနေပါလား သတိကပ်စမ်း ... ဖွားသီလ ရှင် သတိပေးမှ သတိပြန်ရကာ ဆရာလေး ဥာဏစာရီ တစ်ဦး ခပ်ပြုံးပြုံးနှင့်ပင် လက်တွင်းမှ စိပ်ပုတီးအား ချောက်ဂျက် ချေက်ဂျက်ဖြင့် ပုတီး တစ်လုံးကျ မုန့်လုံးရေပေါ် တစ်လုံးရ အမှတ်ဖြင့် ထိုနေရာမှ ထွက်ခွာသွားလေသည်။ သြော်...... သင်္ကြန်.... သင်္ကြန်.....

အလွမ်းပန်း

Saturday, April 10, 2010
အတာက ကူးပြန်လေပြီ။ ပြီးခဲ့တဲ့ တန်ခူးလဟာ အငွေ့တောင် မသေတတ်သေးတဲ့ အရိပ်အယောင်နဲ့ နွေးရှရှ ရှိနေတုန်းလေ။မပြောင်းလဲတတ်တဲ့ သဘောနဲ့ အိုက်စပ်စပ် ရာသီကို မိုးရိပ်တွေ ဆင်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးက ခဏသာ ရင်ကို အေးမြစေခဲ့ တာတော့ အမှန်ပဲ။

ဒါပေမယ့် အတိတ်ဆိုတာ တစ်ကယ်ဖြစ်ခဲ့တာလေ။ အများနဲ့ သက်ဆိုင်တဲ့ ပိတောက် အချိန်မှန်စွာနဲ့ သူဟာသူ ပွင့်တာပါ။ ဒါကို အတ္တကြီးစွာနဲ့ ငါဟာ မပွင့်ပါနဲ့ မပွင့်ပါနဲ့လို့ တားဆီးချင်ပေမယ့် မိုက်ရူးရဲတဲ့ အတွေးကို ငါမောင်းထုတ်ခဲ့ရတယ်။ တစ်ကယ်ဆိုရင် အတာကူး တဲ့ လတန်ခူးနဲ့ ရေပက်ကစားကြတဲ့ သင်္ကြန်၊ ပိတောက်ပွင့်တဲ့ ရက်အပိုင်းအခြား တစ်ထပ်ထဲ ကျခဲ့တာ ခုမှ မဟုတ်တာ။ သူ့ရပ်တည်မှုနဲ့သူ နေလာခဲ့တာ ကြာပြီလေ။ တစ်ကယ်တမ်း ရပ်တည်မှု မှားခဲ့တာ ငါပါ။

ဒီလို ရက်ပိုင်းမှာ တွေ့ကြတဲ့ တွေ့ဆုံမှုဆိုတာ မိုးပြေးလေး တစ်ချက်လို ခဏတာပဲ ဆုံတွေ့ရမယ့် ဆုံမှတ်ဆိုတာကို ငါသတိမ ထားမိခဲ့ဘူး။ အမြဲတမ်းရမယ့် ပျော်ရွှင်မှုလို့ ထင်မှတ် စွဲလမ်းခဲ့ရတယ်။ ပိတောက်ကိုလည်း ပုံစံ အမျိုးမျိုးနဲ့ စာဖွဲ့ခဲ့တယ်။ ရေစိုသင်္ကြန်ကို လည်း စာတစ်တန် ပေတစ်တန် သီကုံးခဲ့ဖူးတယ်။ ခုတော့လည်း နွမ်းခဲ့ဖူးတဲ့ ပန်းပိတောက်ဟာ နောက်တစ်ခါ ပြန်လို့ပွင့်လန်းတော့မယ် ဒါပေမယ့် ... ဒဏ်ရာဒဏ်ချက်နဲ့ ရင်ဘတ် တစ်ခုက ပွင့်လန်းတော့မယ့် ပိတောက်ပန်း အသစ်ကို နာမ်စား အသစ်တစ်ခုနဲ့.....

ဟောင်းလို့ နွမ်းခဲ့တဲ့
ပိတောက်ပန်း
မိုးပြေးလေး တစ်ချက်နမ်းရုံနဲ့
ပြန်လို့ လန်းဆန်းလာခဲ့ပြီ


ရနံ့အသစ်ဆိုပေမယ့်
ခုပွင့်တဲ့ ပန်းတစ်ပွင့်က
ဒဏ်ရာမကျက်သေးတဲ့
ရင်ဘတ်တစ်စုံကနေ

ပိတောက်ဆိုတဲ့ ပန်းကို နာမ်စားပြောင်းပေးလို့ ရခဲ့ရင် အလွမ်းပန်းလို့ ငါပေးခဲ့ပါရစေ။

ဆန်ပြုတ် တစ်ခွက်

Tuesday, April 6, 2010
အား........ ညကလည်း အရမ်းအေးတာပဲ။ မှောင်လိုက်တာလည်း အရမ်းပဲ အပြင်မှာဆို တော်တော်အေးမှာ။ ခုတောင် စာကျက်နေတာ စားပွဲ အ၀ိုင်းနဲ့ မောင်နှမ သုံးယောက် ကိုယ်စီ အနွေးထည် မနိုင်လို့ စောင်ပတ်ပြီး စာကျက်နေရတယ်။ အငယ်သုံးယောက်တော့ အိပ်နေပြီ။ ဖေဖေနဲ့ မေမေက တဲအိမ်လေးရဲ့ အလယ်မှာ မီးဖိုရင်း စကားပြောနေကြတယ်။

ထရံကာဆိုတော့ တိုးဝင်လာတဲ့ လေကလည်း အေးလိုက်တာနော်။ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက ယဲ့ယဲ့။ စာကျက်ပျင်းတဲ့ ကျနော် ဂေါက် ခနဲ လက်သံပြောင်တဲ့ အမ အိပ်ချင်ပေမယ့် ကကြီးကို ယပလက်လို ကျိတ်ဆိုနေရတယ်။ ဟိုမှာလေ အမေတို့ မီးဖိုတဲ့နေရာ ပြေး သွားချင် လိုက်တာ ချမ်းလို့ပေါ့။ အမကိုလည်း ကြောက်တယ် မသွားရဲဘူး။

ခဏနေတော့ ဖေဖေက အလုပ်ရှုပ်နေတာ ကျနော် တော်တော်လေး ပျော်သွားတာလေ။ သိတာပေါ့ ဖေဖေ ဘာလုပ်နေလည်းဆိုတာ ....
ညနေက ကျန်တဲ့ ထမင်းကြမ်းနဲ့ ဟင်းကို ရောသမ မွှေနေပြီဆိုတာ။ အေးကလည်းအေး ငိုက်ကလည်း ငိုက် စာကျက်ပျင်းတဲ့ ကျနော် ဖေဖေ လုပ်နေတာကို ကျိတ်ပြီး သဘောကျနေတာ ခေါ်သံလေးကို စောင့်နေမိတယ် မျက်လုံးတောင် ပြူးလာသလားပဲ။

ခဏနေတော့ တဲအိမ်လေးဟာ ဆန်ပြုတ်နံ့ သင်းနေပြီ။ အိပ်ပျော်နေတဲ့ အငယ်ကောင်က ချမ်းလို့လား မသိဘူး အီသံပေးနေပြီ အမေက ထချော့ရော။ အလတ်မက မျက်လုံးပွတ်ပြီး ကုတင်ပေါ်ကနေ ဆင်းလာတယ် မမြင်မကန်းနဲ့လေ ဆန်ပြုတ်ရပြီလားတဲ့ ချော်လဲသေး တယ်။ နို့ညှာက မနှိုးသေး သူက အိပ်ပုတ်ကြီးတယ်။

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ..... ဟော မီးကင်းက သံချောင်း ရှစ်ခါမြည်တယ်ဗျ ... ဖေဖေလည်း ဆန်ပြုတ် ရှစ်ခွက် ထည့်ပြီးသွားပြီ။ ချမ်းကလည်းချမ်း မီးဖိုနားလည်း သွားချင်ပြီ။ ဖေဖေက မနှိုးသေးတဲ့ နို့ညှာကို ပွေ့ခေါ်လာပြီး လာဟေ့ ဆန်ပြုတ် ရပြီတဲ့။

ဟာ........ အဲ့တုန်းက အပျော် ခု ဘယ်မှာ ရမှာလည်း ? ဆောင်းတွင်းအခါ သမယ ရှမ်းမြေမြင့်က မိသားစု ဖြစ်ခဲ့ဖူးရင်၊ အခြေအနေခြင်း တူခဲ့ဖူးရင် ဆန်ပြုတ် တစ်ခွက်ရဲ့ ရသ ???

ရေနဲ့မီး

Sunday, April 4, 2010
မီးနဲ့ရေ
ရေနဲ့မီး
အလှည့်ကျတာလား
နွဲ့ကြတာလား
နင်ရှိရင် ငါမနေ
ငါနေရင် နင်မရှိ
စိတ်ကောက်တတ်တဲ့ ပုံစံနဲ့
သင်္ကြန်ရက်တွင်းမှာ
ငါ့အိမ်ပေါ်မှာ ရေမရှိ