မျက်ရည်တစ်စုံ

Wednesday, January 28, 2009
တူတူနီးနား
ရှိခဲ့စဉ်က
ရင်တွင်းကြင်နာ
စမ်းကျရေလို
အေးမြခဲ့တာ
နင့် စေတနာတွေ ငါမေ့ခဲ့တယ်။

ရေခြားမြေခြား
မိုင်တွေခြားတုန်း
တစ်ဦးတစ်ယောက်
စိတ်ပေါက်ပေါက်နဲ့
ထင်ရာစိုင်းကာ
နင့် အကြင်နာတွေ ငါစော်ကားခဲ့တယ်။

ခုနေခုခါ
နင်ငါ့နံဘေး
ရှောင်ထွက်ပြေးတော့
လွမ်းမျက်ရည်တွေ
စက္ကန့်တစ်ခုန်
ငါ့ မျက်ရည်တစ်စုံ ကျနေရပြီ။

ပင်မြင့်ပန်း

Tuesday, January 20, 2009
ပင်မြင့်ပန်းကို
လှမ်းမိရက်သား

နမ်းလို့မမှီ
လှမ်းလင့်ချူဖို့

အပေါ်မရောက်
အောက်မရောက်နဲ့

ဇော်ကန့်လန့်လို
တက်လို့မရ
ဆင်းမရတော့

ကယ်တော်မူတော့
အရပ်ကတို့
ရောင်းရင်းတို့ရေ.....

သံယောဇဉ်

Sunday, January 18, 2009
သံယောဇဉ်
မမြင်ရလည်း
ရင်းနှီးကာမြဲ
တိုးလို့ချည်ကာ ရစ်တတ်သည်။

သံယောဇဉ်
အနုအရင့်
မခွဲခြားပဲ
ပေါင်းစပ်ကာ တစ်ရောင်ထဲပြေးသည်။

သံယောဇဉ်
ဝေးဝေးနီးနီး
အမြဲတမ်းပဲ
မကွဲပြားပါ တစ်ထပ်ထဲကြသည်။

သံယောဇဉ်
နိမ့်မြင့်ခြားလည်း
မထူးခြားပါ
လမ်းခရီးကို တစ်သားထဲလျှောက်သည်။

သံယောဇဉ်
နေ့ရက်လတွေ
ရက်စွဲပြောင်းလည်း
ယနေ့ထိတိုင် ခိုင်မြဲခဲ့သည်။

သံယောဇဉ်
တို့သံယောဇဉ်
စီးရေလျင်လို
အဆက်မပြတ်သာ စီးဆင်းကြမည်။

ယောနသံ

Sunday, January 11, 2009
အတောင်စုံလို့
ခြေစုံကန်တာ
မဟုတ်ပါဘူး
တောင်ပံကိုးလို့
ဝေဟင်တိုးတာ
ယောနသံပါ....

လှိုင်းပင်ကြီးကြီး
လေပင်ထန်ထန်
မမှုခဲ့ဘူး
တောင်စွယ်ကိုကျော်
ပင်လယ်ပျော်တဲ့
ယောနသံပါ....

ရက်တွေလပြောင်း
တောင်ပံညောင်းတော့
အမေ့ရင်ခွင်
ပြန်ခိုဝင်ဖို့
ဒီတောင်စွယ်ကို
ယောနသံက.... ကျော်နိုင်ပါဦးမလား အမေရယ်

ယောနသံလို သားမိုက်များ အမေ့ဆီ ပြန်ရောက်နိုင်ကြပါစေ။


ရေပြင်ထက်က လရိပ်ရှာသူ

Monday, January 5, 2009
ဒီလူ့ဘ၀ကြီးထဲမှာ ရှင်သန်ခဲ့ရတဲ့ အချိန်အတောအတွင်း အကြောင်းအရာ မျိုးစုံနဲ့ ကြုံခဲ့ရ၊ ဆုံခဲ့ရ၊ ကွဲခဲ့ရ၊ လွဲခဲ့ရ၊ မရိုးနိုင်အောင် တစ်နေ့တစ်မျိုး ဆိုသလို အဖြစ်အပျက်တွေက များလွန်းတယ်။

ပန်းတစ်ပွင့်ရဲ့ ၀တ်ရည်ကို သောက်သုံးတာခြင်း အတူတူ ပျားက စုပ်တဲ့ ၀တ်ရည်က ပျားရည်ဖြစ်တယ်။ ပိတုန်း စုပ်တဲ့ ၀တ်ရည်က အဆိပ်ဖြစ်တယ်။

လောကကြီးမှာ ဆောင့်ကြောင့် ထိုင်တတ်ရုံနဲ့ ငါ့ကိုငါ ခြင်္သေ့လို့ မှတ်ထင်ခဲ့ဖူးတယ်။ ( ဆောင့်ကြောင့်လေး ထိုင်တတ်ရုံနဲ့ ဖားဟာ ခြင်္သေ့ ဖြစ်မလာပါဘူး )

မာယာများတဲ့ လောကကြီးထဲမှာ အတ္တကြီးမားစွာနဲ့ ငါဟာ ကန်ရေပြင်ထက်က လရိပ်ကို အာသာ ငမ်းငမ်းနဲ့ လိုက်ရှာခဲ့တယ်။

ခုထက်ထိ ငါဟာ ရေပြင်ထက်က လရိပ်ရှာသူ အဖြစ်နဲ့ပဲ........

(ရှင်ရဲထွတ် လရိပ်ရှာရင်း လမ်းခဏ ပျောက်နေပါတယ် လမ်းမှန်တွေ့ရင် ပြန်လာခဲ့ပါ့မယ်)