ကိုယ်စောင့်နတ်

Friday, October 31, 2008
အိပ်စက်ပျော်မက်
ချိန်ခါစက်ဝယ်
ငါ့အိပ်ယာထက်
ချိန်ခါထွက်သွား
ကိုယ်စောင့်နတ်သား
နိုးထချိန်ရောက်
သူပြန်ရောက်၍
အမေးငါရှိ
သူပြန်ဖြေ၏
အသင်နတ်သား
ဘယ်ကိုသွားနည်း
သခင်အိပ်ပျော်
ကျွန်နတ်တော်မှ
သခင့်ချစ်သူ
ထိပ်ထားဆီသို့
သခင့်ကိုယ်စား
စောင့်ရှောက်ထားရန်
သွားရောက်လည်ပတ်
စောင်မတ်ပါ၏
အို သခင်လူသား.............

ဆားထိသော တီ

ဆားထိသော တီ
တွန့်စပ်စပ်နှင့်
အချစ်ထိသောနှလုံးသား
ယောင်မှားမှားနှင့်
မင်းနဲ့မတွေ့ရင်
ယောင်ချာချာနှင့်
ကဗျာရေးသောလက်
တုန်စက်စက်နှင့်
ကဗျာရေးလေ
လုံးခြင်းဖြစ်လေ
စာရွက်တွေတောင်
ကုန်လုပြီလေ........

ပင်တိုင်စံ

Tuesday, October 28, 2008
ပင်တိုင်စံ နတ်နန်းဆီက
ပြည်လုံးကြိုင် သင်းပျံ့မွှေးပါတဲ့
ခုနှစ်ပြည်ထောင် ဒီအရေးမှာ
မင်းသားအစဉ် စစ်ရေးငင်တုန်း
ရင်မောနေ မင်းသမီးငယ်က
တိတ်တခိုးရယ် ငယ်ကျွမ်းဆွေရီးနဲ့
ထွက်ပြေးကာ ရိပ်ကြီးတောင်တောဝယ်
စိမ့်စမ်းငယ် တသွင်သွင်နံဘေးထက်
ပျော်မြူးကာ အစဉ်တွေကိုမေ့ဖျက်
အော်ကျူးကာ ဖခမည်းတော်ကြီးမှာ
အမျက်ရယ် ရင်ခွင်မှာရှပါလို့
မိုက်ပါဘိ သမီးတော်ညည်းကာ
စစ်ခင်းသည့် ခုနှစ်ပြည်မင်းများ
နိုင်သူမှာ ဖလားလက်မဲ့ရယ်နှင့်
ပင်တိုင်စံ မင်းသမီးရယ်က
မြိုင်ဟေ၀န် ရဂုံတောမှာ
ကြင်သူရယ် တွဲလက်ကယ်နှင့်
ကြည်နူးကာ ပျော်မြူးတယ်လေး ။

ကျေးဇူးတရား

ကျေးဇူးရှိဆဲ ဖြစ်သော၊ နောင်လည်းရှိနေဦးမည်ဖြစ်သော၊ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ကျေးဇူးရှင်များအား သတိတရား ဆင်ခြင်ပွားများ၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ကျွန်တော် ရှိခိုးပါ၏ ။
ဤလောကီ လူ့ဘောင်၌ သော်လည်းကောင်း၊ ရှိရှိသမျှ အရာရာတိုင်းတွင် ( သက်ရှိသက်မဲ့ ) တစ်ဦးနှင့်တစ်ဦး၊ ကျေးဇူးအထူး ပြုကြသည်များသာ ဖြစ်သည်။ ကျေးဇူးဆိုသော အရာသည် မမေ့လျော့အပ်သော ဆင်ခြင်ပွားများ အပ်သော တရားသဘောပင် ဖြစ်တော့သည်။ အထက်ပါ ဆိုခဲ့သော ကျေးဇူးတရား များသည်၊ အခွင့်အခါ ကြုံကြိုက်ချိန်၌ ပြန်လည်ပေးဆပ်နိုင်ရန် ကျွန်တော် အမြဲပင်
မျော်လင့်မိပါသည်။
ယခု ကျွန်တော့် စိတ်ထဲ၌ ဆပ်ချင်နေခဲ့သော၊ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့သော၊ ယခုလည်းရှိနေဆဲသော၊ နှောင်လည်း ရှိနေဦးမည့် ပုဂ္ဂိုလ် တစ်ဦးရှိပါသည်။ ကျွန်တော်သည် စာရေးခြင်း အမှုဖြင့်သာ ပျော်မွေ့တတ်သည် ရင်းနှီးကျွမ်းဝင်သည်။ ယခု ကွန်ပြူတာဖြင့် စာရေးနိုင်ရန်မပြောနှင့်၊ မိမိ အရည်အချင်းဖြင့် ဆိုလျင် စာရွက်နှင့်သာ ခံစားနိုင်မည့် ဘ၀တွင်သာ ရှိနေမည်ပင်၊ အဘယ့်ကြောင့်ဆိုသော်
ကွန်ပြူတာ ပညာရပ်နှင့် ကျွန်တော်သည် ဝေးကွာလွန်းသော သူစိမ်းသက်သက်မျှသာ ဖြစ်လေတော့သည်။
ယခုကဲ့သို့ ဘလော့ဂ်ဂါရပ်ဝန်းတွင် ခန့်ညားသပ်ရပ်သော ကိုယ်ပိုင်အိမ်လေး တစ်လုံးဖြစ်လာအောင် ဖန်တီးပေးသော၊ စောင့်ရှောက်ပေးသော၊ ဗိသုကာ ပညာရှင် ကိုမိုးပြေး ၊ တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ကာ ကူညီပေးတတ်သော ညီမငယ် မယ်ဂုမီ အားလည်းကောင်း၊ ကျွန်တော် မတတ်တစ်ခေါက်ဖြင့် ရေးထားအပ်ထားသော မပီမသ စာများအား လည်းကောင်း၊ ပုံစံမျိုးစုံဖြင့် လာရောက်လည်ပတ်၊ ကြည့်ရှု အားပေး ကူညီကြသော ညီအစ်ကို မောင်နှမ များအားလုံးကို၊ ကျွန်တော် ရှင်ရဲထွတ်မှ အားလုံးအပေါ်တွင်
ပြန်ဆပ်ရန် ကျေးဇူးရှိနေသည်ကို ကျွန်တော် မမေ့ပါ မလျော့ပါ၊ အထူးသဖြင့် ကိုမိုးပြေး၊ ညီမငယ် မယ်ဂုမိ တို့နှစ်ဦးအား ကျွန်တော် ကျေးဇူးအထူး ပြန်လည်ပြုရန် စိတ်ကူးရှိပါသည်၊ အခါအခွင့် သင့်လျှင်ဖြင့် ဤကျေးဇူးအား ပြန်လည်ဆပ်ခွင့် ကြုံချင်ပါသည်ဗျာ ။

အချုပ်နှောင်ခံ နှလုံးသား

Sunday, October 26, 2008
အိပ်စက်ခြင်း
ကွယ်နေတာကြာပေါ့
မျက်လုံးတစ်စုံ
ပိန်းပိတ်နေလည်း
ဖျစ်ညှစ်ခံနေရတဲ့
နှလုံးသားက
အချုပ်အနှောင်ကျနေတယ်
သွေးခုန်နှုန်းတိုင်းမှာ
မင်းပုံရိပ်တွေ
စလိုက်ရှိုးလိုပဲ
ခန္ဓာကိုယ်ထဲမှာ
လှည့်ပတ်နေတော့
ငါ့နှလုံးသားတွေ
အချုပ်အနှောင်ကျနေတယ်

kimi no koto ga suki ရှင်းတမ်း

Saturday, October 25, 2008
မနက်ခင်းစောစောမှာ ကျွန်တော် အိပ်ယာနိုးတော့၊ အရင်ဆုံး ကွန်ပြူတာကို ပြေးဖွင့်တယ်၊ ချစ်သူက အဲဒီထဲမှာ ရှိတယ်လေ၊ ဟော.. ဂျီ ကို အွန်လိုက်တော့ တွေ့ပြီပေါ့၊ မနက်ခင်းစောစောမှာ ချစ်သူ့ အသံကို ကြားရတာ ဘယ်လောက် ကြည်နူးစရာ ကောင်းလည်း၊ သူ့ရဲ့
တီတီတာ စကားသံလေးက ကျွန်တော့် ရင်ကို လေအဟုန်မှာ အဟပ်ခံရတဲ့ ကြာရွက်လေးလိုပဲ တစ်ငြိမ့်ငြိမ့်နဲ့ပေါ့။

ကျွန်တော်တို့ နှစ်ယောက်ဟာ မရိုးနိုင်၊ မဟောင်းနွမ်းနိုင်တဲ့ ချစ်ခြင်းကို ကိုယ်စားပြုတဲ့ စကားလုံးလေးတွေနဲ့ တစ်ဦးကို တစ်ဦး
ချစ်ရည်လူးတဲ့ အကြင်နာ အငွေ့အသက်လေးတွေကို အပြန်အလှန် ကျီစယ်ဟန်နဲ့ အနေဝေးလို့ ဖော်ဆွေးတဲ့ ဘ၀မှာ ဂျီတော့နဲ့ အကြင်နာကို တည်ဆောက် ကြရတာပေါ့၊ ဝေးကွာမှာစိုးလို့ ဆွေးဗျာပူတဲ့ ဘ၀မှာ ထွေးစရာရယ် ချောနှမငယ်လေးက အဝေးမှာ ဆိုတော့လည်း၊ အကြင်နာရယ် ပြင်ဆင် ကာထားပြီး၊ ဂျီးမေးနဲ့ ကြင်သူလေး နွေးထွေးအောင် အမြဲပဲ မေတ္တာတွေ ချစ်တာတွေ ဆက်သရတာပေါ့။

အမြဲအစဉ်သာ စကားလုံးလေးတွေ ဖွဲ့လို့သာနွဲ့ချင်သော်ငြားလည်း၊ နီးစပ်ရန် ကြိုးစားရမယ့် ခရီးက ထွက်ရမှာမို့၊ မရိုးနိုင်တဲ့ ဒီစကားလေး ချစ်သူနားမှာ အစဉ်ကြားရအောင် ချန်ထားရစ်မှာက KIMI NO KOTA GA SUKI တဲ့၊ မင်းကိုငါချစ်တယ်။

KIMI NO KOTO GA SUKI

Wednesday, October 22, 2008
နေသူရိန် အာရုဏ်ကျင်းတော့
ကြင်သူရယ် မနက်ခင်းမှာ
သာယာဖွယ် ငှက်ကျေးသံလို
တီတီတာ စကားလုံးက
ဘ၀င်မှာ လေဟပ်စေပေါ့

ဖော်မကွာ ဒီတစ်သက်မှာ
အစဉ်သာ ပိုင်စားစေဖို့
ရင်ခုန်သံ စေပါးလို့ကာ
ချစ်ဦးသူ မင်းကြားစေသား
တိုင်းတစ်ပါး စကားလုံးက

kimi no koto ga suki

ဗရုတ် နှင့် သုတ်ခ ပေါင်းမိသောနေ့

Tuesday, October 21, 2008
တစ်ခါတုန်းကပေါ့၊ နယ်မြို့လေး တစ်မြို့မှာ၊ အရမ်းခင်မင်ကြတဲ့ ဗရုတ် နဲ့ သုတ်ခ ဆိုတဲ့အိမ်ချင်းကပ် သူငယ်ချင်းနှစ်ယောက်
ရှိကြတယ်တဲ့၊ အဲ သူတို့နှစ်ယောက်က ခင်တာမှ အိပ်တာတောင် အတူတူ အိပ်ရမှ ကျေနပ်တာ၊ မွေးနေ့ မွေးရက်လည်း အတူတူပဲဗျာ။

သူတို့ နှစ်ယောက်ရဲ့ ချစ်တဲ့ ခင်တဲ့ စိတ်ဟာ မွေးကတည်းက သံယောဇဉ် ချက်ကြိုး ဆက်ခဲ့လား မဆိုတတ်ဘူး၊ အူဝဲ ဘ၀က စလို့ အမေချင်း လဲပြီး နို့စို့ရမှ အငိုတိတ်ပြီး အအိပ်လှတာ၊ အိပ်ပြန်ရင်လည်း ပုခက်ဆိုလည်း တစ်ခုထဲ၊ ကုတင်ဆိုလည်း တစ်လုံးထဲမှ အိပ်ပျော်ကြတာလေ၊ အိပ်တဲ့ ပုံစံလည်း ကြည့်ပါဦး၊ သူ့ခြေထောက် ကိုယ့်ခေါင်း ဆိုင်ပြီး တစ်ယောက် ခြေမ တစ်ယောက် ကိုက်ပြီး အိပ်ကြတာလေ ရှားတယ်နော်။

ကိုယ်ဟာကို လမ်းလျှောက်တတ်၊ ထမင်းစားတတ်လာတော့ ကွိုင်က စလာပြီ၊ ခြံချင်းကပ် ဆိုတော့ ခွေးတိုးပေါက် ရှိပြီပေါ့၊
ဟေ့ကောင် သုတ်ခ ထမင်းစားချိန် ရောက်ရင် နင့်အိမ်ကနေ ဟင်းတစ်ခွက်ယူလာ ငါလည်းယူလာမယ် အိုကေပေါ့ ဒါများ၊ ပြီးရင် ခွေးတိုးပေါက်နားမှာ အတူတူ စားမယ်၊ နင့်အိမ်က မုန့်ဝယ်ပေးရင် ယူလာ ငါ့ရှိတဲ့မုန့်နဲ့ အတူတူစားမယ် အိုကေပေါ့၊
စပြီ ဇါတ်လမ်းက တစ်နေ့ သုတ်ခ အိမ်က သူ့ကို ဂျယ်လီဝယ်ပေးတယ်၊ ဒါနဲ့ ဗရုတ်အိမ်ကို ကူးလာပြီး၊ ဟေ့ကောင် ဒီမှာ
ဂျယ်လီတွေ လာစားရအောင်လို့ ခေါ်တာပေါ့၊ နေဦး စောစောက ငါ့အမေ ကော်ဖီဖျော်ထားတာ တွေ့တယ် ဂျယ်လီစားပြီး
ကော်ဖီသောက်မယ်၊ အေး ကောင်းတယ်ပေါ့၊ ကောင်းချက်ကတော့ နှစ်ယောက်စလုံး အရေးပေါ်ဆေးရုံရောက်သွားတယ်၊ အဲလိုကောင်တွေ။

ကျောင်းနေအရွယ်ရောက်တော့ ကျောင်းနေအရွယ်ပေါ့၊ အစအနောက်ကလည်း သန်ပါ့ စိတ်တူကိုယ်တူပဲ၊ ဆရာမကို ဖားတာလည်း လွန်ရော၊ တစ်နေ့ ဗရုတ်အိမ်က ပဲစိမ်းစားဥ ၀ယ်လာတော့ ဒီကောင်ကစ်လာတယ်၊ ဆရာမကို ပေးဖို့ပေါ့၊
ဟိုကောင် သုတ်ခကလည်း အိမ်က သကြားလုံးတွေ နှိုတ်လာတယ်၊ ကျောင်းရောက်လို့ ဆရာမကိုလည်း တွေ့ရော မျက်နှာလုပ်ကြတာ ဖားတာလေ၊ ဆရာမ စားဖို့ဆိုပြီး လုပြီးပေးကြတာ၊ ဆရာမ အထင်လွဲတာပေါ့၊ ကိုယ့်ဆရာမကို နောက်ရလေခြင်းဆိုပြီး ကျွေးလိုက်တာ ကြိမ်သုံးချက်စီ၊ အဲလိုကောင်မျိုး ဗရုတ်နဲ့သုတ်ခက မလွယ်ဘူး။

အတန်းကြီးလာတော့၊ ကျောင်းပြေးတတ်လာတယ်၊ တစ်ခါ နှစ်ခါ အတန်းပိုင် ဆရာမက သတိပေးသေးတယ်၊ မရရေးချ မရပါ၊ ဒီတော့ ကျောင်းအုပ် ဆရာကြီးဆီ ပို့တော့တာပေါ့၊ ကံကောင်းတယ် မျောက်နှစ်ကောင်က အဲဒီနေ့က ဆရာကြီးရဲ့
ဧည့်သည် ရောက်နေတယ်၊ မနက်ဖြန်မှ တွေ့မယ်ပေါ့၊ ဒီနှစ်ကောင် အကြံထုတ်နေပြီ ဆရာကြီးကို ဘယ်လို ဖားရမလည်း
တောင်းပန်ရမလည်းပေါ့၊ ဟေ့ကောင် သုတ်ခ မနက်ဖြန် တို့နှစ်ယောက် ကျောင်းကို စောစောလာပြီး ဆရာကြီးကို တောင်းပန်ရအောင် ဆရာကြီး စားဖို့ မင်းတစ်ခုခု ယူခဲ့၊ ငါလည်းပဲ ယူလာခဲ့မယ်ပေါ့။

မနက်ရောက်တော့ ကိုယ်စီကိုယ်ငှ ကျွတ်ကျွတ်အိတ် ကလေးနဲ့ပေါ့၊ ဆရာကြီး ကျွန်တော်တို့ ကျောင်းပြေးတာ မှားမှန်းသိ
ပါပြီ ဒီစားစရာတွေ ကျွန်တော်တို့ မုန့်ဖိုးထဲက စုပြီး ဆရာကြီး စားရအောင် ကန်တော့ပါတယ်၊ ဆရာကြီးက သြ၀ါဒတွေ
ပေးတာပေါ့၊ လိမ္မာသိတတ်တဲ့ တပည့်ကိုလည်း ဆုတွေ တသီကြီးပေးတာပေါ့၊ ခွင့်ပြုပါ ဆရာကြီးပေါ့ တော်လိုက်တဲ့ငါကွ၊
အရိုက်မခံရတော့ဘူး ဆိုပြီးပျော်နေတာပေါ့၊ ပြန်လှည့်လို့ တံခါးဝတောင် မရောက်သေးဘူး၊ မိုးကြိုးပစ်သံလို ဆရာကြီးရဲ့
အသံက ဟိန်းထွက်လာတယ်၊ ပြန်လာကြစမ်းပေါ့၊ လာစမ်း မင်းတို့ နှစ်ယောက်က ငါ့ကို သေစေချင်နေတာလားပေါ့၊ ဆရာကြီး ဒေါသငယ်ထိပ် ဆောင့်နေပြီ၊ မင်းတို့ကန်တော့တဲ့ ပစ္စည်းကို ကြည့်ဆိုပြီးပြတော့၊ ဗရုတ်က ဖရဲသီး၊ သုတ်ခက
ဘဲဥတဲ့ဗျာ၊ အဲလိုနှစ်ကောင် အဲလို၊ ဒီကိစ္စ ဆိုင်ရာမိဘ ဆီကို ကွန်ပလိမ်းရောက်တာပေါ့။

နေ့ရက်တွေကလည်း မြန်လိုက်တာနော်၊ အချိုးတော့ မပြောင်းဘူး၊ စားအတူ သွားအတူ အိပ်တော့လည်း တူတူပဲ၊ တစ်နေ့တော့ ဟာ ဟေ့ကောင် သုတ်ခ မင်းမျက်နှာမှာ ၀က်ခြံပေါက်နေတယ်၊ အေး မင်းလည်းတူတူပဲ၊ သြော် သူတို့ နှစ်ယောက် လူပျို ဖြစ်လာကြပြီကိုး၊ အနေအထိုင် နည်းနည်း ပြောင်းလည်းလာသလိုပဲ၊ ဟိုသွား ဒီသွား ကိစ္စလေးတွေ၊
လျှိုလာကြပြီ၊ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် တတ်လာပြီ၊ အတူတူလည်း သိပ်မအိပ်ဖြစ်ကြတော့ဘူး၊ တစ်နေ့တော့
သုတ်ခ နင်ဘာဖြစ်တာလည်း ငါနဲ့လည်း လာမအိပ်တော့ဘူး၊ ရှောင်ဖယ်ရှောင်ဖယ်နဲ့။ နင်ရောငါ့ကို ခေါ်လို့လား ခပ်တန်းတန်းနဲ့၊ တစ်ရက်ပြီး တစ်ရက် ပိုတန်းလာကြတယ်။

ဟေ့ကောင် ဗရုတ် ငါနင့်ကို ပြောစရာရှိတယ်၊ နားထောင်ဆိုပြီး သုတ်ခက ပြောတော့တာပဲ၊ နင်နဲ့ငါ ငယ်ငယ်ကတည်းက၊
ထမင်းစားတာရော၊ မုန့်စားတာရော၊ အိပ်တာရော အိုကွာ ကုန်ကုန်ပြောရင် အမေ့ နို့ကိုတောင် အလှဲအလှယ် လုပ်ပြီးစို့ ခဲ့ကြတာနော်၊ ခုဒီလို လုပ်လို့ မရတော့ဘူး၊ လုပ်လို့လည်းမရတော့ဘူး သိလား၊ ဘာ့ကြောင့်လည်းဆို ငါရည်းစား ရနေပြီ၊
ဒါ့ကြောင့်ပါ တော်ကြာ မင်းက ငယ်တုန်းကလို နင့်မုန့်ငါ့ကျွေး ငါ့မုန့်နင့်ကျွေး ဆိုလို့ မရတော့ဘူး၊ အဟီး အေးပါကွာ သုတ်ခရာ ငါလည်းနင့်ပြောမလို့ ငါလည်းရည်းစားရနေပြီ၊ ငယ်ကလို မုန့်လှဲစားလို့ မရတော့ဘူးနော်။

ထိုနေ့မှစ၍ ဗရုတ် နှင့် သုတ်ခ သည် အကျင့်ဆိုးများကို ပြုပြင်၍ လူကြီးလူကောင်းများပင် ဖြစ်နေတော့သည်။

ညီမငယ် မယ်ဂုမိ တောင်းဆိုထားသော ဗရုတ်သုတ်ခ ကို ဤသို့ ဤပုံ ရေးပေးလိုက်ပါသည်၊ ကျေနပ်နှစ်သက်နိုင်ပါစေ။



မငိုပဲ ကျတဲ့ မျက်ရည်

Monday, October 20, 2008
ချစ်သူ
အပြုံးတုနဲ့
နမ်းရှုပ်ခဲ့ပေမယ့်
နှလုံးသားအစစ်နဲ့
လက်ခံခဲ့တော့
ဒဏ်ရာမပေါ်တဲ့
ရင်ဘတ်တစ်ခုဟာ
တစ်စစ်စစ်နဲ့
မငိုပါပဲ မျက်ရည် ကျနေတယ်

အရက်ကြောင့်

အရက်တဲ့ ဘီယာလည်းပါတယ်နော် အတူတူပဲ၊ မူးယစ်စေတတ်တာပဲလေ။ ငါယောင်္ကျားလေးပဲ၊ အရက်နဲ့တော့ ဘယ်ကင်း နိုင်ပါ့မလဲ၊ ငါစီးပွားရေး သမားပဲ နည်းနည်းပါးပါးတော့ ရှိမှာပေါ့၊ အလုပ် ပင်ပန်းလို့ပါကွာ၊ ဟို ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ဆုံတုန်းမို့ပါ၊ ဒီနေ့ ကုမ္ဗဏီ ညစာ စားပွဲမို့ပါ၊ သူငယ်ချင်းရာ ငါ အသည်းကွဲ နေလို့ပါကွာ၊ စီးပွားရေး အဆင်မပြေဘူးကွာ၊ အရက်သမားတွေများနော် များပြားလှတဲ့ ဆင်ခြေ အကြောင်းပြချက်တွေ မျိုးစုံ ပေးပြီး အရက်ကို သောက်ကြတယ်။

ကြိုက်လို့ သောက်တာလား၊ သောက်ချင်လို့ သောက်တာလား၊ တော်တော် များများကတော့ နည်းနည်းလေးပါကွာ ဘာမှမဖြစ်ပါဘူးကွ၊ အဲဒီက စတာပါပဲ နည်းနည်းလေး ကနေ စပြီး ဘ၀ပါ ရင်းပေး လိုက်ရတဲ့ ပုဂ္ဂိုလ်တွေ မြင်ဘူးတယ်၊ အရက်သောက်မယ် ဆိုကတည်းက၊ စတင်ပြီး ပြင်ဆင် ရတော့မယ်၊ ပြင်ဆင်နေရတဲ့ အချိန်၊ သောက်စားနေတဲ့ အချိန်၊မူးပြီး အိပ်ပျော် သွားတဲ့ အချိန်၊ ရင်းပေးလိုက်ရတဲ့ ငွေကြေး၊ အခန့်မသင့်ရင် သောက်စားနေတဲ့ အချိန်မှာ ခိုက်ရန်ဖြစ်ပွားကြမယ်၊ ထိခိုက်ကြမယ်၊ ဒီတော့ ဘာကောင်းလည်း၊ အဲဒီ အချိန်တွေက နှမြောဖို့ မကောင်းဘူးလား၊ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် အဲဒီ အချိန်တွေကို အသုံးချရင် မကောင်းဘူးလား၊ အဲဒီလို အရက်သောက်နေတဲ့ အချိန်တွေငွေကြေးတွေက ဘယ်သူပိုင်လည်း၊သင်ပိုင်တာနော်၊သင့်ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို သင်ပေးလိုက်ရတာလေ၊ နှမြောဖို့ ကောင်းလေစွ။

ကဲပါ ညကတော့ ငွေကုန် အချိန်ကုန် ခံပြီး၊ သောက်လိုက် စားလိုက်၊ မူးလိုက် အိပ်လိုက်နဲ့၊ မနက်ရောက်တော့ လူက ပုံမှန်ကျန်းမာရေး မရတော့ဘူး၊ ပြုမူ ဆောင်ရွက်ရမယ့် စီးပွားရေး၊ လူမူရေး၊ ပညာရေး အများကြီးပါ၊ ကျိန်းသေတယ် သူများ တွေထက် နောက်ကျ ကျန်ရစ်မှာပဲ၊ အဲဒီမှာ လိုတာထက် ပိုသုံးစွဲ တတ်တဲ့ လူများ ဖြစ်ခဲ့ရင်၊ အသိတရား ကင်းလွတ်ပြီးမပြုသင့် မပြုအပ်တဲ့ အမူကိစ္စကို၊ သင့်၏ မသင့်၏ မဆုံးဖြတ်နိုင်တော့၊ ဘ၀နဲ့ ချီပြီး အမှားအယွင်းတွေ ပြုမိကြတာတွေ၊ပေးဆပ်လိုက်ရတာတွေ အများကြီးနော်၊ တစ်ချို့ လူငယ်တွေ ပိုအရေးကြီးတာက၊ အသိတရား ကင်းလွတ်အောင် သောက်စားပြီး မဆင်ခြင် နိုင်လောက်အောင် မှားယွင်းတာ (လုံခြုံမှုမရှိသော SEX) အမူကို ပြုမိခြင်းပဲ၊ ကံမကောင်း အကြောင်းမလှရင် သွားပြီ ဘ၀တစ်ခု။ ကယ်လို့မရ အဖတ်ဆယ်လို့ မရတော့ဘူး။

လူဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ အသိနဲ့ ရှိပြီးသားပဲ၊ အသိတရား ကင်းလွတ်သွားရင် ဥာဏ်ဘယ်လောက် ကောင်းကောင်း၊အမှားတွေဟာ လက်တစ်ကမ်းမှာပဲ၊ ရုပ်ရည် ရူပကာ ဘယ်လောက်ပဲ ချောမော အသိတရား ကင်းလွတ်တဲ့ ခန္ဓာဟာဘာမှ တန်ဖိုး မရှိပါဘူး၊ အသိတရားတွေကို ကင်းလွတ်သွားအောင်၊ လူနုံ လူအ အဖြစ်ကို ရောက်အောင် တွန်းပို့ ပေးတဲ့အရက်၊ ဒါပေမယ့် သူဟာ သူ့ကို လာမထိရင် သူဘာမှ မတတ်နိုင်ဘူး၊ လာထိရင်တော့ သူ့ရဲ့ ဂုဏ်သတ္တိတော့ သူထုတ်ပြ မှာပဲ၊ မြတ်စွာဘုရား ဗရိနိဗ္ဗန် ပြုခါနီး ဆဲဆဲမှာ အရေးကြီးဆုံး စကား တစ်ခွန်း ပြောခဲ့တာလေ၊ *အပ္ပမာဒေန သမ္မာဒေထ*မမေ့ မလျော့တဲ့ သတိနဲ့ နေရစ်ကြ လော့တဲ့၊ ကဲ ဘယ်လောက် အရေးကြီးလည်း၊ ဒီတော့ အရက်ဆိုတာ ကောင်း၏ မကောင်း၏ ကိုယ်ဟာကို ဆုံးဖြတ်ကြပါဗျာ။

နတ်ဝတ်ပုဆိုး တိမ်မီးခိုး

Sunday, October 19, 2008
ဗဒုံမင်း လက်ထက်ကတည်းက အမတ်ကြီးပေါ်ဦးဟာ လူသိများလှတဲ့ ပညာရှိ အမတ်ကြီး တစ်ပါးဆိုတာ အားလုံး သိကြမှာပါ။ ဘိုးတော် ဗဒုံမင်း လွန်တော့ ဘကြီးတော် နန်းတက်လာတော့လည်း ပေါ်ဦးဟာ အရင်ရာထူးပဲလေ တော်တာကိုး၊ အဲ့ဒီတုန်းက ဘကြီးတော် မင်းကွန်း စံနန်းမှာ ယာယီ စံနေတုန်း အဖြစ်အပျက်လေးတစ်ခုပါ။ဒီလိုဗျ ဒီလို..

ဘကြီးတော်ဟာ စားတော်ခေါ်ရင် အမြဲတမ်း ငပိရည်နဲ့ ကြက်ဟင်းခါး ရွက်ကို နှစ်သက်စွာ စားတော်ခေါ်လေ့ရှိတယ်။ နံဘေးနားက ခစားနေ တဲ့ မှူးကြီးမတ်ရာ တွေကိုလည်း အဲဒီ ဟင်းကိုပဲ စားစေတယ်။ ဘုရင်ကိုးဗျ၊ သူကြိုက်သလို သူများတွေလည်း ကြိုက်မယ်ထင်တာလေ၊ အမတ်ကြီးတွေလည်း ဘုရင့်အကြိုက် လိုက်ပြီး ကောင်းပါတယ်ဘုရား စားပါတယ်ဘုရားပေါ့၊ သိတယ်မလား ကမ်းနားသစ်ပင်လေ၊ ခါးတူးနေတဲ့ ဟင်းကိုကြိတ်မှိတ် စားရတော့တာပေါ့၊ တစ်နေ့ နေ့လည်စာ စားပြီး ဘုရင့်ရှေ့တော်ကို ခစားဖို့ ရောက်လာတော့ မျက်နှာတွေက ပြုံးစိစိနဲ့၊ ဘုရင်က အမေးတော်ရှိပြီလေ၊ ''ဟဲ့ မင်းကြီးများ'' ''ဘုရား''
''မျက်နှာတွေက အပိုး မကျိုးပါလား လျှောက်တင်စမ်း မှန်ရာကို'' မှန်ရာကို မလျှောက်ရဲကြဘူး ငြိမ်နေတယ် ကြောက်တာကိုး။............

လာပြီ ဇါတ်လိုက်ကျော်ကြီး ဦးပေါ်ဦး၊
''ဒီလိုရှိပါတယ် ဘုရား''
''မြန်မြန် လျှောက်တင်စမ်းပါ ပေါ်ဦးရဲ့''
''မှန်ပါ လျှောက်တင်ပါ့မယ်''

တစ်ခါက တိုင်းပြည်တစ်ခုမှာ ဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်ပါတယ် ။ တစ်နေ့ အညတြ တောသား လုလင်လေးက ဘုရင်ကြီးဆီကို လာပြီး နေပြည်တော်ရဲ့ အပြင်ဘက် တောင်အရပ်ယွန်းယွန်းဆီက ညောင်ပင် စောင့် ရုက္ခစိုးကြီးက အရှင်မင်းကြီးကို နတ်တို့တန်ခိုးနဲ့ ဖန်ဆင်းအပ်တဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ကိုဆက်သချင်တဲ့အကြောင်း လာပြောခိုင်းလို့ လာပြော ရတာပါ ဘုရား။

''အိမ်း ဆက်လျှောက်တင်စမ်း'' အဲဒီပုဆိုးက ဘုန်းတန်ခိုး ကြီးမြတ်သူ သာလျှင် မြင်နိုင်တွေ့နိုင်ကြောင်း၊ အရှင့် ဘုန်းတန်ခိုးအား ရုက္ခစိုးပင် မနေနိုင်၍ ဤ နတ်ဝတ်ပုဆိုး တိမ်မီးခိုးအား ဆက်သချင်၍ မနက်ဖြန် မနက်စောစောတွင် လာရောက် ယူဆောင်ပါရန် လျှောက်တင်ပါသည်။ ဘုရင်ကြီးက တယ်ဟုတ်တဲ့ ငါပါလားပေါ့၊ လူမင်းဘုန်းကြီး နတ်မင်း မခံနိုင်၍ပင် ဖြစ်တော့သည်ပေါ့။လာရောက်လျှောက်တင်တဲ့ လုလင်ကို ဆုတော်လာတ်တော် ပေးသနားတော့တာပေါ့။

ဒါနဲ့ မနက်ရောက်တော့ အမတ်ကြီးတွေကိုလွတ်ပြီး အဲဒီနတ်ဝတ်ပုဆိုး တိမ်မီးခိုးကို အယူခိုင်းတော့တာပေါ့၊ ဘုရင်ကြီးကလည်း မြန်မြန်ဝတ်ချင်လှပြီလေ၊ နတ်ပုဆိုးလေ တော်ရုံမဟုတ်ဘူး၊ ပြန်မလာသေးပါလားကြာလိုက်တာနော်။ မကြာပါဘူး အမတ်ကြီးတွေ ပြန်လာကြလေရော ဘာမှမပါတဲ့ ရွှေကလပ်ကို ဘုရင့်ဆီကို ဆက်တော့တာပေါ့၊ဘုရင်လည်း ဘာမှမရှိတဲ့ ကလပ်ပေါ်က မြင်သယောင် ရှိသယောင်နဲ့ နတ်ပုဆိုးကိုလှမ်းယူတော့တာပေါ့လေ၊ ဘုန်းကံ ရှိသူသာ မြင်ရတာလေ၊ မဟုတ်ရင် ဘုရင် သိက္ခာ ကျတော့မှာပေါ့။

သိက္ခာတော့ အကျမခံနိုင်ပါဘူး၊ မြင်သယောင် ရှိသယောင်နဲ့ နတ်ပုဆိုး ကိုဝတ်ဖို့ ခါးက ပုဆိုးကို ချွတ်ချလိုက်ပြီး နတ်ပုဆိုးကို ၀တ်ပြတော့တာပေါ့၊ ''ဟဲ့ မင်းကြီးများ ကြည့်ကြပါဦးတော့ နတ်ပုဆိုးက ကိုယ်တော်နဲ့မှလိုက်ဖက်ရဲ့လားပေါ့'' အမတ်မင်းတွေက ခေါင်းမမော်ရဲဘူး ဘုရင်က အောက်ပိုင်း ဗလာနဲ့လေ။

မှန်လှပါ ဘုန်းတော်ကြောင့် နတ်ပုဆိုးဟာ အရှင်နဲ့ အင်မတန်လိုက်ဖက် လှပါတယ် နတ်ပုဆိုးပေမို့လား စူးရှသော အရောင်က မျက်စိကျိန်းလှပါ သဖြင့် လူဝတ်ပုဆိုး ကိုတာ အမြန်ပြန်လည် ၀တ်ဆင်သင့်ကြောင်းပါ ဘုရား။

အခုလည်း ခါးတူးလှတဲ့ ကြက်ဟင်းခါးရွက်ကို မစားလို၍ မစားနိုင်တော့၍ ဤ နတ်ဝတ်ပုဆိုး တိမ်မီးခိုးဖြင့် တင်လျှောက်ရကြောင်းပါ ဘုရား၊ ''အိမ်း ငါ့မှာဖြင့် သင်တို့ကြိုက်မည် ထင်၍ ကျွေးမိပါသည်၊ ခုတော့ကိုယ်တော်ကို နတ်ပုဆိုး ၀တ်ခိုင်းနေပါလား... ပေါ်ဦး... ပေါ်ဦး.........

ဘယ်သူ ၀တ်ချင်လည်းပြောနော် နတ်ဝတ်ပုဆိုး တိမ်မီးခိုးတဲ့။

အတိတ်တစ္ဆေ

Friday, October 17, 2008
2008 - 1988 = 20 ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(20)က မမေ့နိုင်တဲ့ နွေရာသီ ကျောင်းပိတ်ရက်လေးပေါ့။ လားရှိုးမြို့က အိမ်လေးတစ်အိမ် ကျွန်တော်တို့ရဲ့ မိသားစုဝင် ရှစ်ယောက်နေတဲ့ အိမ်လေးပေါ့၊ အိမ်ကလေးက သက်ကယ်မိုး ထရံကာ အိမ်လေး၊ အိမ်ရှေ့မှာ စံပယ်ရုံလေးရယ်၊ နှင်းဆီပင်လေးရယ်၊ ခေါင်းလောင်းပန်းပင်လေးရယ်၊ ဆူးလေးတွေနဲ့ ကစ်မီကွစ်လေးရယ်၊ သုံးလုံးတစ်တောင် သရက်ပင်လေးလည်းရှိတယ်၊ အိမ်နောက်မှာတော့ သရက်ပင် တစ်ပင် အသီးက လုံးလုံးလေး၊ မက်မွန်ပင်လည်းရှိတယ်၊ ကျွန်တော် အဲဒီအိမ်လေးကို အရမ်းလွမ်းတာပဲ၊ အရမ်းလည်း အောက်မေ့တယ်၊ ခုတော့ သာယာလှပတဲ့၊ နွေးထွေးလုံခြုံတဲ့ ဒီသက်ကယ် ဂေဟာလေး မရှိတော့တာ နှစ်ပေါင်း(20) ကြာခဲ့ပေမယ့်၊ ပြန်တွေးလိုက်ရင် ရုပ်ရှင်အနှေး ပြကွက်လိုပဲ၊ ဟိုးအတိတ်ကို တရိပ်ရိပ်နဲ့.........................

အဲဒီနေ့ပေါ့ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တော့ နေ့လည်စာ စားပြီး၊ သကာလ အငယ်ကောင်လေးနဲ့ ကျွန်တော် အိမ်ရှေ့က ခေါင်းလောင်းပန်းပင်အောက်မှာ၊ ဖျာလေးခင်းပြီး ကျွန်တော်က ကာတွန်းစာအုပ်နဲ့၊ အငယ်ကောင်က ဘေးမှာ အိပ်ပျော်နေတယ် လောကကြီးက သူနဲ့ ဘာမှမဆိုင်တဲ့ရုပ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ပဲ၊ အဲဒီတုန်းက အငယ်ကောင်က 2 နှစ်၊ ကျွန်တော်က 12 နှစ်၊ ကျွန်တော် ကာတွန်းစာအုပ်ထဲ စီးမျောလို့ကောင်းနေတုန်း၊ ပတ်ဝန်းကျင်က ပုံမှန်မဟုတ်တော့သလိုပဲ၊ တစ်အောင့်နေတော့ မီးလှန့်သံချောင်းသံ ကြားရတော့တာပဲ၊ ဒါနဲ့ ကျွန်တော် ဘေးခြံက အဖွားအိမ်ကိုပြေးပြီး ဘယ်မှာမီးလောင်နေလည်းပေါ့၊ အဖွားအိမ်က ရှေးခေတ် နှစ်ထပ် အိမ်မြင့်လေ၊ အပေါ်ထပ်ပြေးတက်ပြီး ကြည့်လိုက်တော့၊ ဟိုးရေကန်တောင်ခြေ အောက်နားမှာ မီးခိုးတွေ အူတက်နေတာတွေ့ရပါရဲ့၊ သြော် အဝေးကြီးပါဆိုပြီး ကျွန်တော် အိမ်ပေါ်က ပြန်ဆင်းခဲ့တယ်၊ အငယ်ကောင် နိုးနေမှာစိုးလို့လေ၊ ဒါနဲ့ ကျွန်တော်လည်း အိမ်ထဲဝင်ပြီး အဖေ့ကိုနိုးရတာပေါ့၊ အိမ်ထဲမှာ အဖေရယ်၊ အလတ်မရယ်၊ နို့ညှာ အငယ်မနဲ့ အိပ်နေတာလေ၊ ''အဖေ ထထ... ဟိုမှာမီးလောင်နေတယ်'' အဲဒါနဲ့ အဖေက နိုးလာပြီး၊ ''ဟေ ဘယ်မှာလည်း သားရဲ့'' ကျွန်တော်လည်း အဖေကိုခေါ်ပြီး အဖွားအိမ်ပြန်ပြေးတက်ပြီး ကြည့်တော့ မီးကတော်တော်မြန်တာပဲ လမ်းတစ်ဝက်တောင် ရောက်နေပြီ၊ အဲဒါနဲ့ အဖေက “သားရေ မဖြစ်ဘူး မီးက အရမ်းမြန်တယ် လာလာ” ဆိုပြီး အောက်ကို ပြေးဆင်းခဲ့ကြတယ်။

အဲ့ဒီလိုနဲ့ အောက်ရောက်တော့ အငယ်ကောင်ရော၊ နို့ညှာရော၊ အလတ်မရော ငိုနေပြီ။ ပတ်ဝန်းကျင်က ပိုပြီးတော့ ဆူညံလာပြီ၊ လူတွေလည်း ဟိုပြေး ဒီပြေးပေါ့၊ ကောင်းကင်မှာလည်း မီးခိုးတွေကြီးပဲ၊ လေကလည်း တိုတ်လာပြီ၊ ကျွန်တော်က အငယ်ကောင်ကို ကျောပိုး၊ အလတ်မကို လက်ဆွဲ၊ အရေးကြီး စာရွက်စာတမ်းထဲ့ထားတဲ့ လွယ်အိတ်ကို လွယ်ပြီး၊ အဖေက နို့ညှာကို ကျောပိုးပြီး ''သား မင်းအရင်ပြေးတော့ အဖေ သယ်လို့ရတဲ့ ပစ္စည်းတွေ ရေတွင်းထဲ ပစ်ချဦးမယ်'' ကျွန်တော်လည်း သုတ်ချေတင် တော့တာပေါ့၊ အဲဒီအချိန်မှာ အမေက ဈေးကြီးထဲမှာ အထည်ရောင်းနေတယ်၊ အစ်ကိုနဲ့ အစ်မက ရပ်ကွက်(8)က အမျိုးအိမ်ရောက်နေတယ်၊ 12နှစ်သားအရွယ် ကျွန်တော်က အငယ်ကို ကျောပိုး၊ အလတ်ကိုလက်ဆွဲနဲ့ ပြေးတာ လမ်းတစ်ဝက်လည်းရောက်ရော ဈေးထဲက အပြေးပြန်လာတဲ့ အမေက ကျွန်တော်တို့ မောင်နှမကို မှီလာတယ်၊ ကျွန်တော် ၀မ်းသာလိုက်တာ၊ အားရှိလိုက်တာဗျာ။

အမေက '' သား ပေးပေး'' ဆိုပြီး အငယ်ကောင်ကိုချီပိုး၊ လာဆိုပြီး ကျွန်တော်နဲ့ အလတ်မကို လက်ဆွဲပြီး၊ လေတိုက်ရာ ဆန့်ကျင်ဘက်ကို ပြေးတော့တာပဲ၊ ကျွန်တော်ပြေးနေတာက လေကြောင်းသင့်ရာဖြစ်နေတာကိုး၊ ''အမေ အိမ်မှာ အဖေနဲ့ အငယ်မ ကျန်နေရစ်တယ်'' ''သား မပူနဲ့ သားအဖေ လိုက်လာလိမ့်မယ်'' ဆိုပြီး ဟိုး ဆန့်ကျင်ဖက် ကျောက်တိုင်ကွင်းကို ပြေးတော့တာပဲ၊ အိုး ပတ်ဝန်းကျင်ဆိုလည်း ငရဲပွက်နေတဲ့ အတိုင်းပဲ၊ ငိုယိုအော်ဟစ် နေကြတာ၊ ကောင်းကင်ကြီး တစ်ခုလုံး မီးခိုးတွေနဲ့ မှောင်မည်းနေတာပဲ၊ မီးသတ်ကား ဥသြသံတွေလည်း ဆူညံနေတာပဲ၊ ကျွန်တော်တို့ သားအမိ ပြေးရင်းနဲ့ အောင်သီရိ ရုပ်ရှင်ရုံ နားလည်းရောက်တော့ အစ်ကိုနဲ့ တွေ့တော့တာပဲ၊ အစ်ကိုကလည်း အဖေဆီ သွားဦးမယ်ဆိုပြီး မီးလောင်ရာကို ပြေးတော့တာပဲ၊ ကျွန်တော် နောက်လှည့်မကြည့်ရဲဘူး၊ မီးခိုးတွေနဲ့ ကောင်းကင်ကြီးကို ကြောက်တယ်။

နေ့ခင်း 2 နာရီလောက် ရောက်တော့ အစ်မ၀မ်းကွဲ အိမ်ကိုရောက်လာတယ်၊ လူကသာ အမောဖြေခွင့် ရှိပေမယ့်၊ စိတ်ကမနားရဘူး၊ အဖေနဲ့အငယ်မကို စိတ်ပူနေတယ်၊ ဒီလိုနဲ့ ညနေခင်း 4 နာရီလောက်ရောက်တော့၊ မီးက ဆက်လောင်စရာမရှိတော့လို့လား မသိဘူး၊ မီးရှိန်ကျ သွားပြီ၊ အဖေနဲ့အငယ်မလည်း ရောက်လာပြီ၊ စိတ်အေးရတာပေါ့၊ ''အမေ သားတို့အိမ် မီးလောင်သွားပြီလားဟင်လို့'' ကျွန်တော်က ငိုသံပါ မေးတော့၊ အမေက ''သားရယ် အမေတို့ အိမ်အသစ်ပြန်ဆောက်မှာပေါ့တဲ့ သားတို့ သမီးတို့ ဘာမှမဖြစ်တာကိုပဲ အမေ၀မ်းသာလှပါပြီတဲ့'' အဲဒီညက မေမေနဲ့ အိပ်ပျော်သွားတာ၊ အိုးအိပ်မက်ဆိုးတွေ ကြောက်လိုက်တာ၊ လူတွေ လူတွေ အော်သံတွေ၊ မနက်မိုးလင်းတော့၊ လူကြီးတွေက ပြောနေကြတာ ကြားလိုက်တာ လူတွေ၊ အများကြီးပျောက်နေတယ်၊ အများကြီးလည်း သေတယ်တဲ့ မီးလောင်ပြီးသေတာ ပြေးမလွတ်တာပေါ့။

နေ့လည်လောက် ကြတော့ လူလစ်တုန်း ကျွန်တော် ကိုယ့်အိမ်ကို ခိုးပြီးသွားကြည့်တယ်၊ ဘာမှမရှိတော့ဘူး၊ ထရံကာ သက်ကယ်မိုး ကျွန်တော်တို့ မောင်နှမတွေ နေတဲ့အိမ် ငုတ်တိုတောင် မကျန်ဘူး၊ ရက်ရက်စက်စက် လောင်လိုက်တဲ့မီး၊ ကျွန်တော် တိုင်ငုတ်တိုလေး ကြည့်ရင်း မငိုပဲ မျက်ရည်ကျမိတယ်။ အဲဒါနဲ့ လမ်းမဖက်ကိုလျှောက်လာတော့ အိုး.... မီးလောင်လို့ သေထားတဲ့ လူတွေကို လမ်းမမှာ တန်းစီထားတာ အများကြီး၊ မျက်စိတစ်ဆုံးပဲ၊ မီးလောင်လို့သေတာ ရုပ်တောင်ဖမ်းလို့မရဘူး၊ မိသားစုဝင်တွေ ပျောက်နေတဲ့ လူတွေ တငိုငို တရီရီနဲ့ လူပျောက်ရှာနေတာလေ၊ လူမီးလောင်တဲ့အနံ့က ဆိုးလိုက်တာ၊ တစ်ချို့ သားသည်မိခင်လေ ပြေးမလွတ်လို့ သားငယ်ကို ရင်ခွင်ပိုက်ပြီး သေနေတာ၊ မကြည့်ရက်ပါဘူးဗျာ၊ ပြောမယ်ဆိုရင် မြင်ကွင်းက ဘယ်လိုမှ ကြည့်မကောင်းဘူးဗျာ၊ စာရင်းချုပ်တော့ သေတဲ့လူတွေ အယောက် (300) ကျော်တယ်ဗျာ။

ဘာလို့ ဒီလောက်တောင် သေရလည်းဆို၊ ကျွန်တော်တို့ ရပ်ကွက်ရဲ့ အရင်လမ်းဖွဲ့စည်းပုံက ၀င်္ကဘာလိုပဲ၊ ပြီးတော့ အိမ်တွေက သက်ကယ်မိုး ထရံအိမ်တွေများတယ်၊ မီးကအရမ်းမြန်တယ်၊ ပစ္စည်းဥစ္စာကို မက်လို့ သေတာလည်းများတယ်၊ ခုတော့ အဲဒီရပ်ကွက်က လွန်ခဲ့တဲ့ 20 နှစ်နဲ့ အရမ်းကို ကွာခြားနေပါပြီ၊ ဒါပေမယ့် ကျွန်တော့ အတွေးတွေ အဲဒီအချိန်ကို ပြန်ရောက်သွားရင် မြင်ကွင်းတွေဟာ ပုံရိပ်တွေလို ပြန်ထင်လာ မြင်လာနေဆဲပါပဲ။ သက်ကယ်မိုး ထရံကာ အိမ်လေးရယ်၊ ခေါင်းလောင်းပန်းပင်လေးရယ်၊ ဖျာတစ်ချပ်နဲ့ ကာတွန်းစာအုပ်လေးပေါ့ဗျာ..........

ဇရာ

Thursday, October 16, 2008
ကျွန်တော် ဇရာကို စိတ်ဝင်စားတယ်၊ ငယ်ငယ်တုန်းကရယ်လို့ မပြောချင်ပါဘူး၊ ခုလို ဘ၀ကို နည်းနည်းပါးပါး သိလာတတ်လာတော့ အရမ်းကို စိတ်ဝင်စားလာတယ်၊ အရွယ်လည်း မငယ်တော့ဘူးလေ၊ ဒီနေ့တော့ အရမ်းကို စိတ်ဝင်စား မိတယ်၊ စိတ်ဝင်စား စရာ အကြောင်းလည်း ရှိတယ် ရှိခဲ့တယ်၊ ညီမငယ် မယ်ဂုမိ တင်ထားတဲ့ ဓါတ်ပုံ အပြည့်အစုံ ဆိုရင် အဖွားအို နဲ့ ကလေးငယ် ဓါတ်ပုံပေါ့။

အဲဒီတော့ ဒီနေ့ ကျွန်တော် ငယ်ငယ်က သိမ်းထားတဲ့ ဓါတ်ပုံအယ်ဘမ်ကို ထုတ်ပြီး ကြည့်မိတယ်၊ ကြည့်မှန်တစ်ချပ်နဲ့ ငယ်ငယ်က ဓါတ်ပုံကြည့်လိုက်၊ မှန်ချပ်ကိုကြည့်လိုက်နဲ့၊ ကျွန်တော့် အတွေးတွေ ငယ်ဘ၀ကို အလိုလိုရောက် သွားတော့တာပေါ့....................

ကျွန်တော်ဆိုတဲ့ ရှင်ရဲထွတ် (ကိုယ်ဟာကို ပေးထားတဲ့ နာမည်ပါ) ဓါတ်ပုံကိုစတင်ပြီး ပထမဆုံးလား ဘာလားတော့ မသိဘူးပေါ့၊ အဲဒီပုံလေးကို စပြီး တွေ့ဖူး မြင်ဖူးတာပေါ့၊ လားရှိုးမြို့ တရုတ်ဘုံကျောင်းမှာ ကျွန်တော့် အထက်က အစ်မရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပေါ့ ။ ကျွန်တော် ကိုယ့်အားကို ကိုးပြီး
မထိုင်နိုင်သေးဘူးဗျ၊ အဖေက နောက်ကနေ ထိန်းပြီး ထိုင်နေတဲ့ ပုံစံလေးပေါ့။ဘေးမှာ အစ်မရယ်၊ အစ်ကိုရယ်ခြံရံ ပြီးတော့လေ၊ လုံခြုံလိုက်တာ နွေးထွေးလိုက်တာ...
ဒီလိုနဲ့ နေ့ကိုလစား၊ လကိုနှစ်စား၊ ကြီးပြင်းလာတော့ ခုလို ဒီအချိန်မှာ၊ တိုင်းတစ်ပါးမှာ ဘ၀ကို ရုန်းရမယ် ကန်ရမယ် ဆိုတဲ့အသိမျိုး အတွေးမျိုး၊ အိပ်မက်ထဲမှာတောင် မက်ခဲ့ဖူးမယ် မထင်ပါဘူး၊ မက်လည်း မမက်ခဲ့ဖူးဘူး။ ။ ။

ထားလိုက်ပါ လိုရင်းပျောက်သွားပါဦးမယ်၊ အင်း ငယ်ဘ၀တုန်းက ရှစ်နှစ်၊ ကိုးနှစ်အရွယ်ပေါ့၊ ဟား ကမြင်းလိုက်တာ၊ ဆော့လိုက်တာ၊ မျောက်ရှုံးတာပေါ့။အဲ အဲဒီတုန်းက ရေကောင်းကောင်းကူးတတ်ပြီဗျ၊ အစ်မ၀မ်းကွဲ အိမ်က လားရှိုးမှာ ပထမဆုံးသော ရေကူးကန်နဲ့ စကိတ်ကွင်း စဖွင့်တာလေ၊ အိုး ကလေးကြိုက်ပေါ့ဗျာ၊ ငယ်ဘ၀ရဲ့ သွက်လက်ချက်ချာမှုကို ပြောချင်တာပါ၊ မောရမှန်း ပန်းရမှန်းလည်း မသိဘူးပေါ့၊ ပြီးရင် BMX ဆိုတဲ့ စက်ဘီးခေတ် ရောက်လာပါရော၊ ညို့သကျည်းမှာ ဒဏ်ရာတွေ မနည်းဘူး၊ ဟဲဟဲ လက်စွမ်းပြတာပေါ့၊ ရှေ့စီး နောက်စီး ခေါင်းထောင် တတ်သင့်တတ်အပ်တဲ့ ငယ်ဘ၀က ပညာလေးတွေပေါ့၊ ကမြင်းရုံပဲ သိတတ်တဲ့ အဖြူစင်ဆုံးသော ငယ်ဘ၀ပေါ့ဗျာ......................

ကျောင်းအတန်းပညာ နည်းနည်းကြီးလာတော့၊ ကမြင်းတာ နည်းနည်းလျော့ သွားတာပေါ့ဗျာ၊ အဲ အဲဒီမှာ ကိုယ်ဖန်တီးတာ မဟုတ်တဲ့၊ ဘ၀ အပြောင်းအလည်းကြုံရပြီ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်တော် အရွယ်နဲ့ မမျှအောင် ကြုံလိုက်ရတယ်ဗျ၊ ပညာရေးပါ တစ်ဦးတစ်ယောက်အတွက် စတေးပေးလိုက်တယ်
ထားလိုက်ပါဗျာ၊ အင်း အဲလိုနဲ့ပဲ ဘ၀ဆိုတဲ့ စကားလုံး ထဲမှာပဲ ကျင်လိုက် လည်လိုက်နဲ့ မှတ်မှတ်ရရ 1998 လောက်ကလား (သေချာမမှတ်မိပါ) ကျိုတ်ထီးရိုး ဘုရားဖူးကို အစ်မရယ် သူ့သူငယ်ချင်းတွေရယ်၊ ကျွန်တော်ရယ် သွားဖူးကြတာ၊ ပထမဆုံးသော ကျွန်တော်ရဲ့ ကျိုတ်ထီးရိုး ဘုရားဖူး ခရီးစဉ်ပေါ့ဗျာ၊ ပထမဆုံး ခရီးစဉ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်အောင် သူတို့က ကားနဲ့တက်မယ်တဲ့၊ ကျွန်တော်က လမ်းလျှောက်တက်မယ်ဆိုပြီး တက်ခဲ့တယ်၊ ကင်ပွန်းစခန်းကနေ ကျွန်တော် နေ့လည် 12 နာရီတိတိမှာ ခရီးစခဲ့တယ်၊ လမ်းကိုမှန်မှန်လျှောက်လိုက် ပြေးလိုက် တက်လိုက်နဲ့ တက်တာ၊ ဘုရားရင်ပြင်တော်ကို 2း45 မိနစ်တိတိမှာ ရောက်တယ်၊ မမောဘူး မပန်းဘူးနော်၊ ခု 2008 မှာ၊ အတိအကျဆိုရင် စင်္ကာပူမှာ ကျွန်တော်နေတာက tanjong pagar မှာ၊ အဲဒီကနေ ဘာမှမဝေးတဲ့ city hall ဆိုတဲ့ ပင်နီဆူလာကို လမ်းလျှောက်တာ မောချင်သလိုပဲ အသက်အရွယ်ရဲ့ ကွာဟမှုကို ပြောချင်တာပါ။ ။ ။(ဇရာပေါ့ဗျာ)

လိုရင်းကို ပြောချင်တာက ငယ်ငယ်က ဓါတ်ပုံတွေ အများကြီးပါပဲ၊ ဓါတ်ပုံထဲက ကျွန်တော်နဲ့ ခုကြည့်နေတဲ့ မှန်ထဲက ပုံနဲ့ကို နှိုင်းယှဉ်ကြည့်တော့၊ ဘုရားရေ တော်တော် ကွာခြားနေပါလားပေါ့၊ မျက်လုံး၊ အသားအရေ၊ အိုမင်းရင့်ရော်မှု၊ အရမ်းကို ကွာခဲ့ပြီကော၊ ဒါဆို တစ်ခုပြန်တွေးကြည့်တယ်၊ လက်ရှိ အိုမင်းရင့်ရော်မှုကို ပိုင်ဆိုင်နေပြီ၊ ကုန်လွန်ခဲ့တဲ့ အချိန်ရော အကျိုးရှိတာ ဘာလုပ်ခဲ့လည်း??? အသင်တို့ရော ဘာလုပ်ပြီးသွားပြီလည်း??? တစ်ရက်ပြီး တစ်ရက် တစ်နေ့ပြီး တစ်နေ့၊ ဇရာ ဆိုတဲ့ တရားက ချဉ်းကပ်လာပြီနော်၊ ဘာလုပ်ကြမှာလည်း? ဘာလုပ်သင့်လည်း? ဘာလုပ်မှာလည်း? ရွေးချယ်ဖို့ ကောင်းနေပြီနော်၊ (မယ်ဂုမိ ဓါတ်ပုံထဲကလို ကလေးက ကျန်ခဲ့ပြီ) အဖွားအို ပုံစံပဲ မကြာခင် လာတော့မှာ၊ ကျိန်းသေပေါက်လာမှာနော်၊ အကောင်းဆုံး ပုံစံနဲ့ ''ဇရာ'' ကိုကြိုဆိုနိုင်ကြပါစေလို့၊ ဒီဇရာဆိုတဲ့ ပို့စ်ကို ရေးသားရပါတယ်။ ။ ။

မှတ်ချက် (ဒီပို့စ်ကို ရေးသားဖြစ်အောင် စိတ်ကူးရအောင် သွယ်ဝိုက်သော နည်းလမ်းဖြင့် ကူညီပေးသော ညီမငယ် မယ်ဂုမိကို ကျေးဇူးတင်ပါတယ်)

''ဇရာ'' သည် မကြာမှီ လာမည်နော်********

အချစ်

Thursday, October 9, 2008
ချစ်တယ်
ဘာလည်း
ပိုင်ဆိုင်ဖို့လား
မဟုတ်ပြန်ဘူး
စွန့်လွှတ်ဖို့လား
မဟုတ်ပြန်ဘူး
သြော်..သိပြီ
ညီမျှခြင်း....
တူညီမှ
အချစ်တည်တန့်မယ်

ဖြစ်သလို ကြုံသလို စားသုံးခြင်း

Tuesday, October 7, 2008
လုပ်ချလိုက်ပြန်ပြီ တစ်မျိုး ''ဖြစ်သလို ကြုံသလို စားသုံးခြင်း'' တဲ့ ။ခက်တာပဲ... ငယ်ငယ်ကတည်းက ဖြစ်သလို၊ ကြုံသလို မစားခဲ့ဖူးတော့၊ဘယ်လိုရေးရပါ့၊ အတွေးလှအောင် tag ရက်တယ်ညီမလေးရယ်။ဖြစ်သလိုကြုံသလိုမစားခဲ့ဖူးတော့လည်း၊ ကြုံခဲ့ ဖြစ်ခဲ့တဲ့ စားသောက်ခြင်းပုံစံကို၊ ညီမလေးကို ပြောပြမယ်၊ညီမလေးရဲ့နီးစပ်ရာအသိုင်း၊အ၀ိုင်းကိုလည်း ပြောပြလိုက် ပေါ့နော် ။ ( လွတ်လပ်သော မိန်းမချောများ ) မှတ်ချက်*

ဒီအကြောင်းကို စပြောရရင် ငယ်ဘ၀က စရမှာပဲ၊ မောင်နှမ များတဲ့ မိသားစုကနေဆင်းသက်လာတဲ့၊ ကျွန်တော်မျိုး ရှင်ရဲထွတ် ဟာလည်း၊ မိခင်ရဲ့ အမျှော်အမြင် ကြီးခြင်း၊ပုံစံသွင်းခြင်း၊ များနဲ့အတူ မီးဖိုချောင်ကို ကြီးစဉ်ငယ်လိုက်၊ အကူလိုက် ပေးခဲ့ရတဲ့၊မိခင်ရဲ့ စီမံမှုကြောင့်၊ (ကျား၊မ မခွဲခြားပါ)* ဟင်းချက်ခြင်း၊ အတတ်ပညာကို ငယ်စဉ်ခါကပင် တတ်ကျွမ်းလာခဲ့ရတော့သည်ပေါ့။ (မောင်နှမအားလုံး)*

ခုတော့ နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ၊ ပျင်းရိငြီးငွေ့ဖွယ် လုပ်ငန်းခွင် ၀င်နေပေမယ့်၊တတ်သည့် ပညာမနေသာဆိုသလို၊ မအားလပ်တဲ့ကြား စားသောက်ခြင်း ကိစ္စကို၊ဖွယ်ဖွယ်ရာရာနဲ့ အပင်ပန်းခံပြီး၊ ကိုယ်တိုင် ဈေးဝယ်၊ ကိုယ်တိုင်ချက်ပြုတ်၊
စားသောက်လာတာ ၆ နှစ်ကျော် လာပါပြီ။

ကျွန်တော့်ရဲ့ တစ်နေ့တာ ပုံမှန် စားသောက်တဲ့ စတိုင်ကို အကြမ်းဖျင်း ပြောပြမယ်။မနက်စာဆိုရင် ရှမ်းခေါက်ဆွဲ စားတတ်တယ် အရမ်းကြိုက်တာ၊ (ရှမ်းလူမျိုးမို့ပါ)*ဒီအတွက် ဘာကိုကြိုတင် စီမံထားရတာလည်း ဆိုရင်၊ အထားခံ တာရှည်ခံ၊မရှိမဖြစ်တဲ့ ( ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးဆီကျက်၊ ပါကော့ချောင်ကော့)စတာတွေကို ပြုလုပ်ပြီး ပုလင်းလေး၊ ဗူးလေးတွေနဲ့ ကြိုတင် လုပ်ထားရတာပေါ့။ကြက်သားဖြစ်ဖြစ်၊ ၀က်သားဖြစ်ဖြစ်၊ ကီလိုဝက်လောက် ချက်ပြီး ရေခဲသေတ္တာထဲသိမ်းထားရုံပဲ၊ တပတ်စာလောက်တော့ ခိုင်ပြီပေါ့။ အလုပ်က မနက် ၇ နာရီဆိုတော့၊၅း၃၀ လောက်ထ၊ ရေနွေးတည်၊ ရေနွေးဆူလာရင် ကိုးကန့် လ္ဘက်ခြောက်လေး နှပ်ထားလိုက်၊ပြီးရင် ရေမိုးချိုး၊ အိုကေ အနေတော်အိုးလေး တစ်လုံးထဲ ဆူနေတဲ့ ရေနွေးလောင်းထည့်၊ မီးဖိုပေါ်တင်၊ ဗွက်လာရင် ညကစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲကို တစ်ပန်းဂံစာ မှန်းထည့်၊ပျော့သွားရင် ပန်းဂံလုံးထဲထည့်၊ ချက်ထားတဲ့ အသားကိုထည့် (ကြက်သွန်၊ငရုပ်သီး၊ပါကော့ချောင်ကော့)
ဆီကျက်ကိုထည့်၊ ကြာညို့ထည့်၊ ကြက်သွန်မိတ်လေးနဲ့ သင်းပျံ့မွှေးကြိုင်ပြီး၊ အကောင်းဆုံး၊မနက်စာ ရှမ်းခေါက်ဆွဲ လေးပဲပေါ့။ (မနက်စာအတွက်နော်)*

နေ့လည်စာတော့ အလုပ်ထဲက canteen မှာပဲ၊ အဆင်ပြေသလိုပေါ့၊ ကြက်ဆီထမင်းစားလိုက်၊ ဘဲကင်စားလိုက်၊ သိပ်မထူးခြားပါဘူး။.........

ကဲလာပြီ ညနေစာ dinner ပေါ့ဗျာ....လုပ်ငန်းခွင် သိမ်းဆည်းချိန်နီးလာရင်၊ စဉ်းစားမိပြီ ... ရေခဲသေတ္တာထဲမှာ ဘာရှိလည်း၊အိုး.... မနေ့က ၀ယ်ထားတဲ့ ၀က်အသည်း၊ ကိုက်လန်ရွက်၊ ဆေးဘဲဥ၊ စွမ်ထန်လည်းရှိသေးတာပဲ၊
အိမ်ပြန်ရောက်တာနဲ့ အ၀တ်လဲ၊ မီးဖိုချောင် ၀င်ပြီဗျာ။ဝက်အသည်းကို ရေခဲသတ္တာထဲကထုတ်၊ ကိုက်လန်ရွက်ကိုချိုး အရင်းကို ဓါးပြားရိုက်၊ ရေဆေးဇကာနဲ့ ရေစစ်ထားလိုက်၊။ ဆေးဘဲဥ အခွံခွာ၊ ကြက်သွန် ဖြူ၊နီ ခွာထား၊ ချင်းခွာထား၊ ငရုပ်သီးစိမ်း ဓါးပြားရိုက်၊ စွမ်ထန်အတွက် ရေနွေးတည်ထားလိုက်၊ ထမင်းအိုး တည်ထားဖို့လည်း မမေ့နဲ့ဦး။

ဝက်သည်းကို အနေတော် ပါးပါးလေးလှီးပြီး ပန်းဂံထဲမှာ ဟင်းချက်ဝိုင်နဲနဲ၊ ကြာညို့နဲနဲ၊ဆား၊ ဟင်းချိုမုန့်နဲ့ နှပ်ထားလိုက်၊ ချင်းကို သေးသေးမျှင်မျှင်လေးလှီးထား၊ ကြက်သွန်နီ လေးစိပ်ကွဲလေးပေါ့၊ ငရုပ်သီးစိမ်းဓါးပြားရိုက်၊ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ရယ်ဒီလုပ်ထားတာပေါ့။

ကိုက်လန်အရင်ကြော်မယ်နော်၊ ဒယ်အိုးကောင်းကောင်း ဆီပူတည်မယ်၊ ဆီပူလာရင် ကြက်သွန်ဖြူကိုပစ်ထည့်၊ ဆီမွှေးလာရင် ကိုက်လန်ကိုထည့်၊ ဆား အချိုမှုန့် ပစ်ထည့်ပြီး အဖုံး ဖုံးထားပေါ့၊ မီးပြင်းပြင်းနဲ့မိနစ်ဝက် ခရုဆီထည့်၊ ရေနဲနဲလေးထည့် ရှဲရှဲရှဲ အိုး ရပြီပေါ့၊ ကိုက်လန်ကြော် စိမ်းစိမ်းစိုစိုလေး။

ဆေးဘဲဥ သုပ်မယ်၊ ဆေးဘဲဥကို လှီး ပန်းဂံထဲထည့်၊ ကြက်သွန်နီ ပါးပါးလေးလှီး ရေဆေးပေါ့ မမွှန်အောင်ပေါ့၊ပြီးရင် ငရုပ်ဆီကောင်းကောင်း ကြက်သွန်၊ငရုပ် ဆီကျက်၊ ကြာညို့၊ သံပုရာသီလေးညှစ်၊ ဆားအချိုမှုန့်ထည့်၊ ဖွဖွလေးနယ်ပေါ့လေ။

ဝက်အသည်းကြော်မယ်၊ ချင်းပါးပါးလေးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီလေးစိပ်ကွဲရယ်၊ ငရုပ်သီးစိမ်းရယ်၊ ဆီပူပူလေးမှာ မွှေးလာအောင်ကြော်ပေါ့၊ ပြီးရင် ၀က်အသည်းကို ပစ်ထည့်ပေါ့၊ အကြာကြီး မကြော်ရဘူးနော်၊
ဝက်အသည်းက ကြာကြာကြော်ရင် မာသွားတတ်တယ်၊(သတိပြု)*

စွမ်ထန်ဟင်းရည်တော့ လွယ်ပါတယ်၊ ဆူနေတဲ့ ရေနွေးထဲ ချင်းထည့်၊ ငရုပ်သီးစိမ်းထည့်၊ စွမ်ထန်ထည့်၊ ဆားအချိုမှုန့်ထည့်၊ သုံးမိနစ်ပေါ့၊

ဟား.... အားလုံးစားပွဲပေါ်ရောက်ပြီ၊ ရေချိုးမယ်၊ စားချင်တဲ့လူ မြန်မြန်လာနော်၊ ကဲညီမလေး မယ်ဂုမိရေ စားရအောင်ဟေ့............

ရစ်သမ်

သီချင်းတစ်ပုဒ်တဲ့
ဆိုဖို့နေနေသာသာ
ကြိုးညှိနေတာနဲ့တင်
မိုးလင်းခဲ့တော့
ရစ်သမ်တောင်
မခေါက်လိုက်ရဘူး
အရေးထဲ
သုံးကြိုးက '' ထောင်ကနဲ ''
ဟာ...ကွာ...........

မမှားနဲ့

Monday, October 6, 2008
ဒီမှာ
အလင်းရောင်ထိတဲ့
ဘော်လုံးတစ်ခြမ်းဟာ
နင့်ကမ္ဘာလို့
စွဲမြဲနေမယ်ဆိုရင်
လဆိုတာ
ညမှလင်းတာကို
နင်ဘယ်တော့မှ
မမေ့ပါနဲ့
ဒါတောင်မှ
နေမင်းကြောင့်
လရောင်လင်းရတာပါ
ပြီးတော့ နင်ဟာ
လရောင်ကို မှီခိုနေရတဲ့
ကြယ်စင် သာသာပါကွာ.......

ပဉ္စလက်

Sunday, October 5, 2008
မာယာတစ်ဖက်
ဂစ်တာတစ်လက်
မှော်ဆရာလက်လို
တီတီတာတာထွက်တဲ့
နင့်နှုတ်ခမ်းထက်က
ပဉ္စလက်အတတ်နဲ့
ငါ့နှလုံးသားကို
အမဲဖျက်ဖို့
ကြိုးစားနေတာလား
ကန့်လန့်ကာတစ်ဖက်က
လူကိုနေရာလှည့်လိုက်ရင်
နင်ခံနိုင်ရည်ရှိအောင်
အဖက်ဖက်က
ပြင်ဆင်ထားပေါ့ကွာ
ကံကြမ္မာဆိုတာ
လည်တတ်တယ်.............