အရင်က ပန်းချီကား

Thursday, April 30, 2009
ည....ပိန်းပိတ်လို့
မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်

စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား

ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်


ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်


အလွမ်းသင့်ရာ

Saturday, April 25, 2009
စိမ်းရေပြာ ချောင်းငယ်နံဘေးဆီက
အနားသတ် မြက်ခင်းစိမ်းလေးတွေ
ဖြူလွှလွှ ချယ်ရီပင်ပျိုအောက်
ချစ်သူနှစ်ဦးရယ်လေ

ဟော.......ကြည့်ပါဦး
စမ်းရေလည်းခမ်း
ပန်းတွေလည်းနွမ်း
အသည်းတွေလည်း ကျွမ်းလို့

နှောင်းတစ်မြည့်မြည့်နဲ့
ဟောင်း....ဟိုအတိတ်ဆီက
တမ်းတတယ်ဆိုပေမယ့်
ဆန်းသစ်ကယ် မရတော့တာမို့

အလွမ်းသင့်ရာကိုပဲ မျောချလိုက်တော့မယ်

ပွင့်စေချင်သေး

Thursday, April 23, 2009
ပင်လုံးကြိုင် လှိုင်ခဲ့သည့်ပန်း

သွေ့ခြောက်ကာ တစ်ခါနွမ်းပြန်ပေါ့

နှောင်နှစ်ခါ အတာကူးရင်ဖြင့်

ချစ်ဦးသူ ဆံကေသာထက်ဝယ်

တစ်ခိုင်နှစ်ခိုင် သင်းပြိုင်မွှေးစေဖို့

ပန်ပေးချင် ဒီမောင့်အသည်းမှာလ

နှောင်နှစ်သင်္ကြန် ချိန်ပြန်ရောက်ရင်ဖြင့်

ပင်လုံးလှိုင် ကြိုင်ကြိုင်သင်းအောင်

ပွင့်စေချင်သေး


ပင်လုံးကြိုင်

Wednesday, April 8, 2009
မြရည်ရွက်စိမ်းတွေ ကြားက

ရွှေအိုရောင် ဖူးစုံငယ်လေးတွေ

ပုလဲပွင့်ထွေခင်း ရှပ်တိုက်ပြေးရုံနဲ့

မြသားကို ရွှေပုဝါလွှမ်းလို့

ပင်လုံးလှိုင် ကြိုင်ပါရော့လား.......!

ရွှေဝါပိတောက်

Saturday, April 4, 2009
သင်းထုံအီမွှေး
ဆင်းရောင်ခြည်သွေး
ဝင့်ကာမြူထွေး
နေခြည်ပိတောက်
ရွှေရည်ဖောက်လို့

မိုးတစ်စက်ဖြန်း
ပွင့်သောပန်းများ
တာကူးချိန်မှာ
မယ်မြူးစေဖို့
ပျိုပျိုတို့ရေ

အခါမလင့်
ချိန်ခါသင့်လို့
ရွှေဝါပိတောက်
သင်္ကြန်ရောက်အောင်
အကြိုတော်ရယ်.....ထောက်ခဲ့လေပြီ

ပိတောက်

Tuesday, March 31, 2009
ပိတောက်ရယ်တဲ့
ရွှေရောင်ပြောင်ပြောင်
ရင်ထဲကိုညှိ
အဖော်သိသို့
တစ်နှစ်တစ်ခါ
ရွှေပွဲလာလည်း
ဧည့်သည်သာပြောင်း
ချစ်မဟောင်းခဲ့
ဝါ၀ါမြင်ရင်
ရွှေထင်ကဲ့သို့
ဒီနှစ်သင်္ကြန်
ချောလှစုံလည်း
ငါသည်နေမည်
ဤပုံစံသို့
အပ္ပမာဒေန
သမ္မာဒေထ....!

ရွှေလက်ရာ

Sunday, March 22, 2009
တိမ်နံရံမှာ
ချစ်ခြင်းသီဖွဲ့
ကဗျာတစ်ပုဒ်
အဟုတ်မှတ်လို့

ကန်ရေပြင်မှာ
သွေးစုတ်ချက်ရမ်း
ပန်းချီစမ်းတာ
အဟုတ်မှတ်လို့

တိမ်လွှာမှာလည်း
ကဗျာမကျန်
ရေပြင်မှာလည်း
အရုပ်မရှိ

အပြုံးတုကို
ရုပ်ထုမှတ်လို့
ရွှေလက်ရာလည်း
ရုပ်ဖြစ်ကြွင်းပြီ

စီးဆင်းခဲ့သည်များ....

Thursday, March 19, 2009
အစ်ကို ဒီနေ့ လစာထုတ်ရက် မဟုတ်လား..? အိမ်စောစော ပြန်လာနော်.! အစ်ကိုပြန်ရောက်မှ ညစာဝယ်ချက်ရမှာ!

အငယ်လေးရေ အုတ်နှစ်ချပ်လောက် မြန်မြန်ဟ..! ညနေဆို နင်လန်းပါပြီကွာ..! ဒီနေ့ လုပ်အားခ ရှင်းမယ့်နေ့ကွ!

ဟူး.... ခုမှပဲ လန်းတော့တယ်..! ကဲလာ.. အလုပ်ခေါင်းမှာ ငွေသွားထုတ်ရအောင်...!

ညီလေးရေ ခဏလေးကွာ...! ဆိုက် မန်နေဂျာ မလာသေးဘူးကွ...!

ကိုတိုးရေ... ဘော့စ်က ပြန်မလာသေးဘူးကွ..! ကိုယ်ဖုံးဆက်ကြည့် လိုက်ဦးမယ်...!

ဟဲလို... ဘော့စ်လား... ? ကျွန်တော် မန်နေဂျာပါ...! အလုပ်သမားတွေ ဒီနေ့ လုပ်အားခရှင်း...ရှင်း....!

အေ့..... မန်နေဂျာလားဟေ... အေ့...! နက်ဖြန်မှ ရှင်းပေးလိုက်ကွာ... အေ့.... ခု..ငါ မအားသေးဘူးကွ....အေ့..!

ညီမလေးရေ.... ဖေကြီး ပြန်လာပြီ....!

ဖေကြီး ဘာဝယ်ခဲ့လည်း..? သားဗိုက်ဆာလှပြီ! မီးလည်း ဆာတယ် ဖေကြီး..!

အစ်ကို ပြန်လာပြီလား...? အဆင်ပြေခဲ့လားဟင်...?

မိန်းမရာ လုပ်အားခ မနက်ဖြန်မှ ရှင်းပေးမယ်တဲ့...!

ရှင်.................!




ငုတ်တုတ်

Thursday, March 12, 2009
ကမ္ဘာတစ်လွှား
နေရာများမှ
အလုပ်ကပါး
စိတ်ခြောက်ချားလို့
တွေးတောပူပန်
မှိုင်ရုပ်ဟန်နဲ့
မလှုပ်မရှုပ်
မပြုတ်မူပို
ဟန်ကိုမာန်တင်း
ငေါင်စင်းစင်းနဲ့
ဒေါ်လာကျပ်စေ့
ခေါင်းပန်းညှိလို့
ငုတ်တုတ်ကလေး
ကြည့်နေတာပဲ
ကောင်း.... ကောင်းပါတယ် !


ထာဝစဉ် တည်စေသော်ဝ်

Tuesday, March 10, 2009
8 ရက်နေ့ 3 လပိုင်း 11း 30 am မှ 1း 30 pm အထိ စင်္ကာပူ နိုင်ငံ toa payoh ပန်းခြံ oasis ခန်းမတွင် မင်္ဂလာ ဧည့်ခံပွဲ ကျင်းပပြီးစီး ခဲ့သော ဘလော့ဂါ ( မွေးရပ်မြေ ) နေးတစ် စိုးဝင်းဇော် နှင့် နန်းလင်းဟွမ် တို့အား ဤပို့စ်ဖြင့် ၀မ်းမြောက်ဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

တစ်ဆက်ထဲဖြင့် ဤမင်္ဂလာပွဲအား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လာရောက်နိုင်ခဲ့ခြင်း မရှိခဲ့သည့် အတွက် ဤနေရာမှ ကြင်စဦး ဇနီးမောင်နှံအား အထူးတောင်းပန်အပ်ပါသည်။ ( တွေ့ပုချိ )

ဤဇနီးမောင်နှံသည် ဤအိမ်ထောင်ရှင်ဘ၀ကို ခံယူကြရန် အရေးကြီးဆုံးသည် ဘယ်အကြောင်းအရာနည်း ? ၄င်းတို့နှစ်ဦးအား တွေ့ဆုံခွင့်ပေးရန် လေးနှင့်မြှားကို ကိုင်ဆောင်သော မြှားနတ်မောင်၌ တာဝန်ကျေရပေဦး မည်။ ဖူးစာဟူသည် ထူးလှပေစွ နေးတစ်သည် သဘောထားကောင်းသော တောင်ပိုင်းသား၊ လင်းဟွမ်သည်ကား သဘောဖြူသော မြောက်ပိုင်းသူ ဖြစ်ကြကုန်တော့သည်။

အနှီ မြှားနတ်မောင်၏ ပစ်လွတ်လိုက်သော ချစ်ခြင်းမြှားသည်ကား ထိုနှစ်ဦးကို ညွတ်ကွင်းသွားစေသည့် ဘူမိ နက်သန် နေရာမှန်သည်ကား တောများတောင်များ ၀န်းရံထားသည့် ရှုခင်းထွေထွေ မြောက်ပိုင်းရှမ်းမြေ တစ် နေရာတွင် ဖြစ်လေတော့သည်။

တာဝန်အရ ထိုနေရာ၌ ရောက်ရှိနေကြသော နေးတစ် ခမျာ လင်းဟွမ် သမီးပျိုလေးအား မြင်မြင်ချင်းးပင် ချစ်မိလေသောအား တီတီတာတာ ပလီပလာနှင့် လင်းဟွမ်၏ အချစ်အား မရအရ ငိုပြ၊ရီပြ ခဲ့တော့သည်။

လင်းဟွမ်ခမျာလည်း အမောင် နေးတစ်၏ တစ်နေ့တစ်မျိုး မရိုးရသော ငိုခြင်း ရီခြင်း များကြားတွင် မေတ္တာစိတ်ဝင် ချစ်ခင် ခဲ့ရပြန်သည်တစ်မုံ့ တိတ်တိတ်ကလေးရယ်နဲ့ ကိုနေးတစ်ရယ် ဟောင်ဟတ်ဆူလို့ ပြောခဲ့မည်လို့ ရှမ်းတောင်တန်းကြီးများအား ပြန်မေးကြည့်လျှင် သိရှိနိုင်လိမ့်မည်။

အနှီ ရှမ်းတောင်တန်းကြီးများအား သက်သေထူလို့ ထိုချစ်သူ နှစ်ဦးသည် တူနှစ်ကိုယ် နီးစပ်၍ ပေါင်းဖက်ရန် သစ္စာဆိုလေမည်လား ဆိုသည်ထက် ပတ်ဝန်းကျင် တောတောင်နံရံများတွင် ဤနှစ်ဦး၏ မေတ္တာဖက်သည့် သစ္စာစကားသံများမှာ ယခုထိတိုင် ပဲ့တင်သံ လှိုင်နေဦးမည် ထင်ပါသည်။

ထိုကဲ့သို့ ထားခဲ့ဖူးသည့် သစ္စာ၊ ခိုင်မြဲခဲ့သော မေတ္တာအားကြောင့် ယခုဆိုလျှင် တူနှစ်ကိုယ် နိဗ္ဗန်နန်းတော်အား တည်ဆောက်ပြီးစီး ခဲ့ကြလေပြီ။

ဤကဲ့သို့ နှစ်ကိုယ်သစ္စာ အားဖြင့် တည်ဆောက်ခဲ့သော ဤအိမ် ဤယာအား ရာသက်ပန် သာယာလှပရန် အမောင်နေးတစ် ယောင်္ကျားကောင်း တစ်ယောက်၏ တာဝန်ကို မလစ်ဟင်းစေပဲ၊ အိမ်ထောင်ရှင်မ လင်းဟွမ် သည်လည်း မယားဝတ္တရားများအား ကျေပွန်၍ မိမိခင်ပွန်းအား အကောင်းဆုံး ပါရမီ ဖြည့်ဆည်းပေး နိုင်ပါစေ။

ဤလင်ဤမယား သေတပန် သက်တဆုံး ပေါင်းသင်းနိုင်ကြပါစေ။






နွေဦး လေရူး မောင်ဖုန်း ရူးပြီ

Sunday, March 1, 2009
ဂိမ္မာန်နွေဦး
လေဗွေမြူး၍
ရော်ဝါရွက်ခြောက်
တစ်ဖျောက်ဖျာက်နှင့်
ဝေ့ဝေ့၀ဲဝဲ
လေမှာဝဲလို့
မြင်သူမောင်ဖုန်း
သျှောင်ဆံထုံးနှင့်
ပုဆိုးမချီ
တောင်တောင်အီကာ
ဘေးဘယ်ညာကြည့်
ရင်မချိသို့
ဘယ်ဆီဘယ်မှန်း
လွမ်းရပါ့နည်း

နွေဦးချိန်တွင် လေရူးထွေလို့ မောင်ဖုန်းခမျာ ရူးရှာလေပြီ။

အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း

Saturday, February 28, 2009
ကိုတောင်ပေါ်သား TAG ကို အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း ခေါင်းစဉ်ဖြင့် စာစီကြည့်လိုက်မယ်။

"ပန်သူဦးသော အချစ်"

သူမကို စတင်တွေ့ရှိသော အချိန်တွင် သူမတွင် ချစ်ဦးသူ ရှိနှင့်ပြီး ဖြစ်လေသည်။ သူမနှင့်ကျုပ်တွင် သူငယ်ချင်း သံယောဇဉ်ထက် ပိုသော အတူသွား၊ အတူစား တည်းဟူသော တစ်ဆင့်မြင့် သံယောဇဉ်များ ကိုယ်စီကိုယ်ငှ ရှိ နေကြသည်ကို မျက်ဝန်းတွင်းမှ အဖြေရှာတွေ့ ခဲ့ကြသည်မှာ ကာလ တစ်ခု ကြာရှည်ခဲ့ ဖူးသည်။

အဖြူရောင် သံယောဇဉ် နေ့စွဲများ ရှည်ကြာလာသည်နှင့်အမျှ တီတီတာ တော့မည့် အချစ်အင်အား တစ်ခုသည် အဖြူရောင်နေ့စွဲလေးကို ကာလာခြယ်မှုန်းတော့သည်။ ဤမှစ အဖြူရောင် သံယောဇဉ် ကြားတွင် ခပ်မှိုင်းမှိုင်း နှင်းပါးပါး ခြားနားသလို ဖြစ်ခဲ့ဖူးသည်။

သို့သော် သံယောဇဉ် တည်းဟူသော အရာသည် ဖြတ်တောက်ရန် ခက်ခဲလှလေသည်။ မရိုးသားသော စိတ်ရိုင်း များအား ချွန်းသဏ္ဍန် ကဲ့သို့ ထိန်းအုပ်နိုင်ခဲ့သည်။ သူမအတွက်မူ သားဆိုးလေးအား ခွင့်လွတ်တတ်သော မိခင် တစ်ဦး ကဲ့သို့ မြင့်မြတ်သော စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

မည်ကဲ့သို့ပင် ဆိုပါလေဦးတော့ အချစ်ဆိုသည်ကား အဖြူရောင် သံယောဇဉ် နယ်မြေတွင် ပေါက်ဖွား ခဲ့ဖူးလေ သည်။ လူ့အသိုင်းအ၀ိုင်းတွင် စည်းဟူသော အရာကြောင့်ပင် ဖြစ်ပါလိမ့်မည် သံယောဇဉ် နယ်မြေတွင် ရှင်သန် ခွင့် မရခဲ့သော ဤအချစ်မှ မျိုးတစ်စေ့ သာလျင် ကျုပ်ရင်ပတ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျန်ရစ်ခဲ့သည်ကို ကျုပ်ကိုယ်တိုင်ပင် မသိခဲ့ပေ။

အထက်ပါ အကြောင်းများနှင့် ပက်သက်၍ " ပန်သူဦးလေသောပန်း " ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်အား ဤဘလော့တွင် ကျုပ်နေရာချခဲ့ဖူးသည်။ ( ရှာကြည့်ကြပါကုန် )

ဤသို့ဖြင့် ကာလ တစ်ခုမှသည် နောက်တစ်ခုသို့ ကူးပြောင်း၍သာ နေကြလေတော့သည်။ ဤတွင် မထင်မှတ်ပဲ ပန်သူဦးသောပန်းမှ ကျန်ရစ်ခဲ့သော မျိုးစေ့အား မျှတသော ရာသီ၊ အေးမြသော လေညှင်း၊ နွေးထွေးသော ရောင်ခြည်များ ပေးအပ်သော သူမတစ်ဦး ပေါ်ထွန်းလာခဲ့လေသည်။

ကြင်နာသော၊ ဂရုစိုက်သော၊ အနစ်နာခံသော၊ ထိုသူမ၏ လက်ထဲတွင် အနှီ မျိုးစေ့လေး ခမျာ သက်တောင့်သက် သာ စွာဖြင့် ရှင်သန်ခွင့် ရခဲ့လေသည်။ သို့သော် ထိုသူမသည် ကံအကြောင်း မကောင်းလှစွာဖြင့် ထိုမျိုးစေ့လေး မှာ ပွင့်လန်းလာချိန်တွင် ချိုမြိန်သော အချစ်ပန်း မဟုတ်ခဲ့ပဲ ခါးသက်သော အဆိပ်ပန်းများ ဖြစ်နေခဲ့သည်ကို ထိုသူမ မယုံကြည်နိုင်စွာဖြင့် အဆိပ်ရည်များ စွန်းထင်းကာ အဝေးသို့ ထွက်ပြေးသွားခဲ့ဖူးသည်။

ဤနေရာတွင်လည်း အချစ်ဆိုသည်မှာ သေဆုံးခဲ့ပြီဟု အသင်ထင်နေပါသလော? ထင်မှတ်မှားကြမှာ စိုးသည်။ အချစ်သည် အုတ်ကြိုအုတ်ကြား၊ မာထန်သော ကွန်ကရိ များကြားထဲသို့ပင် ၀င်ရောက် ရှင်သန်တတ်သော ညောင်စေ့နှင့်ပင် အလားသဏ္ဍန် တူလေသည်။ အာရုံ မကျသေး၍တာ နေမည် သေဆုံးသွားခြင်းကား မရှိပေ။

ဤတွင် အရေးကြီးဆုံးသော အချက်တစ်ချက်အား ပြောကြားလိုသည်။ မြွေကစားသော အလမ္မယ်ဆရာသည် တီးမှုတ်သော ပုလွေ သံစဉ်မှန်နေလျင် ငြိမ့်ညောင်းသော မြွေကဟန်ကို စေစားနိုင်သကဲ့သို့၊ သံစဉ်များ မှား ယွင်းခဲ့လျင်လည်း ထိုမြွေသည် ပါးပြင်းခွက်၍ ထပေါက်တတ်သည်ကို သတိမူ ကြပါကုန်။ အချစ်ဆိုသော အရာအား မှားယွင်းခဲ့လျင် မြွေထက်ပင် အချစ်ကဆိုးတတ်သည်။ အချစ်သည် ကစားစရာ မ ဟုတ်သကဲ့သို့၊ ကိုးကွယ်စရာလည်း မဖြစ်သင့်ပေ။ ကိုးကွယ်ခြင်း ခံရသော အချစ်သည် နှလုံးသားကို နှိပ်စက် ကလူ ပြုတတ်သေးသည်။

ဆိုခဲ့ပြီးသည့်အတိုင်း မိတ်ဆွေများ အချစ်ဆိုသည့်အရာနှင့် နဖူးတိုက် ဒူးတိုက် တွေ့ခဲ့ပါမူ၊ အချစ်အား မကျီစယ် ပါနှင့်။ မကိုးကွယ်ပါနှင့်။ မမှားယွင်းပါနှင့်။ အချစ်ဆိုသည့် အရာနှင့် အညမည ဖြစ်အောင်နေကြပါမူ အချစ်သည် သင်တို့အား ပျော်ရွှင်ခြင်းများစွာ ပေးအပ်လိမ့်မည်ဟု ကျုပ်ထင်မိပါသည်။ ဒါပေတည့် ထိုအချစ်သည် လည်း သင့်အား အညမည ဖြစ်ရပါမည်။

သတိ။ အချစ်ဆိုသည့် အရာသည် ကိုယ်ကိုတိုင်ပင် PASSWORD ရှာမတွေ့တတ်သော အလွန်လျှို့ ၀ှက်သည့် အခြင်းအရာပင် ဖြစ်သည်။ ထို့အပြင် မသေဆုံးတတ်သော အမြဲပြောင်းလဲ ရှင်သန်တတ်သော အမျိုးအစားထဲတွင် အချစ်သည် အပါအ၀င်ဖြစ်သည်။

ဘောင်

Wednesday, February 25, 2009
စိတ်ကူးစိတ်သန်း
ဘောင်ခတ်ထားလို့
နတ်လှောင်အိမ်မှာ
မွန်းကျပ်နေပြီ

စကားတစ်ခွန်း
ဘောင်ခတ်ထားလို့
တုန့်ပြန်သံတွေ
တိတ်ဆိတ်နေပြီ

နှလုံးသွေးစက်
ဘောင်ခတ်ထားလို့
ပုံဆောင်ခဲလို
မာကျောနေပြီ

ကလောင်တစ်ချောင်း
ဘောင်ခတ်ထားလို့
စာစီရာမှာ
မညီညာပြီ

ဘ၀တစ်ခု
ဘောင်ခတ်ထားလို့
စေလိုရာကို
နေလာခဲ့ပြီ

ဘောင်ခတ်ထားလို့...


ဗုဒ္ဓဘာသာအား အဓွန့်ရှည်ရန် ဆိုရာဝယ်

Tuesday, February 24, 2009
ကိုမိုးပြေး ဘလော့မှာ တင်ပြထားတဲ့ မဟာဗျူဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက် ကို ဖတ်ပြီး ကျွန်တော် စာလေး နည်းနည်းရေးချင်တယ်။ သိလို့တတ်လို့ ရေးတာမျိုး မဟုတ်ပါဘူး။ ရှိတဲ့ ဥာဏ်လေး တစ်ထွာတစ်မိုက်ကို ဗုဒ္ဓသွန်သင် ဆုံးမထားတဲ့ အသိလေးနဲ့ ရေးသားချင်တာပါ။

ကျွန်တော် ဒီပို့စ်ကို ရေးဖို့ တင်ဖို့ စိတ်ကူးမရှိပါဘူး။ ကိုမိုးပြေး ဘလော့မှာပဲ ကွန်မန့်လေး နည်းနည်းလောက် ၀င် ရေးချင်ရုံလေးပါ ဒါပေမယ့် ကွန်မန့်ပေးလို့မရလို့ ( ဘာ့ကြောင့်မှန်း မသိပါ ) ဒီပို့စ်လေးကို ရေးဖြစ်တင်ဖြစ်တာပါ။

ကျွန်တော် တင်ပြရေးပြတာတွေကို အားလုံးအနေနဲ့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ဒီပို့စ်ဟာ နိုင်ငံရေးနဲ့ လုံးဝ မပက်သက်ပါ။ ကျွန်တော် ကိုးကွယ် ယုံကြည်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အမြင်ကို တင်ပြခြင်း သက်သက်မျှ သာ ဖြစ်ပါသည်။

ကိုမိုးပြေး ဘလော့တွင် လင့်ထားသည့် ပို့စ် အရှင်ကုမာရ ရေးသားထားသည့် အရေးအသားကို နည်းနည်း ပြော ကြားလိုပါသည်။ မှားခဲ့သည်ရှိသော် တပည့်တော်အား ခွင့်လွတ်တော်မူပါ အရှင်ကုမာရ ဘုရား။

အရှင်ဘုရား၏ ဗုဒ္ဓသာသနာတော်ကို အဓွန့်ရှည်ကြာ ထိန်းသိမ်းလိုသော စိတ်ဆန္ဒမှာ အင်မတန် ကောင်းမွန် လှပါသည် အရှင်ဘုရား။

ဒါပေတည့် အရှင်ဘုရား ဖော်ပြချက်များမှာ အတင်းအကျပ် အဓမ္မ ဆန်နေပါသည် ဘုရား။ ဗုဒ္ဓ၏ လမ်းစဉ်နှင့် အဆုံးအမမှာ အတင်းကာရော၊ နိုင်ထက်ကျင့်စဉ် မပါရှိပါ ဘုရား။

အမိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်သား ပေါင်းစုံဖြင့် စုစည်းတည်ထောင်ထားသော အလွန် အင်မတန်မှ နေချင့်စဖွယ်ကောင်းသော တိုင်းပြည်ကြီးပါ ဘုရား။ ဤတွင် လွတ်လပ်သော ဘာသာအား လွတ် လပ်သော စိတ်နှလုံးဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါသည် ဘုရား။

မြတ်စွာဘုရားမှ ဟောကြားအပ်သော တရားများသော်မျှ အတင်း နာယူ လက်ခံစေသော တရားမရှိပါပေ။ ရှင်းလှ ပါပေသည်။ ငါဘုရား ပြောတာကို မယုံပါလေနှင့်ဦး ကိုယ်တိုင် ကျင့်ကြံ လေ့လာပြီးမှတာ ယုံကြပါ ငါ့ဘာသာထဲ ၀င်ကြတော့ လာကြတော့ဟု လည်း အတင်းမတိုက်တွန်းခဲ့ဖူးပါ။

ထို့ကြောင့် အတင်းအကျပ်ကို ရှောင်ရှား၍ မိမိ ဘာသာ၊ သာသနာအား အဓွန့်ရှည်ကြာ တည်တန့်စေလိုလျင် ကောင်းမွန်သော ကိုယ်ကျင့်တရားဖြင့် ရှိရှိသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ မိရိုးဖလာမှစ၊ ဘာသာကွဲ များအဆုံး၊ သက်ဝင်ယုံကြည်မှု ရှိလာစေရန် ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို ယုံကြည်မှု တိုးပွားစေရန် အဓိကမှာ ကောင်းမွန်သော၊ ကိုယ်ကျင့်တရားဖြင့် ပတ်ဝန်းကျင်အား သော်လည်းကောင်း၊ သာသနာ အဓွန့်ရှည်ရန်သော် လည်းကောင်း၊ ကျင့်ကြံ အားထုတ်လျင်မူ ပိုမို၍ ကောင်းမွန်လိမ့်မည်ဟု ထင်မြင်မိပါသည် အရှင် ကုမာရ ဘုရား။

'' နုနယ်သော မောင်ငယ် ညီမငယ်များ အထင်မှား အမှတ်မှား ဖြစ်မည်ကို ကျွန်တော် အရမ်းစိုးရိမ် မိပါသည်။ ''

နိတုံ

Thursday, February 19, 2009
ဟုတ်ကဲ့.. ကျွန်တော် ဒီရက်ပိုင်း သီချင်းတွေ ကြားနေရတယ်။ ဟိုဗျာ.... လက်ထပ်ပွဲ မင်္ဂလာပွဲ တွေမှာ ဆိုနေကြတဲ့ မင်္ဂလာတေးတွေပါ။

ကျွန်တော်သိချင်တာ အမြဲတမ်း တော်တော်များများ ပါလာတဲ့ စာသားတစ်ခုရှိတယ်၊ ကျွန်တော်က ဒီအဓိပ္ပါယ်ကို သိချင်လို့ပါ လေးလေးနက်နက်ကို သိချင်လို့ပါ။ ကျေးဇူးပြု၍ သိသောသူများရှိရင် အနက်အဓိပ္ပါယ် ရှင်းပြပေး စေလိုပါတယ်။

စာသားကတော့ ( နိတုံရွှေစင်တဲ့ ) နိတုံ ဆိုတဲ့ အဓိပ္ပါယ်ကို သိချင်တာပါ