တရားခံ

Saturday, August 30, 2008
စွဲချက်တစ်ခုအတွက်
ဦးစွာတိုင်တန်းသူမှ
တရားလိုဖြစ်ရပါမူ
ကျွန်ုပ်သည်
တရားခံပင်ဖြစ်ရတော့သည် ...

အိပ်မက်

Friday, August 29, 2008
အိပ်မက်သည်
ချစ်သူရော
မုန်းသူရော
ရောနှောသည့်
ခံစားမှု......
တွေဝေသော
အိပ်မက်သည်
ချစ်သူကို
လက်လွတ်သည်...
သေချာသော
အိပ်မက်သည်
ချစ်သူကို
ပိုင်ဆိုင်သည်....
ထို့ကြောင့်ဤ
သမိုင်းသည်
ကိုယ်တိုင်ရေး
ဝတ္ထုပင်
ဖြစ်တော့သည် ။

ထားရစ်ခဲ့ပါ

Wednesday, August 27, 2008
မလိုအပ်တော့လို့
ထားရစ်မယ်ဆိုရင်
အပြုံးတစ်ခုတော့
ငါ့မျက်နှာထက်မှာ
ဘ၀မခြားခင်
နင်ထားရစ်ခဲ့ပါ........

ပန်းပုခက်

သုံးရက်လတဲ့
ခုံးမျက်စလို
သေးသေးလေးနဲ့
ကွေးကွေးလေးမို့
တူစုံနွှဲကာ
ပန်းပုခက်လို
လွှဲကာလွှဲကာ
စီးလိုက်ချင်ရဲ့......

သံသယ

Tuesday, August 26, 2008
အစွန်းရောက်တော့
နင်နဲ့ငါ
မျဉ်းပြိုင်နှစ်ကြောင်း
မရွယ်ပဲ
လျှောက်ရလိမ့်မယ်..

ဝတ်ရည်

Monday, August 25, 2008
ပန်းမှာရှိတယ်
ပင်ကိုယ်လှနဲ့
မလှရင်တောင်
ဝတ်ရည်ရှိတယ်
တန်ဖိုးကို မဖြတ်လေနှင့်

စာသူငယ်

Saturday, August 23, 2008
ခဲမှန်ဖူးသူမို့
ညှို့သံလေးများကြားရင်
ကြောက်စိတ်တွေရင်မှာပိုလို့
ဟိုအဝေးကိုထွက်ပြေးမိတော့သည်...

မိုး

Thursday, August 21, 2008
မိုးနဲ့မျက်ရည်
ခွဲမရတော့
မိုးရွာတိုင်းမှာ
ငါငိုတော့သည်.....

သွေးချင်းများ

Wednesday, August 20, 2008
ရဲရင့်ပါ၏
ပြတ်သားပါ၏
နူးညံ့ပါ၏
မာကျောပါ၏
သွေးစက်အားလုံး
နီရဲပါ၏
သွေးကြောများစွာ
စီးဆင်းပါ၏
ဆုံဆည်းပါသည်
ပျော်ခြင်းရွှင်ခြင်း
ငိုခြင်းရီခြင်း
ဖလှယ်ကြသည်
သွေးချင်းရယ်မို့
တူတူခံစား
တူတူကျော်လွှား
နေ့ရက်များကို
ကဗျာလေးနဲ့
သွေးချင်းတို့ရေ
လာအတူတူ
သွားစို့လားကွယ်

မွှေးထုံသော ပန်းဇလပ်

Monday, August 18, 2008
ငယ်ရွယ်သူ ပျိုမြစ်ခြင်း
ဟန်ဆောင်ခြင်း ကင်းမဲ့လို့
လောကကို အလှဆင်
ဖူးပွင့်တဲ့ မိုးဆမ်းပန်း
လန်းဆန်းကာ မွှေးပျံ့လို့
ချင်းပြည်က ပန်းဇလပ်
သင်းပျံ့ပျံ့ မွှေးထုံစေ

ညီမငယ် ချင်းမလေး အတွက်ပါ

ဆုံရာ

လပြည့်တာတောင်
အနားမရပါပဲ
ပူဆာသူ
စုံတွဲကြားမှာ
အောင်သွယ်တော်
မြှားနတ်မောင်လား
ထည်ဝါဖြာ
ငါ့မျက်နှာထက်
ရွှေမျက်နှာများ
လာဆုံကြလော့

ရေခြား မြေခြား

Sunday, August 17, 2008
ရွှန်းပပ လမင်းငယ်
ကြဲပက်ဖြာ ငွေရည်စက်ကယ်နှင့်
လှိုင်းခွပ်ငယ် ဒီရေပြင်ထက်မှာ
ရိပ်ထင်တယ် ကွယ်မပျောက်ခင်က
ကြင်သူကို လွမ်းတဲ့အကြောင်း
ကူညီကာ ပြောပြပေးပါတော့
တိတ်တိတ်လေး အပူကပ်ပါလို့
ရေမြေခြား မှာလွမ်းနေရတယ်....

မန္တလေး အလွမ်းပြေ

နေရှိန်ပူပူ
ရင်ဆူဆူမို့
ရေပြင်ကျုံးဘေး
ဂရိတ်ဖုဖ်လှည်း လေးလည်းလွမ်းတယ်
နေညိုခင်းလေး
လေပြည်ညှင်းသွေး
ရေနီမြောင်းဘေး
အကြော်တဲ လေးလည်းလွမ်းတယ်
ညခင်းချိန်ခါ
လသာသာမို့
အကင်စုံတဲ့
ရွှေခိုင်ဆိုင် လေးလည်းလွမ်းတယ်
ညဥ့်နက်ချိန်ခါ
တိတ်ဆိတ်ပါလို့
အဆောင်လမ်းဘေး
ဂစ်တာဟောင်း လေးလည်းလွမ်းတယ်
သြော်.... လွမ်း.....တယ်

သူငယ်ချင်း

Thursday, August 14, 2008
သူငယ်ချင်းတစ်ချို့ကိုမထင်မှတ်တဲ့ နေရာမှာမထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။
သူငယ်ချင်းရဲ့သူငယ်ချင်း အချို့ဟာမထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း
တွေဖြစ်လာခဲ့တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့အင်တာနက်နဲ့ ဆက်သွယ်တဲ့
သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီးအရမ်းကောင်းတဲ့
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်းရှိတယ်။ အိမ်မှားဝင်ပြီးခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေရှိသလို မတော်တဆတိုက်မိပြီး ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေလည်းရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းကအတူသွား၊ အတူစားခဲ့တဲ့သူငယ်ချင်းတွေ
ကျောင်းပြီးတော့ရေကြည်ရာမြက်နုရာကို ရှာကြရင်းတကွဲတပြားစီဖြစ်ပြီး
အဆက်အသွယ်က နည်းသထက်နည်းလာခဲ့ကြတယ်။
သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ့်နဲ့ရွယ်တူလည်းရှိတယ်။
ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့လူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ
ကိုယ့်မှာမရှိသေးတဲ့ အတွေ့အကြုံကိုယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ
ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ရိုးသားမှုတွေကိုပြန်ရှာတယ်။
သူငယ်ချင်းတွေမှာ အသက်အရွယ်၊ဆင်းရဲချမ်းသာမခွဲခြားဘူး။
သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။
တချို့ကပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့ကနွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။
တချို့ကအေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ရာသီရဲ့အလှပတွေကို
ခံစားရင်းကိုယ့်ဘ၀နဲ့ကို ဖြတ်သန်းကြတယ်။ သူတို့နဲ့ ကိုယ်ဘယ်လို
စသိစခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊၀မ်းသာစရာတွေနဲ့
ကြုံတိုင်းသူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း
သူတို့နဲ့ကိုယ်မျှဝေချင်ခဲ့တယ်။ကွန်ပြူတာရဲ့ဟိုတစ်ဖက်မှာ ထိုင်ပြီးကိုယ်မျှဝေတဲ့
အရာတွေကိုသူတို့ကြည့်ပြီးပျော်နေမလား.... မေးလ်ဘောက်စ်ပြည့်သွားတာ
ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား...ဘာတွေ
လျောက်ရေးထားလဲ မသိဘူးဆိုပြီးမဲ့နေမလား....
သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်
မပြောပြတတ်လို့အေးစက်တဲ့ ကွန်ပြူတာကတဆင့် ဒီကမ္ဘာရဲ့ထောင့်တစ်နေရာကနေ
သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့တောင်းဆုပြုလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း

ကူညီပေးစေလို

ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းဟာ နောက်နှစ် July ဆိုရင် သင်္ကန်းကျွန်း ဘုန်းကြီးကျောင်း ကနေဖယ်ပေးရတော့မယ်။ ဒဂုံမှာရှိတဲ့ နာရေးကူညီမှုပိုင် မြေနေရာမှာ ကားတွေထားဖို့၊ ရုံးလုပ်ငန်းတွေလုပ်ဖို့၊ သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်ဖို့၊ အသင်းရဲ့လုပ်ဆောင်မှုတွေကိုဆက်ပြီးလုပ်ဆောင်ဖို့အတွက် အဆောက်အဦး ဆောက်ဖို့လိုတယ်။ သူတို့ရဲ့အသင်းပိုင်ငွေမှာ စည်းမျည်းအရ နာရေးကူညီမှုအတွက်သုံးစွဲခွင့်ငွေဟာ လုံလောက်ပေမဲ့ ရုံးအသုံးစရိတ်အတွက်မလုံလောက်ဘူး ဖြစ်နေတယ်။ အသင်းပိုင်အဆောက်အဦး ကား စတာတွေကိုဆောက်လုပ်ဖို့၊ ၀ယ်ဖို့ကို နာရေးကူညီဖို့ဆိုပြီးလှူထားတဲ့ငွေထဲက သုံးခွင့်မရှိတဲ့စည်းမျဉ်းကြောင့်၊ အသင်းရဲ့ အထွေထွေရုံးသုံးစရိတ်အတွက် သီးသန့်အလှူငွေလိုနေပါတယ်။ အဆင်မပြေရင် သုခကုသိုလ်ဖြစ်ဆေးခန်းကို ပိတ်ရချေရှိနေတယ်။ ဆေးခန်းသာပိတ်ခဲ့ရရင် ဆင်းရဲသား၊ အခြေခံလူတန်းစားအများစုအတွက် နစ်နာမှုတွေ အများကြီးကြုံရမှာပါ။ မင်းလည်း မေတ္တာရှိမယ်ဆိုရင်တော့ နာရေးကူညီမှုအသင်းနဲ့ဆက်သွယ်ပြီး မင်းတတ်နိုင်သလောက်ကူညီပေးစေလိုပါတယ်။ ပြီးတော့ မင်းနဲ့နီးစပ်ရာ လှူဒါန်းကူညီလိုသူတွေကို ပြောပြပေးစေချင်ပါတယ်။ မင်းရဲ့ On Line သူငယ်ချင်းတွေကိုလည်း ဒီအကြောင်းလေးကို ဖြန့်ဝေပေးစေလိုပါတယ်။ သေကွဲကွဲခြင်းရဲ့ ပူလောင်မှုတွေကို တတ်နိုင်သမျှ စာနာကူညီပေးနေသူတွေကို ငါတို့လည်းဝိုင်းဝန်းကူညီကြပါစို့။