ထားခဲ့ဖူးသော ရည်းစားများ အကြောင်း

Sunday, May 17, 2009
tag တဲ့...! ရက်စက် လိုက်တာလို့ပဲ အော်ရမှာလား ? ခက်ပြီ ဂျပန်ရယ် လို့ပဲ ပြောရမှာလား ? ကြည့်ကြ စမ်းပါဦး အရပ်ကတို့ရယ် tag ခေါင်းစဉ်က '' ထားခဲ့ဖူးသော ရည်းစားများ အကြောင်းတဲ့ ''

တောင်းပန် တိုးလျှိုး ကြည့်ပါသေးတယ် ဂျပန်ရယ် မရေးလို့ မရဘူးလားကွာ ဆိုပြီး၊ တစ်ခွန်းထဲ ပြန်ပြောတယ် ရေးကို ရေးရ မယ်တဲ့ ကဲ.... ခက်ပေါ့ ...!

အမှန်အတိုင်း ရေးလိုက် ပြန်ရင်လည်း စာမျက်နှာ ဆန့်မှာ မဟုတ်ဘူး.... ဒါကို ငါသိတယ် ဂျပန်။ မဟုတ်တမ်း ချ ရေးပြန် ရင်လည်း မုသာဝါဒ ကံထိုက်ဦးမယ်။ ဂျပန် နင်ရက်စက် လှချည်လားကွာ။ ဒါပေမယ့် ရေးမှာပါ ဂျပန်ရာ စာဖတ်သူတွေ အနေနဲ့ရော၊ စာရေးသားသူ ငါ့အနေနဲ့ပါ ၀ိနည်းလွတ်အောင်တော့ ရေးရမှာပေါ့လေ။.....

ရည်းစားဆိုတာ ဘာကို ဆိုလိုတာလည်း..? ကိုယ့်ဟာကို နားလည်အောင် အရင် စဉ်းစားယူရတယ်။ ဖြစ်နိုင် ခြေ ကို ရေးချပြမယ်။ ဒါကို အရင်ရှင်းမှ ရည်းစားကိစ္စ ရှင်းလို့ရမယ်။ ရည်းစားဆိုတာ ဘ၀တစ်ခုအတွက် ရည်ရွယ်ပြီး မစဉ်းစားတတ်သေးတဲ့ အရွယ်မှာ ရင်ခုံသံကို အလိုလိုက်တဲ့ ကိစ္စ တစ်ခု ဖြစ်နေတယ်။

ဒါကြောင့် ငါ ငယ်ငယ်က ရင်ခုံသံကို ခဏခဏ အလိုလိုက်ခဲ့ဖူးတယ်။ ဖိအား ၊တွေးတောအား၊ ဆုံးဖြတ်အား တစ် ခုမှ မပါတဲ့ ရင်ခုံသံက အရမ်းချိုမြိန်တယ်။ ဒါ့ကြောင့် ခဏခဏ ရင်ခုံတယ်။ ဆိုလိုရင်းက ရည်းစားများခဲ့ဖူးတယ် မှတ်တောင် မမှတ်မိတော့ဘူး နံပါတ်စဉ် ချမပေးနိုင်တာ ခွင့်လွှတ်ပါ ဂျပန်။

တစ်ကယ်တော့ ငါတစ်ကယ် နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ ကဗျာတစ်ပုဒ် အနေနဲ့ ငါ့ဘလော့ဂ်မှာ တင်ခဲ့ဖူးတယ် နင်ရှာကြည့်ပေါ့ ဂျပန်။ ငါဒီ စင်္ကာပူကို မထွက်လာခင် 2001 လောက်ကပေါ့။ ခု တော့ သူ့အိုး သူ့အိမ်နဲ့ သာယာနေမှာပါ။ ချစ်သူ ဆိုပေမယ့် နှုတ်ကနေ ဖွင့်ပြောစရာကို မလိုအပ်တဲ့ ချစ်သူ မျိုး ပါ။

ရင်ထဲမှာ ထာဝရ မေ့မရနိုင်တဲ့ တစ်ယောက်ကို တစ်ယောက် အရိပ်အကဲ ကြည့်ရုံနဲ့တင် ရင်တွင်း ခံစားချက်ကို နားလည်ပေးနိုင်ကြတဲ့ ခံစားမှုမျိုးပါ။

သက်သေခံ မရှိသေးတဲ့ ချစ်သူဆိုတာ အနေဝေးတဲ့ ဒဏ်ကို တော်သင့်ရုံ မခံနိုင်ဘူး။ နှလုံးသား ဆိုတာကလည်း အနေနီးတဲ့ အရာတွေ အပေါ်မှာ ခုံမင် အလိုလိုက်တတ်တဲ့ သဘောရှိတယ် ဂျပန်။

ခုတော့ ဂျပန်ရာ နင်ရေးခိုင်းလို့ ငါရေးလိုက်တာပါ။ သေဆုံးလု မျောပါးဖြစ်နေတဲ့ ငါ့နှလုံးသား တွေကို ဆွေးမြေ့ ဖွယ်ရာ အတိတ်ဆီကို နင်ပြန်ပို့ပေးနေတာလား ဂျပန်။ မေ့မေ့ ပျောက်ပျောက် ဖြစ်နေတဲ့ ငါ့နှလုံးသားကို ဒီအ တိုင်းပဲ နေခွင့်ပြုပါ အနာကို ပြန်မဆွပါနဲ့။ ငါတောာင်းပန်ပါတယ် ဂျပန်ရာ.......!



မှတ်တမ်း

Tuesday, May 12, 2009
ပြန်ပြန် ကြယ်ကြယ်
ဆိပ်ဆိပ် ခါးခါး
ပန်ပန် မန်မန်
ငတောင် ရှင်ကြီး
ဤခရီးအား
တွဲ၍ပျော်ပျော်
မော်၍ပြုံးပြုံး
ရင်ရှုပ်ဝင်ကြည့်
ဝါးတကြွပ်ကြွပ်
ဖုန်းတစ်ဒိုင်းဒိုင်း
ပစ်၏ခတ်၏
စား၏သောက်၏ ( ရုပ်ရှင်ရုံထဲတွင် ဤနေ့သည်ကား 10/05/2009 ပင်တည်း )

ညနေခြည်စောင်းလေသော် အနှီအုပ်စုမှ အဘယ်ခရီး ဆက်ကြအံ့နည်း? ဆုံးဖြတ်ချက် ချလတံ့.....! လေပြည် လည်းသွေး၊ နေခြည်လည်းထွေးတဲ့ အရောင်သွေးစုံ ပန်းတွေစုံတဲ့ ViVo သို့ ချီတက်ကြလေသတည်း။ အိုဘယ့်
ပြန်ပြန် ကြယ်ကြယ် ခါးခါး ဆည်းဆာအလှကြား၌ အပြိုင်အဆိုင် အလှတွေ ပြိုင်ကြလေသတည်း။ အမောင် ဆိပ်ဆိပ်နှင့် ငတောင် မန်မန် သည်ကား နတ်ပန်းချီဆွဲသော ရွှေလက်ရာ ပိုင်ရှင်ပင် ဖြစ်လေသတည်း။ အနှီ နတ်ပန်းချီများအား ငတောင်၏ ပန်းချီပြခန်းတွင် ချိတ်ဆွဲထားပြန်သည်တမုံ့ သွားရောက်ကြည့်ရှုပါကုန်။

အနှီ အလှခြင်းပြိုင်သောပွဲတွင် မည်သူမဲအများဆုံး ရကြသနည်း ? ပရိတ်သတ်များ ဆုံးဖြတ်ရန်သာ ကျန်လေ သည်သမို့ အကျွန်ုပ် ရှင်ကြီး တာဝန်မဟုတ် မဟုတ်။ ပြိုင်ပွဲပြီးချိန်သည်ကား တောင်စွယ်နေကွယ် လေပြီမို့ ရပ်နားကာ ညစာပွဲတော်အား တည်ကြပြန်လေသည်။ ဤကား အစားပြိုင်ပွဲအစတည်း မည်သူ အစားကြီး မည်နည်း ကာယကံရှင်များအား မေးကြကုန်။

ဤတွင် အချိန်နှင့် ဒီရေ သာမက မန်ယူကပါ လူကို မစောင့်လေသည်မို့ အကျွန်ုပ် ရှင်ကြီး အားလုံးထဲမှ နှုတ်ထွက် ပြီး သကာလ စောစီးစွာ ပြန်လာခဲ့၍ ကျန်ရစ်ခဲ့သူများ မည်သို့ မည်ပုံ ပြန်ကြလေသနည်း? မသိတော့ပါ။

သို့သော်ငြားလည်း ဤနေ့ ဤရက် ဤဆုံပွဲ၌ ဤမောင်ဤနှမများ ပျော်ကြရလေသည်မို့ အကျွန်ုပ် ရှင်ကြီးကား မှတ်တမ်းတင်အပ်သော ဤရက်စွဲကို ငါ့မောင် ငါ့နှမများနှင့်အတူ ဘယ်တော့မျှ မေ့မည် မဟုတ်ကြောင်း နှောင် လည်း ဤထက်သာ၍ ပျော်စရာ ကောင်းသော၊ ဤထက်ပို၍ များပြားသော မောင်နှမများနှင့် တွေ့ဆုံလိုပါ ကြောင်း ပြောကြားလိုပါသည်.....





မိုး

Monday, May 11, 2009
မိုးဦးမိုးစ
မိုးလည်မိုးနှောင်း
မိုးဟောင်းသော်လည်း
မိုး၏ဒဏ်ရာ
မိုးရေလိုပဲ
မိုးရွာတိုင်းငို
မိုးရေတွေနဲ့
မိုးရယ်မိုးနဲ့
မိုးပေးခဲ့တဲ့
မိုးစက်ဒဏ်ရာ
မိုးရေထဲမှာ
မိုးရေလိုပဲ
မိုးမျက်ရည်တွေ
မိုးနဲ့ထပ်တူ
မိုးရေ......................

လွမ်း

Tuesday, May 5, 2009
လွမ်းဖျားလွမ်းနာ
လွမ်းတိုင်းသာလျှင်
လွမ်းပန်းပွင့်က
လွမ်းတောင်တန်းသည်
ရှမ်းတောင်တန်းထက်
မြင့်နေမည်လော

လွမ်းတိုင်းသာငို
လွမ်းမျက်ရည်တို့
လွမ်းရေလျဉ်လို
လွမ်းပင်လယ်မှာ
လွမ်းလှေငယ်လေး
မျှောနေမည်လော

လွမ်းတောင်ခြေမှာ
လွမ်းလုလင်လေး
လွမ်းတေးတွေဆို
လွမ်းအားပိုတုန်း
လွမ်းမျက်ရည်တို့
လွမ်းပန်းကြွေလို့

လွမ်းလွန်လွန်းတယ်

အရင်က ပန်းချီကား

Thursday, April 30, 2009
ည....ပိန်းပိတ်လို့
မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်

စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား

ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်


ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်


အလွမ်းသင့်ရာ

Saturday, April 25, 2009
စိမ်းရေပြာ ချောင်းငယ်နံဘေးဆီက
အနားသတ် မြက်ခင်းစိမ်းလေးတွေ
ဖြူလွှလွှ ချယ်ရီပင်ပျိုအောက်
ချစ်သူနှစ်ဦးရယ်လေ

ဟော.......ကြည့်ပါဦး
စမ်းရေလည်းခမ်း
ပန်းတွေလည်းနွမ်း
အသည်းတွေလည်း ကျွမ်းလို့

နှောင်းတစ်မြည့်မြည့်နဲ့
ဟောင်း....ဟိုအတိတ်ဆီက
တမ်းတတယ်ဆိုပေမယ့်
ဆန်းသစ်ကယ် မရတော့တာမို့

အလွမ်းသင့်ရာကိုပဲ မျောချလိုက်တော့မယ်

ပွင့်စေချင်သေး

Thursday, April 23, 2009
ပင်လုံးကြိုင် လှိုင်ခဲ့သည့်ပန်း

သွေ့ခြောက်ကာ တစ်ခါနွမ်းပြန်ပေါ့

နှောင်နှစ်ခါ အတာကူးရင်ဖြင့်

ချစ်ဦးသူ ဆံကေသာထက်ဝယ်

တစ်ခိုင်နှစ်ခိုင် သင်းပြိုင်မွှေးစေဖို့

ပန်ပေးချင် ဒီမောင့်အသည်းမှာလ

နှောင်နှစ်သင်္ကြန် ချိန်ပြန်ရောက်ရင်ဖြင့်

ပင်လုံးလှိုင် ကြိုင်ကြိုင်သင်းအောင်

ပွင့်စေချင်သေး


ပင်လုံးကြိုင်

Wednesday, April 8, 2009
မြရည်ရွက်စိမ်းတွေ ကြားက

ရွှေအိုရောင် ဖူးစုံငယ်လေးတွေ

ပုလဲပွင့်ထွေခင်း ရှပ်တိုက်ပြေးရုံနဲ့

မြသားကို ရွှေပုဝါလွှမ်းလို့

ပင်လုံးလှိုင် ကြိုင်ပါရော့လား.......!

ရွှေဝါပိတောက်

Saturday, April 4, 2009
သင်းထုံအီမွှေး
ဆင်းရောင်ခြည်သွေး
ဝင့်ကာမြူထွေး
နေခြည်ပိတောက်
ရွှေရည်ဖောက်လို့

မိုးတစ်စက်ဖြန်း
ပွင့်သောပန်းများ
တာကူးချိန်မှာ
မယ်မြူးစေဖို့
ပျိုပျိုတို့ရေ

အခါမလင့်
ချိန်ခါသင့်လို့
ရွှေဝါပိတောက်
သင်္ကြန်ရောက်အောင်
အကြိုတော်ရယ်.....ထောက်ခဲ့လေပြီ

ပိတောက်

Tuesday, March 31, 2009
ပိတောက်ရယ်တဲ့
ရွှေရောင်ပြောင်ပြောင်
ရင်ထဲကိုညှိ
အဖော်သိသို့
တစ်နှစ်တစ်ခါ
ရွှေပွဲလာလည်း
ဧည့်သည်သာပြောင်း
ချစ်မဟောင်းခဲ့
ဝါ၀ါမြင်ရင်
ရွှေထင်ကဲ့သို့
ဒီနှစ်သင်္ကြန်
ချောလှစုံလည်း
ငါသည်နေမည်
ဤပုံစံသို့
အပ္ပမာဒေန
သမ္မာဒေထ....!

ရွှေလက်ရာ

Sunday, March 22, 2009
တိမ်နံရံမှာ
ချစ်ခြင်းသီဖွဲ့
ကဗျာတစ်ပုဒ်
အဟုတ်မှတ်လို့

ကန်ရေပြင်မှာ
သွေးစုတ်ချက်ရမ်း
ပန်းချီစမ်းတာ
အဟုတ်မှတ်လို့

တိမ်လွှာမှာလည်း
ကဗျာမကျန်
ရေပြင်မှာလည်း
အရုပ်မရှိ

အပြုံးတုကို
ရုပ်ထုမှတ်လို့
ရွှေလက်ရာလည်း
ရုပ်ဖြစ်ကြွင်းပြီ

စီးဆင်းခဲ့သည်များ....

Thursday, March 19, 2009
အစ်ကို ဒီနေ့ လစာထုတ်ရက် မဟုတ်လား..? အိမ်စောစော ပြန်လာနော်.! အစ်ကိုပြန်ရောက်မှ ညစာဝယ်ချက်ရမှာ!

အငယ်လေးရေ အုတ်နှစ်ချပ်လောက် မြန်မြန်ဟ..! ညနေဆို နင်လန်းပါပြီကွာ..! ဒီနေ့ လုပ်အားခ ရှင်းမယ့်နေ့ကွ!

ဟူး.... ခုမှပဲ လန်းတော့တယ်..! ကဲလာ.. အလုပ်ခေါင်းမှာ ငွေသွားထုတ်ရအောင်...!

ညီလေးရေ ခဏလေးကွာ...! ဆိုက် မန်နေဂျာ မလာသေးဘူးကွ...!

ကိုတိုးရေ... ဘော့စ်က ပြန်မလာသေးဘူးကွ..! ကိုယ်ဖုံးဆက်ကြည့် လိုက်ဦးမယ်...!

ဟဲလို... ဘော့စ်လား... ? ကျွန်တော် မန်နေဂျာပါ...! အလုပ်သမားတွေ ဒီနေ့ လုပ်အားခရှင်း...ရှင်း....!

အေ့..... မန်နေဂျာလားဟေ... အေ့...! နက်ဖြန်မှ ရှင်းပေးလိုက်ကွာ... အေ့.... ခု..ငါ မအားသေးဘူးကွ....အေ့..!

ညီမလေးရေ.... ဖေကြီး ပြန်လာပြီ....!

ဖေကြီး ဘာဝယ်ခဲ့လည်း..? သားဗိုက်ဆာလှပြီ! မီးလည်း ဆာတယ် ဖေကြီး..!

အစ်ကို ပြန်လာပြီလား...? အဆင်ပြေခဲ့လားဟင်...?

မိန်းမရာ လုပ်အားခ မနက်ဖြန်မှ ရှင်းပေးမယ်တဲ့...!

ရှင်.................!




ငုတ်တုတ်

Thursday, March 12, 2009
ကမ္ဘာတစ်လွှား
နေရာများမှ
အလုပ်ကပါး
စိတ်ခြောက်ချားလို့
တွေးတောပူပန်
မှိုင်ရုပ်ဟန်နဲ့
မလှုပ်မရှုပ်
မပြုတ်မူပို
ဟန်ကိုမာန်တင်း
ငေါင်စင်းစင်းနဲ့
ဒေါ်လာကျပ်စေ့
ခေါင်းပန်းညှိလို့
ငုတ်တုတ်ကလေး
ကြည့်နေတာပဲ
ကောင်း.... ကောင်းပါတယ် !


ထာဝစဉ် တည်စေသော်ဝ်

Tuesday, March 10, 2009
8 ရက်နေ့ 3 လပိုင်း 11း 30 am မှ 1း 30 pm အထိ စင်္ကာပူ နိုင်ငံ toa payoh ပန်းခြံ oasis ခန်းမတွင် မင်္ဂလာ ဧည့်ခံပွဲ ကျင်းပပြီးစီး ခဲ့သော ဘလော့ဂါ ( မွေးရပ်မြေ ) နေးတစ် စိုးဝင်းဇော် နှင့် နန်းလင်းဟွမ် တို့အား ဤပို့စ်ဖြင့် ၀မ်းမြောက်ဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

တစ်ဆက်ထဲဖြင့် ဤမင်္ဂလာပွဲအား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လာရောက်နိုင်ခဲ့ခြင်း မရှိခဲ့သည့် အတွက် ဤနေရာမှ ကြင်စဦး ဇနီးမောင်နှံအား အထူးတောင်းပန်အပ်ပါသည်။ ( တွေ့ပုချိ )

ဤဇနီးမောင်နှံသည် ဤအိမ်ထောင်ရှင်ဘ၀ကို ခံယူကြရန် အရေးကြီးဆုံးသည် ဘယ်အကြောင်းအရာနည်း ? ၄င်းတို့နှစ်ဦးအား တွေ့ဆုံခွင့်ပေးရန် လေးနှင့်မြှားကို ကိုင်ဆောင်သော မြှားနတ်မောင်၌ တာဝန်ကျေရပေဦး မည်။ ဖူးစာဟူသည် ထူးလှပေစွ နေးတစ်သည် သဘောထားကောင်းသော တောင်ပိုင်းသား၊ လင်းဟွမ်သည်ကား သဘောဖြူသော မြောက်ပိုင်းသူ ဖြစ်ကြကုန်တော့သည်။

အနှီ မြှားနတ်မောင်၏ ပစ်လွတ်လိုက်သော ချစ်ခြင်းမြှားသည်ကား ထိုနှစ်ဦးကို ညွတ်ကွင်းသွားစေသည့် ဘူမိ နက်သန် နေရာမှန်သည်ကား တောများတောင်များ ၀န်းရံထားသည့် ရှုခင်းထွေထွေ မြောက်ပိုင်းရှမ်းမြေ တစ် နေရာတွင် ဖြစ်လေတော့သည်။

တာဝန်အရ ထိုနေရာ၌ ရောက်ရှိနေကြသော နေးတစ် ခမျာ လင်းဟွမ် သမီးပျိုလေးအား မြင်မြင်ချင်းးပင် ချစ်မိလေသောအား တီတီတာတာ ပလီပလာနှင့် လင်းဟွမ်၏ အချစ်အား မရအရ ငိုပြ၊ရီပြ ခဲ့တော့သည်။

လင်းဟွမ်ခမျာလည်း အမောင် နေးတစ်၏ တစ်နေ့တစ်မျိုး မရိုးရသော ငိုခြင်း ရီခြင်း များကြားတွင် မေတ္တာစိတ်ဝင် ချစ်ခင် ခဲ့ရပြန်သည်တစ်မုံ့ တိတ်တိတ်ကလေးရယ်နဲ့ ကိုနေးတစ်ရယ် ဟောင်ဟတ်ဆူလို့ ပြောခဲ့မည်လို့ ရှမ်းတောင်တန်းကြီးများအား ပြန်မေးကြည့်လျှင် သိရှိနိုင်လိမ့်မည်။

အနှီ ရှမ်းတောင်တန်းကြီးများအား သက်သေထူလို့ ထိုချစ်သူ နှစ်ဦးသည် တူနှစ်ကိုယ် နီးစပ်၍ ပေါင်းဖက်ရန် သစ္စာဆိုလေမည်လား ဆိုသည်ထက် ပတ်ဝန်းကျင် တောတောင်နံရံများတွင် ဤနှစ်ဦး၏ မေတ္တာဖက်သည့် သစ္စာစကားသံများမှာ ယခုထိတိုင် ပဲ့တင်သံ လှိုင်နေဦးမည် ထင်ပါသည်။

ထိုကဲ့သို့ ထားခဲ့ဖူးသည့် သစ္စာ၊ ခိုင်မြဲခဲ့သော မေတ္တာအားကြောင့် ယခုဆိုလျှင် တူနှစ်ကိုယ် နိဗ္ဗန်နန်းတော်အား တည်ဆောက်ပြီးစီး ခဲ့ကြလေပြီ။

ဤကဲ့သို့ နှစ်ကိုယ်သစ္စာ အားဖြင့် တည်ဆောက်ခဲ့သော ဤအိမ် ဤယာအား ရာသက်ပန် သာယာလှပရန် အမောင်နေးတစ် ယောင်္ကျားကောင်း တစ်ယောက်၏ တာဝန်ကို မလစ်ဟင်းစေပဲ၊ အိမ်ထောင်ရှင်မ လင်းဟွမ် သည်လည်း မယားဝတ္တရားများအား ကျေပွန်၍ မိမိခင်ပွန်းအား အကောင်းဆုံး ပါရမီ ဖြည့်ဆည်းပေး နိုင်ပါစေ။

ဤလင်ဤမယား သေတပန် သက်တဆုံး ပေါင်းသင်းနိုင်ကြပါစေ။






နွေဦး လေရူး မောင်ဖုန်း ရူးပြီ

Sunday, March 1, 2009
ဂိမ္မာန်နွေဦး
လေဗွေမြူး၍
ရော်ဝါရွက်ခြောက်
တစ်ဖျောက်ဖျာက်နှင့်
ဝေ့ဝေ့၀ဲဝဲ
လေမှာဝဲလို့
မြင်သူမောင်ဖုန်း
သျှောင်ဆံထုံးနှင့်
ပုဆိုးမချီ
တောင်တောင်အီကာ
ဘေးဘယ်ညာကြည့်
ရင်မချိသို့
ဘယ်ဆီဘယ်မှန်း
လွမ်းရပါ့နည်း

နွေဦးချိန်တွင် လေရူးထွေလို့ မောင်ဖုန်းခမျာ ရူးရှာလေပြီ။