မှ.........

Sunday, August 23, 2009
မှ........
မတူညီသော
လာခြင်းများ...

ရက်မတူ
နှစ်မတူသော
လီယိုဖွား သုံးယောက်............

2009 တွင်
လူခြင်းဆုံ၍
ဖယောင်းတိုင် ထွန်းကြ.........

သြဂုတ်လ
22 ရက်တွင်
ပျော်ရွှင်ခြင်း ပြည့်ဝကြ၏......

မွေးလတူ တိုက်ဆိုင်သော မောင်နှမ သီဟ၊ နောင့်၊ နွေး...... ကဗျာ မပီ စာမမှီပေမဲ့ ဒီကဗျာနဲ့ လက်ဆောင်လေး ပေးလိုက်ပါတယ်။

၆၄

Saturday, August 22, 2009
ငွေသော်တာ လစန္ဒာနံဘေး
ထွန်းလင်းသာ ကြယ်စင်သောကြာ
မန်းရွှေဘုံ ဟိုးမြင့်ထက်မှာ
တင့်လှတယ်လေး

ဖွားနှစ်တူ ထိုသူ နှစ်ဦးမှာ
မတိုင်ပင်ပါ ထွက်ခွာချိန်ရောက်
လမင်းသာ ငွေရောင်ပျောက်လို့
ကြယ်စင်မှာ ကြွေကျတယ်လေး

မိုးသင်္ကြန် ဦးဇော်သွားတော့
ကာတွန်း ဆရာ ကံချွန်လိုက်တယ်
ရတနာပုံ ဂုရုများက
ချစ်ကြတယ်လေး

1945 ခုနှစ်တွင် နှစ်ခြင်းတူ ဖွားမြင်ခဲ့၍၊ 2009 ခုနှစ်တွင် နှစ်ခြင်းတူ ကွယ်လွန်ရှာသော၊ မန္တလေးနွယ်ဖွား ထို ဆရာ နှစ်ဦးအား ဤ ( ၆၄ ) ဟူသော ကဗျာ တစ်ပုဒ်ဖြင့် ၀မ်းနဲစွာ ဂုဏ်ပြုအပ်ပါသည်။ ဆရာ နှစ်ပါး ကောင်းရာ သုဂတိ လားပါစေ။



ကဗျာ

Tuesday, August 18, 2009
ည ကြယ်ရောင်အလင်းနဲ့
ချစ်ခြင်းကို စာစီ
စာမပီတာ ခဏခဏ

ခုနှစ်စင်ကြယ်တောင်
အရောင်တွေမှိန်လို့

လင်းကြက်တွန်
အာရုဏ်လင်းခါမှ

စာလုံးနှစ်လုံးနဲ့
ကဗျာတစ်ပုဒ်ဖြစ်သွားတာ

'' ချစ်တယ် '' တဲ့

''မှန်''

Monday, August 17, 2009
ကျွန်တော်တို့ အားလုံး အားလုံးပေါ့.... ရုပ်ရည် ရူပကာ လှပသောသူ၊ ရွက်ကြမ်းမှာ ရေကျိုနေသူ၊ အကျည်းတန် ပုံဆိုးနေသူ၊ သူသူ ငါငါ အားလုံး ( မှန် ) ကြည့်ဖူးကြမှာပါနော်.....။

တစ်ချို့တစ်ချို့တွေဆို ခဏခဏကြည့်ကြမယ်။ တစ်ချို့ကြတော့လဲ နှစ်ခါ သုံးခါ ကြည့်ဖြစ်ကြမယ်။ မှန်ကို ကြိုက်ကြ တဲ့ အပေါ်မှာ မူတည် မယ်ထင်တယ်။ အိပ်ခန်းထဲက မှန်ကို ကြည့်မယ်။ ရေချိုးခန်းထဲက မှန်ကို ကြည့်ကြမယ်။ စလင်းဘတ်ထဲက မှန်ကို ထုတ်ကြည့်မယ်။ ပုံရိပ်ထင်တဲ့ မှန်ဆိုလဲ လမ်းလျှောက်ရင်းလဲ ကြည့်ကြမယ်။ ( MRT မှာဆိုရင် တပိုတပါး မသွားချင်ပဲ မှန်ကြည့်ချင်လို့ TOILET ၀င်သူ တွေလဲ ရှိမှာပဲ

တစ်ကယ်တော့ မှန်ကို ကြည့်ကြတာ မဟုတ်ဘူး။ အတ္တတွေ ထုံမွှမ်းထားတဲ့ ကိုယ့်ရုပ်ကို ကိုယ်ပြန်ကြည့်တာ။ အတ္တက လွှမ်းမိုးနေတော့ ကိုယ့်ရုပ်ကိုတော့ လှနေကြတာပဲဗျ။ မျက်နှာလေးကို ဘယ်လိုလေး ထားလိုက်ရင်ဖြင့် ဘယ်လိုလှတဲ့ အမူအရာတွေ၊ ဘယ်လိုလေး ပြုံးလိုက်ရင်ဖြင့် ဘယ်လိုနှစ်လိုဖွယ် ဖြစ်မလဲဆိုတဲ့ အပြုံးတွေ၊ အ ပေါ်ယံလေးတွေကို စောကြောနေကြတာလား ?

တစ်နေ့တစ်နေ့ ကြည့်လိုက်ရတဲ့ မှန်၊ ရိုးမသွားဘူးနော် ဟိုး လှတပတ အရွယ်ကနေစပြီး အိုမင်းရင့်ရော် သွားတဲ့ အချိန်ထိအောင် ကြည့် နေကြတယ်။ တခါတလေ ပုံစံ တစ်မျိုးလေးနဲ့ မှန်ကို ကြည့်ဖူးလား ? မြင်နေရတဲ့ ကိုယ့်ရုပ် ကို ထွင်းဖောက်ပြီး ဟိုး အတိတ်ကို မြင်ယောင် ကြည့်( ငါဘာတွေများ လုပ်ခဲ့ပြီးပြီလဲ ? )ပစ္စုပန်ကိုကြည့် ( ငါဘာ တွေလုပ်နေလဲ ? ) အနာဂါတ်ကို မျှော်ကြည့် ( ငါဘာဆက်လုပ်မှာလဲ ? ) အဲဒီလို မှန်ကို ကြည့်ပြီး ဒီလို မေးခွန်းမျိုး ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသလား ? တွေးမိဖူးသလား ?

သမားရိုးကျ အနေနဲ့ကြည့်ရင်တောင် တစ်နေ့နဲ့ တစ်နေ့ မတူညီနိုင်တဲ့ မျက်နှာပေါ်က ပုံရိပ်ကို သတိထားမိမှာပါ ( သတိထားမိ ကြလား ? )
စိတ်တည်ငြိမ်ပြီး အေးချမ်းနေရင် မျက်နှာမှာ ကြည်လင်နေမယ်။ စိတ်ပူလောင် ခံစားနေရရင် မျက်နှာမှာ ပူ လောင်နေမယ်။ မိမိရဲ့ မျက်နှာ ပေါ်မှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေဟာ မိမိရဲ့ လုပ်ရပ်ကနေ အခြေခံလာတာပဲ။

တစ်နေ့တစ်နေ့ ကြည့်နေကြတဲ့ မှန်ကို ရဲရဲ ၀ံ့ဝံ့နဲ့ ကြည့်နေနိုင်အောင်၊ ကြည်ကြည် လင်လင် ပုံရိပ်ထင်အောင်၊ အ ခြေခံထားတဲ့ အတွင်း သဏ္ဍန်ကို မြင်အောင်ကြည့်နိုင်ဖို့ လိုမယ်....... အားလုံးကိုလဲ မှန်ကို မှန်အောင်ကြည့် တတ် ကြပါစေ..။

စာရေးသူ ကျွန်တော်လဲ မှန်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ( အကျည်းတန် မှန်ကြိုက်ဆိုတဲ့စကားတယ်မှန် တာပဲ ။ ဤကား စကားချပ် )

သော့

Thursday, August 13, 2009
ကျွန်တော် ဒီပို့စ်ကို ရေးမယ် ရေးမယ်နဲ့ လုပ်နေတာကြာပြီ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒီပို့စ်နဲ့ ပက်သက်ပြီး နဲနဲ တော့ အငြင်းအခုံ ဖြစ်လာ နိုင်တယ်။ မတတ်နိုင်ဘူး ငြင်းလာရင်လဲ ရှင်းယုံပဲပေါ့ ဆိုတဲ့ မရဲတရဲ အတွေးနဲ့ပဲ ရေးပြီ ဗျာ။ တိုက်ဆိုင်မှုရှိတဲ့ သူများ ဒီနေရာကနေပဲ (လွန်တာရှိခဲ့ရင်လဲ ၀န္ဒာမိပါလို့)

ကျွန်တော်တို့ လူသားတွေ (လူသားတွေနဲ့ ချီပြီး စကားလုံးထွားတာ မဟုတ်ပါဘူး) သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ဆိုတဲ့ စကားဟာ မှန်ကန် တယ်လို့ ထင်မိသလား ? သေချာတာက အရွယ်လေး ရောက်လာရင် ရင်ခုန်တတ် လာကြတယ်။ ဆန့်ကျင်ဖက်ကို စိတ်ဝင်စား (စိတ်ကစား တတ်လာကြတယ်) စိတ်ဝင်စားတဲ့ သူ/သူမ တွေ့ခဲ့ ကြရင် သူလေး အကြောင်းကို လေ့လာတတ် ကြတယ်။ သမိုင်းပေး တာဝန်အရ ဆိုခဲ့ရင် ကောင်လေးကပဲ စကား လုံးေ တွ လုပ်ရပ်တွေ ဟန်ရေးပြကြတာပေါ့။ မိန်းခလေး ဘက် ကတော့ စည်းဘောင်ထဲက လှုပ်ရှားကြရတာ ဆိုတော့ ....

ကဲပါဗျာ လိုရင်းကို မရောက်နိုင်တော့ဘူး။ သေချာတာ တစ်ခုက ပိုးကြတယ်၊ ပန်းကြတယ်၊ ချစ်ခဲ့ကြတယ်၊ ဘ၀ တစ်ခုကို တည် ဆောက် ဖို့လဲ ဆုံးဖြတ်ထားကြတယ်။ သင်ဟာ သူမကို ချစ်မိပြီဆိုကတည်းက လက်တွဲ ချင် တယ် နော်။ (တစ်ကယ်ချစ်တဲ့သူသာ ညွှန်း ၏) ဟုတ်ပြီ သင့် အတွေးထဲမှာရော အသိထဲမှာရော သင့်ဘ၀ကို သူမ၏ လက်ထဲ ၀ကွက် အပ်ချင်တယ်၊ (ဟုတ်တယ်နော်) သူ့ဘ၀ကိုရော သင် အပိုင်စိုး ချင်တယ် ဒါသဘာဝပါ။

ခုခေတ်ကာလ အနေအထားအရ စာပေးစာယူ အရမ်းမြန်ဆန် နေတဲ့ခေတ်မှာ သင်ဟာ သင့်ချစ်သူ ပိုင်ဆိုင်တဲ့ စာတိုက်ပုံး သော့ကို လို ချင်ခဲ့ ဖူးသလား ? အတင်းတောင်းဆိုခဲ့ ဖူးသလား ? သင့်အနေနဲ့ တောင်းဆိုခဲ့ဖူးမယ်၊ စာတိုက်ပုံးကိုလဲ ကြိုက်တဲ့ အချိန် ၀င်ဖွင့် နိုင် တယ် ဆိုပါစို့။ သင်ဟာ ဘာကြောင့် ဒီလို လုပ်ရပ်မျိုးကို လုပ်ချင် တာလဲ ? အရိုးရှင်းဆုံး တွေးကြည့်လိုက်ရင် သင်ဟာ သင့်ချစ်သူ အပေါ် မယုံကြည်လို့လား ? သူဟာ သင်ရွေးချယ် ခဲ့တဲ့ သင့်ချစ်သူပါ။

အားလုံးလဲ သိကြပါတယ်။ ကျွန်တော်တို့ အရင်ကာလ တစ်ခုက စာပေး စာယူဆိုတာ စာအိတ်နဲ့ နာမည်နဲ့ လိပ်မူ ပြီး ပို့ကြ၊ ဆက်သွယ်ကြ ပါတယ်။ စာပို့သမားလာရင် လက်ခံမယ့် ကာယကံရှင် ရှိမနေခဲ့ရင်တောင်မှ ရှိတဲ့လူက လက်ခံထားပေးပြီး ကာယကံရှင် လက်ထဲ ကို မူမယွင်းပဲ အပ်နှံကြရပါတယ်။ ဒါဟာ ဘာကို ရည်ညွှန်းလဲဆို လူ ပုဂ္ဂိုလ် ခြင်း လေးစားသမှုပြုတာပဲ။

(ကိုယ်ရေးကိုယ်တာဆိုတာ မိဘ၊မောင်နှမ၊ချစ်သူ၊သူငယ်ချင်း နဲ့ လုံးလုံး မဆိုင်တဲ့ ပက်သက်စရာလဲ မလိုတဲ့ ကိစ္စပါ)

ဒါတွေက သက်ဆိုင်သူခြင်း စာတိုက်ပုံး သော့တွေ ဖလှယ်တာကြတာတို့ ကိစ္စရပ်တွေမှာ စိတ်တူ သဘောတူ ဖ လှယ်ကြတာခြင်း ဆို ရင် တော့ ပြောစရာ စကားမရှိပါဘူး။ ဒါမှမဟုတ်ပဲ အားသာချက် အားနည်းချက်ကို ဖိပြီး ပိုင် ဆိုင်ထားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။

ချစ်သူတွေ ကိစ္စပဲ အဓိက ပြောရရင် ကိုယ်ဟာ အတင်းအဓ္ဓမ ဆန်နေရင် ဘာနဲ့ တူမလဲ ? သူ့အပေါ်ကို ယုံကြည် မှု မရှိတာလား? ကိုယ် ကျင့်တရားကို စော်ကားတာလား ? နိုင်ထက်စီးနင်း လုပ်ချင်တာလား ? (သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ချစ်သူပါ)

သင့်အနေနဲ့ သင်ပြန်တွေးကြည့်ပါ (ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်ခြင်းဟာ ကောင်း၏ ဆိုး၏ပေါ့) လူသား တိုင်း တစ်ဦးခြင်း ဆီမှာ လျှို့ဝှက်သင့်တဲ့ အမှုဆိုတာ ရှိတတ်ကြတယ်။ (မဟော်သဓာ ဖြတ်ထုံးတစ်ခု ဖတ်ဖူးကြမှာပါ) ။

ဒီတော့ ဒီစာတိုက်ပုံး သော့ ကိစ္စကို သင်တို့ ဘယ်မြင်ကြသလဲ ?


တစ်ဝက်ဈေး

Tuesday, August 11, 2009
ကဲကဲ..
အားလုံးပေါင်း သုံးကျပ်ကျတယ်...( သိပြီးသား )
နင့်ဖေကြီးက ရပ်ရွာအကျိုး သယ်ပိုးခဲ့တဲ့ ကျေးဇူးက ရှိနေတော့...( အလိုက်သိတတ် ချင်ယောင်ဆောင် )
ဒီတော့ နင့်ကို တစ်ဝက်ဈေးနဲ့ ပေးလိုက်မယ်...( သဘောကောင်းတယ်ပေါ့ )

အဲ့အဲ့.... ကျန်တာကိုတော့ နောက်မှရှင်းတော့နော်...( အကြံနဲ့လေ )


ညောင်ညိုရှင်

Saturday, August 8, 2009
အိုး..... ဆူညံဆူညံနဲ့
ဘာတွေပါလိမ့်
ရုက္ခစိုးခေါင်းပြူကြည့်တော့
အဲ့... လူတွေတယ်များပါလား ?
ဘာဆိုလား... ညာဆိုလား...
ဟိုက် ချကုန်ကြပေါ့
အီး.........မကြည့်ရက်စရာပါလား

ထိုနေ့မှစ၍ ရုက္ခစိုး အိပ်မပျော်ခဲ့ပါ..
ယခုဆိုလျှင် ၄င်းအပိုင်စိုးသော ညောင်ညိုပင်မှာ...
ရွက်ဟောင်း နှစ်ဆယ့်တစ်ခါ ကြွေ၍
ရွက်သစ် နှစ်ဆယ့်တစ်ခါ ဝေခဲ့ပြီ....

လူတွေလူတွေက နီးလာလိုက် ဝေးသွားလိုက်...
အသံတွေအသံတွေက တိုးလာလိုက် ကျယ်လာလိုက်...
အင်း... တစ်ရေးလောက်တော့ အိပ် ဦးမှ...

အစားထိုးမရတဲ့ ဆုံးရှုံးမှု

Saturday, July 18, 2009
မိုးတွေက တစ်ဖျောက်ဖျောက်၊ အငြိုးမရှိပေမဲ့ စွေသွန်းကာ ရွာနေတာ သူ့တာဝန်သူထမ်းရွက်နေတာပဲလေ။ အ ချိန်ကာလအားဖြင့် ( ၆၂ ) နှစ် ဟိုးတုန်းက အဖြစ်အပျက်။ ကြာခဲ့ပြီလား ? သတိရသေးလား ? တိကျတဲ့ ရက်စွဲ အနေ နဲ့ဆိုရင် ( ၁၉ ရက်နေ့ ဂျူလိုင်လ ၁၉၄၇ ခုနှစ် ) အချိန်နာရီအားဖြင့် မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ် အချိန် တွင် ယခုလက်ရှိ တည်ရှိနေသော ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း အတွင်းရှိ ၀န်ကြီးများရုံး အဆောက်အဦးတွင် အာဏာရူး ခွေးအကြီးများ၏ ကိုက်ဖဲ့ခြင်းကို ခံရ၍ မရှုမလှ ကြွေလွှင့်ခဲ့ရရှာသော၊ အစား ထိုး၍ မရနိုင်တော့သော အနာဂါတ် ကြယ်ပွင့်ကြီးများ ကျဆုံးခဲ့သည်မှာ ၂၀၀၉ ခုနှစ် ယခုဆိုလျှင်ပင် ( ၆၂) နှစ် တင်းတင်းပြည့်ခဲ့လေပြီ။

တောင်ပေါ် မြေပြန့်၊ တိုင်းရင်သား လူမျိုးစု အားလုံး၏ ယုံကြည်မှု လေးစားမှုကို ရယူခဲ့သော ဗိုလ်ချူပ်အောင်ဆန်း၊ သူမတူအောင် စွန့်လွှတ်နိုင်မှု၊ ရှေ့ဆောင်လမ်းပြပေးနိုင်မှု၊ ကမ္ဘာ့ခေါင်းဆောင်များ၏ လေးစားမှုကို ခံယူခဲ့ရသော ဗိုလ်ချုပ်၊ အရည်အချင်းရှိသော မှူးကြီး၊ မတ်ကြီး များအား စုဆောင်း ခေါင်းဆောင်နိုင်မှု၊ များမကြာမှီတွင် လှပခန့် ညားသော အနာဂါတ် မြန်မာနိုင်ငံကြီးအား အသက်သွင်းရန် လက်တစ်ကမ်း အလိုရောက်မှ ဗိုလ်ချူပ်ရာ၊ မိမိ ကိုယ်ကို မိမိ ယုံကြည်မှု ပြင်းထန်သလို၊ သူတစ်ပါးကို ယုံကြည်စိတ်လည်း ပြင်းလွန်းတဲ့ အတွက်၊ ဗိုလ်ချူပ် ဇီဝိန် ချူပ်တဲ့ အချိန်ထိ ဗိုလ်ချူပ် ကိုယ့်ကိုကိုယ် သိခဲ့သလား ? ဘာကြောင့် ဗိုလ်ချူပ် လုပ်ကြံခံ ရတဲ့ အကြောင်း သိခဲ့ လေသလား ? မိမိကိုယ်ကို ယုံကြည်လွန်း အားကြီးတဲ့စိတ်က ဗိုလ်ချူပ်ကို သတ်လိုက်တာဗျ။ ( ရင်နာ လိုက်တာ ဗိုလ်ချူပ်ရာ )

လက်သည်တရားခံ ( ဂဠုန် ဦးစော ) မတန်လိုက်တာဗျာ.. ဆယ်ခါပြန် ကြိုးပေးလည်း မတန်ဘူး။ ရင့်သီးတဲ့ စ ကားလုံး အနေနဲ့ဆိုရင် ဒီကိစ္စဟာ ( လူကို ခွေးသတ်တာဗျ )။ ဗိုလ်ချူပ် ကျဆုံးသွားတာနဲ့ ဗိုလ်ချူပ်နဲ့အတူ ပြည်သူ တွေရဲ့ နှလုံးသား ဟာလည်း ကျဆုံးခဲ့ရတာကို ဗိုလ်ချူပ် သိပါလေစ ? ဗိုလ်ချူပ် ကျဆုံးကြောင်း ကြားသိ လိုက်ရ တာနဲ့တစ်ပြိုင်နက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူတွေ အားလုံး မယုံကြည်နိုင်မှု၊ ဆွံ့အမှု၊ ၀မ်းနည်း ပူဆွေးမှု တွေဟာ ရင်ထဲမှာ နေဆယ်စင်း လောင်မြိုက်ခြင်းကို ခံလိုက်ရပြီး ဖော်မပြနိုင်တဲ့ ဆုံးရှုံးမှု တစ်ရပ်ကို ရရှိလိုက်တာပါပဲ။

ဗိုလ်ချူပ် လျှောက်ခဲ့တဲ့လမ်း၊ ဗိုလ်ချူပ်ပေးခဲ့တဲ့ မာန်၊ တုနှိုင်းရမဲ့ ပုဂ္ဂိုလ် ပေါ်လာနိုင်ဦးမှာလား ? နှစ်တွေကြာ ညောင်း ခဲ့ပါပြီ။ သမားရိုးကျ အနေနဲ့ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချူပ်ဟာ သမားရိုးကျ လူသားမဟုတ်ခဲ့ပါဘူး။ ရဲရင့်တဲ့ အာဇာနည် သူရဲကောင်းဆိုတာ အများသူငါ သတ်မှတ် ပေးခဲ့တဲ့ ဘွဲ့ထူးပါ။ ကမ္ဘာမြေပေါ်မှာ မှီတင်း ရှင်သန်နေကြတဲ့ လူသားပေါင်း မြောက်များစွာထဲက သူရဲကောင်း ဆိုတဲ့ လူသားမျိုးတွေဟာ သိန်းသန်း ဂဏာန်းတွေထဲကနေမှ တစ်ဦးတစ်ယောက် ပေါ်ထွက်လာဖို့ခဲယဉ်းတဲ့ ကိစ္စပါ။

မွေးဖွားခြင်းမှသည် သေဆုံးခြင်း အချိန်ထိ ဗိုလ်ချူပ်ရဲ့ လုပ်ရပ်တွေဟာ စံနမူနာ ယူစရာပါ။ ကံတရားရဲ့ သတ်မှတ် ချက်အရ ဒီနေ့ ဒီရက် ဒီအချိန်မှာ ဗိုလ်ချူပ်ဟာ ကြွေလွှင့်ရမယ်ဆိုတာ လက်ခံနိုင်ပေမဲ့ ဗိုလ်ချူပ်ရယ်... ဗိုလ်ချူပ် အားလုံးကို ခွဲခွာသွားတာ စောလွန်းတယ်ဗျာ........

ကံတရားရဲ့ သတ်မှတ်ချက်ပေါ့ .... ဗိုလ်ချူပ် ဘယ်ဘုံ ဘယ်ဘ၀မှာပဲ ရောက်ရောက် နောက်ကို ပြန်လှည့်မ ကြည့်ပါနဲ့တော့၊ မြင့်မြတ်တဲ့ ဘုံဘ၀မှာပဲ ငြိမ်းချမ်းစွာနေနိုင်ပါစေ။ ဗိုလ်ချူပ် အသက်ရှင်သန် နေစဉ် အတွင်းမှာ လူသားတစ်ယောက်ရဲ့ တာဝန်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန် အရာရာ အားလုံးကို ပြောစရာမရှိအောင် တာဝန်ကျေခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံးဟာလည်း ဗိုလ်ချူပ် ကျဆုံးခဲ့တဲ့ ဒီ(၁၉) ဂျူလိုင်ကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ အားလုံးအတွက်တော့ မျက်ရည်သွန်ဖြိုး ဘ၀င်ညိုး ဂျူလိုင် တစ့်ဆယ့် ကိုး ပါ။ အားလုံးရဲ့ ကိုယ်စား ဒီနေရာကနေ ဗိုလ်ချူပ်ကို လေးစားစွာနဲ့ အလေးပြုပါတယ်......


အဟောသိ

Tuesday, July 14, 2009
သည်းနင့်အောင်ချစ်သော်ငြားလည်း
ကမ်းလက်ကိုကြိုဆိုသူမဲ့လို့
ပေးကားပေး၏မရဆိုသလို
လေနှင်ရာတိမ်လွှင့်သကဲ့သို့
ပေးဆပ်ခဲ့ချစ်ခြင်းတွေဟာလည်း
ပဲ့တင်သံရောင်ပြန်မဟပ်ပြီမို့
ချစ်ဦးသူရယ်ဆွေးဘ၀င်ညိုးပြီပေါ့
အဟောသိ မည်ကာ အရာရာမရှိလေပြီ

ပြယုဂ်

နုပျိုတဲ့သွင်ပြင်လေးတွေ
ဟန်းဖုံးတွဲလောင်းလေးနဲ့
အသက်မဲ့ရယ်သံကို
ရောင်စုံမီးတွေအောက်
ဖွင့်ဖောက်ချလိုက်လို့
ရာဂဏာန်းအထက်က
ကားဟွန်းသံနောက်မှာ
အနွမ်းပန်းလေးတွေ
တန်းစီလို့

တစ်လုံး နှစ်လုံး
နေ့တစ်ခါ ညခင်းတစ်လှည့်
ထမင်းအိုးတောင် မေ့တေ့တေ့
တိုးတစ်မျိုး ကျယ်တစ်ခါ
ဒီဂဏာန်းလေ ဟိုဂဏာန်းပေါ့
အုန်းမောင်းတောင်ခေါက်တော့မယ်
ကိုယ်တော် သပိတ်ဟောင်းလောင်းပိုက်လို့

နေကပူ အလုပ်ကပါး
ချွေးသီးတွေ ကျောကလိမ့်ဆင်း
နေစောင်းချိန် အိမ်အပြန်လမ်းမှာ
အသပြာနှစ်ပြား မှုန်ဝါးဝါးနဲ့
ဗျစ်ဆိုင်ထဲမှာ ဒေါသနဲ့ပေါင်းလို့
ဟောင်းလောင်းဖြစ်မှ အိမ်ပြန်သွားတာ

ခေါင်မလုံ မိုးယိုစကားသို့
အဆင်ပြေရာ သွားကြလေပြန်သည်တမုံ့
ဤသည်ပင် နေ့စဉ်မြင်ရသည့်
ပြယုဂ်တစ်ခုကို ဖော်ညွှန်းကာနေလေတော့သည်။

Best regards,

အသိပေးခြင်း

Tuesday, July 7, 2009
အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော် ခုံမင်မြတ်နိုး ခဲ့ရသော ကျွန်တော်၏ ကလောင် ရှင်ရဲထွတ်အား အနားပေး၍ စိုင်းစိုင်းလားရှိုး ကလောင်ဖြင့် ကျွန်တော် ၀ါသနာပါသော ဤစာပေ ရေးသားခြင်းအမှုအား ဆက်လက်ကြိုးစား သွားမည် ဖြစ်ကြောင်း ကျွန်တော်၏ မိတ်ဆွေ ညီအစ်ကို မောင်နှမ များအား အသိပေး ပြောကြားလိုပါသည်။ ( အကြောင်းအရာအား ဖြေရှင်းချက်ထုတ်မည် မဟုတ်ပါကြောင်း )

လေးစားစွာဖြင့်

စိုင်းစိုင်းလားရှိုး

အစမ်းသပ်ခံ

Monday, July 6, 2009
မယုံရင် ၀င်လာခဲ့
ရုပ်မရှိပေမယ့် တည်ကြည်တယ်
အပြောမကောင်းပေမယ့် မနောကောင်းတယ်
သူဌေးမဟုတ်ပေမယ့် ၀မ်းဝစေမယ်
ပညာမတတ်ပေမယ့် လူရာတင့်စေမယ်
ကားမရှိပေမယ့် လိုရာရောက်စေမယ်
လစာမကောင်းပေမယ့် လှတာတွေဝတ်စေရမယ်
အများနဲ့မယှဉ်နိုင်ပေမယ့် နှလုံးသားခြင်းလက်ဝှေ့ထိုးရဲတယ်
လိုအပ်ရင် အစမ်းသပ်ခံရဲတယ် ( အသဲနှလုံး )
စမ်းကြည့်လိုက် ကြိုက်ရင်နေခဲ့
မကြိုက်ရင် ပြန်ထွက်သွား ( ကားဂိတ်ရောက်အောင် လိုက်ပို့ပေးမယ် )
နှလုံးသား တစ်စုံက စမ်းသပ်ခံဖို့ ခပ်ရဲရဲပဲ

တတ်ယောင်ကား

Tuesday, June 30, 2009
ဟုတ်သလိုလိုနဲ့
ဒီလိုလုပ်ကြရအောင်
ဒါကဟိုလိုလေ
မင်းမှားနေပြီ
ဒါတော့မဟုတ်သေးဘူး
ဒီလိုလုပ်ရတယ်
ဟိုဖက်နဲနဲရွှေ့လေ
အား..ပေါ့လွန်းတယ်
ငါမပြောဘူးလား
ထင်နေတယ်လေ
ပြောစကားမှနားမထောင်တာ
ရတယ်ငါသိတယ်

ဟုတ်မလိုလိုနဲ့
တတ်ယောင်ကားခဲ့တာ
ခုထိဘာဟုတ်သေးလို့လည်း
တွေးလိုက်ရင်.... ရီစရာကြီး...
ဟိုဟာလည်း...သိသလိုလို
ဒီဟာလည်း.....သိသလိုလို
အရင်းစစ်တော့ တတ်ယောင်ကားကြီး.......

အတိတ်ဟောင်း

Monday, June 29, 2009
အတိတ်ဟောင်းကို
မနင်းဖြတ်ချင်ပေမယ့်
လှမ်းရမယ့်ကံပါနေတော့
ခြေရာပြန်ကောက်တာလည်း
မဟုတ်ခဲ့ပါဘူး
ချစ်ဦးသူရယ်

တစ်ကယ်တမ်းတော့လည်း
အငွေ့အသက်တွေက
လူသတ်ကွင်းတစ်ခုလို
ပုံစံမပြောင်းလဲပဲ
သွေးအေးနေခဲ့တာ
ကိုယ်ကိုယ်တိုင်သိလိုက်ရတော့.........

လေအနှော့ကဆံနွယ်ကျော့လေး
ပါးမို့မို့ကသနပ်ခါးနံ့လေး
လေပြည်ကြားကချိုသံလွင်လေး
ရင်ခွင်ကြားကအနမ်းပန်းလေး
ခုံတန်းလျားကဖဲထီးဝါလေး

အမှတ်ရစရာလေးတွေ
တိုက်ဖျက်ကာသွားတဲ့
ရက်စွဲလေးတစ်ခုဟာ
နင်ရောငါရော
မမှားယွင်းခဲ့တဲ့

အောက်မေ့ဖွယ်ရာ
မဟုတ်တော့ပေမယ့်
မေ့ပစ်နိုင်စရာ
အကြောင်းလည်းမဟုတ်ပြန်တော့
အတိတ်ဟောင်းမှာ တစ်ကယ်ပါ ငါလမ်းလျှောက်ခဲ့ဖူးတယ်....

ခွင့်တိုင်ကြားခြင်း

Wednesday, May 27, 2009
အကြောင်း အမျိုးမျိုးကြောင့် စာရေးသားခြင်းကို ခေတ္တ နားပါရစေ....