နေမင်းတန်ဆောင် လင်းရောင်တက်ပြီ

Friday, February 12, 2010
ဘမျိုးဘိုးတူ ၊ ဆင်းသက်လာဘိ
မင်းရောင်ဖိုးဖိုး ၊ သွေးဆက်ဖုံးလို့
သက်သွေးမချန် ၊ ပေးဆပ်ကာတည့်
မျိုးရိုးဇာနည် ၊ ဘာမထီကား

ငါ့မြေငါ့ရေ ၊ ငါ့ပြည်သူများ
လွတ်လပ်တစ်ဖုံ ၊ သာယာစုံဖို့
ကွယ်ဝှက်တစ်ခါ ၊ တည့်တိုးတစ်လှည့်

ရင်ဆိုင်ခဲ့၏ ၊ နယ်ချဲ့ရန်သူ
ကုလားဖြူတို့ ၊ နေမ၀င်ခြင်း
ပြိုပျက်ဆင်းအောင် ၊ ရောင်ရှိန်ထည်ဝါ

သူရကန်စက် ၊ ရှင်နေမင်းမှတ်
ထွက်ပေါ်လာချိမ့် ၊ ရက်မြတ် (၁၃)
ခြိမ့်ခြိမ့်အုံးအုံး ၊ နေမင်းတန်ဆောင်
လင်းရောင်တက်ပြီ။

ဖေဖ၀ါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချူပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။

အရောင်မှိန်နေသော ကြယ် ( ၁၄ ) ပွင့်

၁၄ ရက်နေ့ကို ၊ စိတ်ဝယ်မှန်းလို့
ချောကလက်နဲ့ ၊ ချစ်စရာကတ်
စိတ်ကူးနေတယ် ၊ ချစ်ခြင်းသင်္ကေတတဲ့။

အနာဂတ်ဗိမ္ဗာန် ၊ ဗိသုကာဖန်ဆင်း
ငြိမ်းချမ်းရေးဖခင် ၊ ဖွားမြင်ခဲ့တဲ့
၁၃ ရက်နေ့ကို ၊ မေ့နေကြတယ်။

ညီနောင်တွေစုစည်း ၊ ချစ်ခြင်းရဲ့အနှစ်
သွေးစည်းခဲ့ပြည်ထောင် ၊ အဓွန့်ရှည်အောင်တဲ့
၁၂ ရက်နေ့ကို ၊ မေ့နေကြတယ်။

နတ်သမီးကဟန် ၊ တိုင်းမြန်ပြည်မှ
တောင်ပေါ်တောင်အောက် ၊ ဒိုးယိုပေါက်သို့

သွေးစည်းကပွဲ ၊ ခြိမ့်ခြိမ့်သဲလို့
ခြေချိုးလက်ချိုး ၊ ကကွက်တစ်မျိုး
မရိုးလေအောင် ၊ ဇါတ်ကဆောင်လို့

ကချေသည်ပေါင်း ၊ ( ၁၄ ) အားနဲ့
အမိမြန်ပြည် ၊ ကကွက်ညီအောင်
ရက်စွဲသတ်မှတ် ၊ ( ၁၂ ) ရက်ဟု

လမြတ်တပို့ ၊ ဤမှစလို့
ရောင်းရင်းညီကို ၊ မယ်ပျိုပျိုတို့
အမိပြည်ထောင် ၊ ဓွန့်တည်တန့်အောင်
ကြိုးစားပါစို့….လေ။

( ၆၃ ) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုအပ်ပါသည်။

ငယ်ငယ်က

Saturday, January 30, 2010
ကျွန်တော် ငယ်ငယ်က....

~~~~~~~~~~~~~~~~ စစ်တိုက်တမ်း ကစားခဲ့ဖူးတယ် ဒါပေမယ့် စစ်ဗိုလ် ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဖားကလေးဖမ်းပြီး ရင်ခွဲခဲ့ဖူးတယ် ဒါပေမယ့် ဆရာဝန်ကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဝေဖာချပ်လေးနဲ့ အိမ်ဆောက်ခဲ့ဖူးတယ် ဒါပေမယ့် အင်ဂျင်နီယာကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ရန်ခဏခဏ ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် လက်ဝှေ့သမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ သူငယ်ချင်းတွေကို ပုံပြောကောင်းခဲ့ဖူးတယ် ဒါပေမယ့် နိုင်ငံရေးသမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ခဲတံနဲ့ အရုပ်ဆွဲခဲ့ဖူးတယ် ဒါပေမယ့် ပန်းချီဆရာ ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ကားခိုးမောင်းခဲ့ဖူးတယ် ဒီတစ်ခါတော့ ကားဆရာ လာဖြစ်နေတယ်။

ငယ်ငယ်က အတွေးတွေဟာလည်း အမှန်တရားပဲ။ ခုဖြစ်နေတာလည်း အမှန်တရားပဲ။ ခုတွေးနေတဲ့ အတွေးတွေ၊ လုပ်နေတဲ့ အလုပ်တွေဟာ ဆယ်စုနှစ် တစ်ခု နှောင်းပိုင်းမှာ ငယ်ငယ်က ဆိုပြီးတော့ ငါ စာပြန်ရေး နိုင်ဦးမှာလား။


မသာစရိတ်

Monday, January 25, 2010
မိတ်ဆွေ........

မောဟများတဲ့ လောကမှာ သင် လောဘတွေနဲ့ ခရီးဆက်ခဲ့တယ်နော်။

နင်းပြားဘ၀နဲ့ လောကကိုလည်း သင် ရင်ဆိုင်ခဲ့ ပြီးပြီနော်။

ရီခြင်း၊ငိုခြင်းတွေနဲ့ လောကကို အများနည်းတူ သင် မှတ်ကျောက်တွေ တင်ခဲ့တာပဲနော်။

သံသရာရဲ့ ထွက်ပေါက် တရားဓမ္မကိုလည်း သင် ရှာဖွေခဲ့ဖူးတယ်နော်။

လက်ကျန် ရက်စွဲတွေက နည်းပါးလာတော့ လောကကို သင် ကြောက်စပြုလာပြီနော်။

အသေမဦးခင် ဥာဏ်ဦးအောင် ဟောကြားခဲ့တဲ့ တရားကိုလည်း သင် နာကြားခဲ့ဖူးတယ်နော်။

ဥာဏ်ဦးခဲ့ရင် သံသရာမှာ သင် လမ်းပန်းသာမှာကိုလည်း သင် သိခဲ့တယ်နော်။

ဥာဏ်လည်းဦးပါရဲ့ အသေခရီးကို သင် မလျှောက်ရဲသေးတာကလည်း........?

မကြာတော့ရင် မသာကံစမ်းမဲ ပေါက်မှ အလောင်းလှမယ့် အဖြစ်ကို သင် ကြိုသိနေလို့များလား .......... ?

မသာတွေကများပြီ သယ်ယူသူတွေရဲ့ မနိုင်ဝန်ကို သင် သိနေလို့များလား.......?

အော်..... မိတ်ဆွေ အသေမဦးခင် ဥာဏ်ဦးအောင် ဆိုတာထက် မသာစရိတ် ပြည့်မှီအောင် သင် ရှာထားဖို့လည်း လိုတယ်နော့။

သင်ပိုင်အပ်သည်

Monday, January 18, 2010
ထားရာနေစေ
စေလိုရာသွား
မင်းခစားရယ်
ငါလေမဟုတ်

ထားရင်လည်းနေ
သတ်လိုရင်လည်း
သေစေအပြစ်
မကျူးသမို့

ထားရာနေခဲ့
စေရာရောက်သွား
မိန့်တော်ချမှတ်
သင်ပိုင်အပ်သည်

ငါ၏၀ိဥာဉ်
ငါ့စိတ်လျဉ်အား
သင်သာပိုင်စိုး
စိုးမိုးအပ်သည်

စေလိုကစေ
သတ်လိုကသတ်
သင်ပြုသမျှ
ငါကျေနပ်သည်

စာနာထောက်ထား
ငဲ့ပါငြားဟု
ငါလေမဆို
သင်ပြုနိုင်သည်

သို့ပေသော်ငြား
ပြုအပ်သမျှ
ကိစ္စရပ်တွင်
အပြုံးပန်းများ အသင် ပန်ဆင်နိုင်ပါစေလေ.............


မွှေးလွန်းသည့်ပန်း (သို့) MAI

Thursday, January 14, 2010
ဒီရက်ပိုင်းမှာ သတင်း တစ်ပုဒ်က အရမ်းမွှေးကြိုင်နေပါလား ? MAI လေကြောင်းလိုင်းက ၀န်ဆောင်မှုတွေ အရမ်းကောင်းနေတယ် ဆိုပဲ။ မနေ့က ဖော်ဝပ်မေးလ်ရောက်လာတော့ ဖတ်လိုက်တာ ကျွန်တော်တို့ ညီအကိုတော် ဒီစလုံးကနေ ခွင့်နဲ့ မြန်မာပြည် ပြန်တာလေ ( မြန်မာ အင်တာနေရှင်နယ် အဲယားဝေး ) လေယာဉ်ပျံ ကြီးနဲ့ပေါ့။

ဘာပဲပြောပြော အိမ်အပြန်လမ်းမှာ ဘယ်သူမဆို ပျော်တပြုံးပြုံး နဲ့နေမှာပေါ့။ လေယာဉ်ကြီးစီးပြီး၊ လေဆိပ်မှာစောင့်နေမယ့် မိသားစု ၀င် တွေ မြင်ယောင်ရင်း၊ လေယာဉ်မယ် ချောချောလေး ငမ်းရင်းနဲ့... ကဲ ဘယ်လောက်တောင် ပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ပြန်ခရီးလည်း ?

ပျော်ရွှင်ဖွယ် ခရီးစဉ်ကို စတင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ ရန်ကုန်လေဆိပ် ရောက်တဲ့ အချိန်ပဲ။ လ၀က ဖြတ်မယ်။ ပြီးရင် ပစ္စည်းရွေးမယ်။ ဟိုမှန်တစ်ဘက်ခြမ်းက မိသားစုတွေက လက်တပြပြနဲ့ ကိုယ်တွေကလည်း အပြင် မြန်မြန် ရောက်ချင်နေပြီလေ။ ပြဿနာက ပစ္စည်းရွေးတဲ့ နေရာမှာ စတာပဲ။

ငါ့အိတ် ဘယ်မှာလည်း ? ငါ့အိတ် ဘယ်မှာလည်းနဲ့ ရှာနေတဲ့သူတွေ တော်တော်များတယ်။ ပစ္စည်းရွေးတဲ့နေရာမှာ လည်နေတဲ့ ရထား ကြီးက ခေါင်းမူးနေရောပေါ့။ အိတ်တွေက တော်တော် များများ ပါမလာကြဘူး။ အဲတာနဲ့ MAI ကောင်တာမှာ သွားမေးကြတော့ ပစ္စည်း တွေ စင်္ကာပူမှာ လေယာဉ် သယ်ဆောင်နိုင်တဲ့ အလေးချိန်ထက် ကျော်လွန်နေလို့ ချန်ထားခဲ့ရတာတဲ့ နောက်တစ်ပတ် သောကြာ လေ ယာဉ်နဲ့ ပါလာလိမ့်မယ်တဲ့။ အဲ့ဒီတော့မှာ လာရွေးကြပါတဲ့ ခင်ဗျး)

အဲဒီမှာ ကျွန်တော်တို့ ကိုယ်တော်က မန္တလေးထိ ပြန်ရမှာလေ ရန်ကုန်မှာ ဘယ်လို လုပ်စောင့်နေရမှာတုန်း ? ကိုယ်က မြန်မာပြည်ကို ခွင့်နဲ့ ပြန်လာတဲ့ ကာလဟာ အင်မတန် တန်ဖိုးရှိတဲ့ ကာလပါ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ စိတ်အနှောင့်အယှက် မဖြစ်ချင်လို့ ထင်ပါ့ ဆရာက မန္တလေး ပြန်သွားတာ။ ချိန်းထားတဲ့ ရက် ပြန်လာရွေးတော့ ဆရာသမားအိတ်က ပျောက်သွားပါပြီတဲ့ ခင်ဗျာ....

အဲမှာ ရုပ်လုံးကပေါ်တော့မယ် MAI ရုပ်လုံးပေါ့။ ဒီပစ္စည်း ပျောက်တဲ့ ပြဿနာကို လေကြောင်းလိုင်းက လျှော်ကြေး ပေးပါ့မယ်။ ( အိတ် တစ်လုံးကို အမေရိကန် ဒေါ်လာ 200 တဲ့ ခင်ဗျ ) ။ ပြီးတော့ MAI စာရွက်မှာ ဤ ဖြစ်ပြီး ကိစ္စသည် လေကြောင်းလိုင်း တာဝန် မဟုတ်ကြောင်း လက်မှတ် ရေးထိုးပေးရမယ်တဲ့ ခင်ဗျ။ ဒါဟာ ဘာလည်း စော်ကား တာ လား ? ပမာမခန့် လုပ်တာလား ? အထင်သေးတာလား ? အိတ်တစ်လုံးကို U$ 200 လို့ သတ်မှတ်ရအောင် အိတ်အတွင်းပါ ပစ္စည်းကို သူတို့တွေ သိကြလို့လား ? ပြန်လည် အစားထိုး မရနိုင်တဲ့ အရာမျိုးဆိုရင် လေကြောင်းလိုင်းက ဘယ်လို တာဝန်ယူပေးမှာလည်း ?

ဒီကိစ္စဟာ လေကြောင်းလိုင်းကို အားပေးတဲ့ ခရီးသည်ကို စော်ကားတာပဲ။ အိတ်တစ်လုံးကို U$ 200 တန်ဖိုး ဖြတ်တာကလည်း LEVI'S
တစ်ထည်တောင်မှ U$ 200 ကျော်တယ် ဆိုတာ သိထားစေချင်တယ်။ နိုင်ငံခြားပြန် တစ်ယောက် သယ်ယူသွားတဲ့ အိတ်တန်ဖိုးကို အကြမ်းအားဖြင့်တော့ ခန့်မှန်းနိုင်ကြမှာပါ။ ထားလိုက်ပါတော့ အသေးစိတ်တွေ ပြောမနေတော့ပါဘူး။

ဒါနဲ့ လေကြောင်းလိုင်းက လက်မှတ်ထိုးခိုင်းတော့ ဆရာက ဘယ်ထိုးပါ့မလည်း။ လူကိုများ တော်တော်အတယ် ထင်နေကြလား မသိဘူး လေကြောင်းလိုင်း ၀န်ထမ်းတွေက။ ဆရာသမားက ပြန်ပြောလိုက်ပါတယ် ခင်ဗျားတို့ တာဝန်ပျက်ကွက်မှု၊ ခင်ဗျားတို့ လုံခြုံ စိတ်ချမှု မရှိတဲ့ လေကြောင်း ၀န်ဆောင်မှု၊ တာဝန်ကိစ္စ အ၀၀တွေကို ဒီ U$ 200 နဲ့ ပါးစပ်ပိတ်မယ်။ လျှော်ကြေးပေးမယ်ပေါ့တဲ့။ ( ကြည့်စမ်းပါဦး ခရီးသည်တွေကို စော်ကားချက် )

ဆရာသမားကတော့ ခင်ဗျားတို့ ပေးတဲ့ ငွေလည်း မယူဘူး။ ပျောက်သွားတဲ့ ပစ္စည်းကိုလည်း ရေစက်ချလိုက်မယ်။ ပြီးတော့ ဒီကိစ္စ ကိုလည်း အများသိအောင်လည်း ဖွင့်ချရမယ် လို့ပြောပြီး စင်္ကာပူ ပြန်လာတာပေါ့။ ဟိုကလည်း အဲလို့ လုပ်မယ်ပြောတော့ နည်းနည်း တော့ ဖြုံသွားမယ် ထင်ပါ့ မလုပ်ပါနဲ့ ဘာညာ လိုက်တောင်းပန်ပေမယ့် ဆရာသမားက ရင်နာနေပြီ လှည့်ကို မကြည့်တော့ပါဘူး။ ကိစ္စတွေက ပြီးခဲ့ပြီလေ။
( အထက်ပါ အကြောင်း အရာနှင့် တွေ့ဆုံခဲ့သူသည် ယခု လက်ရှိ စင်္ကာပူတွင် နေထိုင်နေပါသည် )

ကျန်ပါသေးတယ်ဗျာ ... ကျွန်တော်တို့ လုပ်ငန်းခွင်တူ ညီအကို ပြန်စဉ်တုန်းကလည်း ရန်ကုန်တွင် ပစ္စည်းပါမလာ နောက်နေ့တွေမှ လေဆိပ်တွင် သွားရောက်ရွေးယူရပါသည်။ ခွင့်ပြည့်လို့ စင်္ကာပူ ပြန်လာသည့် ခရီးစဉ်တွင်လည်း ပစ္စည်းက ရန်ကုန်တွင် ကျန်ရစ်၊ နောက်နေ့တွင်မှ အိမ်လိပ်စာ အတိုင်း လာရောက်ပို့ပေးသည်။ အဲ ကွာတယ်နော် ရန်ကုန်မှာကျတော့ ကိုယ်တိုင်ရွေးယူ။ စင်္ကာပူ မှာကျတော့ အိမ်လိုက်ပို့တယ်။ စာဖတ်သူတွေ နည်းနည်းတွေး ကြည့်ကြနော် ဘာတွေကွာတာလည်းလို့ ?

နောက်တစ်ယောက်ကတော့ ကျွန်တော့် အရင်းနှီးဆုံးမိတ်ဆွေ ခွင့်နဲ့ ပြန်တာပါပဲ။ စင်္ကာပူ ပြန်မယ့်ရက်စွဲကို ကွန်ဖမ်း လှမ်းလုပ်တာ ဖုန်းနဲ့ ရန်ကုန်က MAI လေကြောင်းရုံးကိုပေါ့။ ဆက်ဆံရေး တော်တော် ပြေပြစ်တာပဲတဲ့။ နာမည်ပြော ဖုန်းနံပါတ်ပြော ဂွပ် တန်းချလိုက် တာပဲတဲ့ စကားပြောခွက်ကို။ တော်တော်လေးကို ယဉ်ကျေးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲဗျ နော်.... ဘယ်လို လုပ်ပြီး အဆင့်မြင့် သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းမှာ အလုပ်ရနေပါလိမ့်။ လမ်းဘေး ဈေးသည်လောက်တောင် ဆက်ဆံရေး မကောင်းပါလား။

အထက်ပါ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တဲ့ သူတွေက ကျွန်တော်နဲ့ သိကျွမ်းတဲ့ သူတွေကြီးပါပဲ အသေးစိတ် ရက်စွဲ လေကြောင်း အမှတ်စဉ် သိချင်ရင် လည်း ရှိပါတယ်လို့။

ကဲအခု ကျွန်တော့် အမြင်ကို နည်းနည်းတော့ ရေးမယ်ဗျာ....
ကျွန်တော်တို့ ခရီးသည် တစ်ဦးမှာ သယ်ယူလို့ ရနိုင်တဲ့ အလေးချိန်၊ လေကြောင်းလိုင်းက ခွင့်ပြုတဲ့ အလေးချိန် အတိုင်းပဲ ကျွန်တော်တို့ သယ်ယူခွင့် ရှိတာနော်။ ဒါဆို ပစ္စည်းအလေးချိန် မနိုင်လို့ ကျန်ရစ်ခဲ့ရတယ်ဆိုတာ ဘာကြောင့်လည်း ? သေချာတာ တစ်ခုကတော့ သပြေနုနဲ့ ရဲရင့်ကပဲ လေကြောင်းလိုင်းကို အခက်အခဲ ဖြစ်စေတာ နေပါလိမ့်မယ်.။

ပြီးတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရန်ကုန်အနေနဲ့က ကိုယ်တိုင် လေဆိပ် ဂိုဒေါင်မှာ သွားရောက် ထုတ်ယူရပြီး၊ စင်္ကာပူ နိုင်ငံမှာ ကြတော့ ဘာလို့ အိမ်တိုင်ယာယောက် လာပို့ပေးရတာလည်း ?

အဲဒီလို ပစ္စည်းတွေ ကျန်ရစ်ခဲ့မယ် ပျောက်ရှခဲ့မယ်ဆိုရင် လေကြောင်းလိုင်းကို အားပေးသူ ခရီးသည်တွေ အနေနဲ့ ရှေ့ဆက်ပြီး.... ရှေ့ဆက်ပြီး.......

လွတ် လပ် ရေး နေ့

Sunday, January 3, 2010
တစ်ထောင့်ကိုးရာ လေးဆယ့်ရှစ်
လေးရက် ဇန်န၀ါရီ လွတ်လပ်သည်။

ထိုချိန်ကစ တို့ဘဝ
ယခုထိတိုင် လွတ်....လပ် ပါ့။

ရှေ့ဆက်သွားမယ် တို့ဘ၀မယ်
ဒီတိုင်းဆိုရင် လွတ် ဦးမယ်။

ယူပေးသူက လွတ် စေဖို့
လုပ်ပေးသူက လပ် နေလို့။

အားလုံးပဲကွယ် မှတ်ထားကြ
ဇန်န၀ါရီ လေးရက်က
လွတ် လပ် ရေးနေ့ဗျ။



ဇရာအို တုတ်ကောက်

Friday, January 1, 2010
2009 ကုန်လွန်ခဲ့ပြီ
အဟောင်းတွေ ဆွေးမယ်ထင်သလား ?
အတိတ်တွေ ပျောက်မယ်ထင်သလား ?
မှားတဲ့လူလည်း မှားခဲ့ကြ...
မှန်တဲ့လူလည်း မှန်ခဲ့ကြ...
ဇရာအိုက တစ်နှစ်လှမ်းခဲ့ပြီ... ။

ပြီးပြည့်စုံတဲ့ ထမင်းဝိုင်း
ငိုကြွေးနေတဲ့ အသိုင်းအ၀ိုင်း
သူ့နေရာနဲ့သူ
2009 ကိုထားခဲ့ပြီ...။

သူငယ်ချင်း
မင်းရော ဘယ်လိုနေလည်း... ?
အမှားတွေ များလား ?
အမှန်တွေ များလား ?
အောင်မြင်ခဲ့လား ?
ရှုံးနိမ့်ခဲ့လား ?

သေချာတာ တစ်ခုက
2009 ကို နှုတ်ဆက်တာ
နင်အားမာန်တွေ ပါနေလိမ့်မယ်..။

နှစ်သစ်မှာ ငါဘယ်လိုနေမယ်
ဘာတွေဖြင့် လုပ်လိုက်မယ်
2008 နောက်ဆုံးအတွေးလိုပေါ့
2009 မှာ လုံးချာလည်လိုက်ပြီး

သူငယ်ချင်းရေ..
2010 မှာ .....
ဇရာအို တုတ်ကောက်
ခပ်ဖြောင့်ဖြောင့် လျှောက်လှမ်းနိုင်ပါစေ......

ဆောင်း

Wednesday, December 16, 2009
ရွက်သစ်လဲ မဝေ
ရွက်ဟောင်းလဲ မကြွေနိုင်တဲ့
နှင်းချိုရည် သူလေသောက်ပြီး
ပွင့်နေတာ ဟိုးအမြင့်မှာလေ
မိုးလုံးမှိုင်းပေါ့

နှင်းရည်စက်လက်
ညအမှောင်မှာ လရောင်ကိုပစ်လို့
မြူမှုန်ပုခက် သူလေမှေးစက်ပြီး
ဟော.. နေခြည်သမ်းလာတော့
ကြည့်လိုက်ပါဦး ပွင့်နေလိုက်တာ
သဇင်ပန်းပေါ့
...........................................မရိုးနိုင်သော ဆောင်းပုံရိပ်

ဝတ်ရုံထူတောင် မနွေးနိုင်ဘူး
ထင်းရှုးပင်က ရောင်စုံမီးတွေ
မြူပါးပါးအောက်မှာ လင်းလို့
အေးစက်နေပေမယ့်
နင့်အပြုံးဟာ နွေးနေတယ်

ရာသီတူပေမယ့် ဘာသာမတူတဲ့
ဒီခရစ်စမတ်ကို
နင်နဲ့ တွဲပြီး
ရင်ခုန်ခဲ့ဖူးတယ်ဆိုပေမယ့်
မျဉ်းပြိုင် နှစ်ကြောင်းပေါ်က
ကကွက်ဆိုတာ ငါ သတိလစ်ခဲ့တယ်
...............................................ဟိုးတုန်းက အတိတ်ပုံရိပ်

ကုန်းအဆင်းလေးနဲ့ ကောလိပ်မြေ
အလွမ်းကဖေးမဟုတ်တဲ့
ခပ်ဆွေးဆွေး တီးဆိုင်ရှိတယ်
အဆောင်သူတွေ
စောင်ခြုံမကွေးနိုင်တဲ့
ကိုလူပျိုတွေ ဂစ်တာတီးကွက်မှာ
အေးတာက ရာသီ
ကြည်နူးစရာက အတွင်းသဘော
ကောလိပ်သူတွေ တော်တော်များများက
ဆောင်းညမှာ လေးဖြူ သီချင်းနဲ့
စည်းစိမ် ယစ်ခဲ့ ဖူးပါလိမ့်မယ်
............................................ တစ်ချိန်က လားရှိုး ဆောင်းည

ဆောင်းမမှီတဲ့ ဒီဇင်ဘာ
မိုးရွာကာ ထစ်ချုန်းတလှည့်
အသူရိန် ဖန်ဖန်ညီးတဲ့
စင်္ကာပူ ထင်းရှုးပင်ထက်မှာ
ရောင်စုံမီး ထိန်ထိန်လင်းပေမယ့်
အကြင်သူရေ ...
အရာရာဟာ အတုတွေပါလား
..................................... စင်္ကာပူ ဒီဇင်ဘာ

ဆိုင်ကယ်သမားလေး စည်သူ

Friday, November 20, 2009
မော်လမြိုင် > မုဒုံ ။ မော်လမြိုင် > သံဖြူဇရပ် ။ မော်လမြိုင် > ကျိုက္ခမီ ။ မော်လမြိုင် ဟိုနားဒီနား ယိုးဒယားထုတ် ဒရင်း တစ်ရာအား ဆိုင်ကယ် တစ်စီး လေထဲမှာလွှင့်နေတာ ။ ဆိုင်ကယ် တက္ကစီပေါ့ ။ မောင်းတဲ့သူက လူငယ်၊ လူချော၊ လူသန့် သံဖြူဇရပ်သား မွန်လူ ချောလေး၊ သူ့နာမည်က စည်သူ...

မော်လမြိုင် အပေါ်ဈေး၊ အောက်ဈေး၊ အဝေးပြေး နေရာပေါင်းစုံမှာ ဆိုင်ကယ်နဲ့ စည်သူ၊ စည်သူနဲ့ ဆိုင်ကယ် အမြဲတမ်း တွဲပြီးတွေ့နေ ရ တယ်။ စည်သူက ဆိုင်ကယ်စီး ၀ါသနာလဲပါတယ်။ ငယ်ငယ်ကတည်းက မြင်းပုပုအရုပ် လေးကို စီးပြီး ၀ရော ၀ရော အော်ပြီး ဆိုင်ကယ် အမှတ်နဲ့ စီးလာတဲ့ကောင်။ အရွယ်လဲ ရလာရော ဆိုင်ကယ် ပိုး ကထ။ မော်လမြိုင်မှာလဲ ဆိုင်ကယ် တက္ကစီက ခေတ်စားလာတော့ ဆရာက အံကျတာ။ အိမ်ကို ပူဆာ အိမ် က လဲ ခြေငြိမ်ပြီးရော ယိုးဒယား ဒရင်း တစ်စီးဝယ်ပေးလိုက်တာလေ။

စည်သူက အပေါင်းအသင်းဆံ့တယ်။ ခင်လဲ ခင်တတ်တော့ သူ့ဆိုင်ကယ်က အားနေရတယ် မရှိပါဘူး။ သူငယ် ချင်းတွေ လိုက်ပို့လိုက်။ ခရီးသည်တွေပို့လိုက်နဲ့။ ပို့စရာမရှိရင်တောင် တောင်ပေါ်မောင်းတက် တောင်အောက်ကို ဂီယာဖရီး စက်သတ် ဆီကုန် သက်သာ အောင်လုပ် ပြီးစီးတာ။ ဆိုင်ကယ် ၀ါသနာလေ ။

စည်သူ့ အမ၀မ်းကွဲတစ်ယောက်က မော်လမြိုင်ဈေးမှာ ကုန်စုံဆိုင်ဖွင့်ထားတာလေ။ ရပ်ဝေး ရပ်နီး အခြောက် အခြမ်း ကုန်သည် မိတ်ဆွေ တွေလဲပေါတော့ ဟိုနားဒီနား ကုန်သည်တွေက သွားချင်ရင် စည်သူပဲပေါ့၊ စည်သူ့ ဆိုင်ကယ်လေ အလုပ်ဖြစ်တာ အဲ့သလို။ ဒီလိုနဲ့ တစ်နေ့ နေရော သူ့အမက စည်သူ့ကို လှမ်းခေါ်တယ်။ စည်သူက ဘာလဲပေါ့ ဈေးကိုလိုက်သွားရော ဈေးက သိမ်းချိန်တောင် ရောက်နေပြီ။

စည်သူက ဈေးလဲရောက်ရော အမဖြစ်သူကဆီးပြီး စည်သူရေ ဒီမှာ အမ မိတ်ဆွေ တစ်ယောက် ကျိုက္ခမီ ပြန်ရမှာ နေလဲစောင်းနေပြီ၊ သူ့မှာလဲ ငါးခြောက်ရောင်းရငွေတွေနဲ့ အဲ့တာ မောင်လေးနဲ့မှ အမက စိတ်ချရမှာလေ။ မောင်လေးလိုက်ပို့လိုက်နော် ဆိုပြီး အားကိုးတကြီး နဲ့ဆိုတော့ စည်သူလဲ နေစောင်းပေမယ့် မငြင်းသာဘူးလေ လိုက်ပို့ရတာပေါ့။

ဒါနဲ့ပဲ အမမိတ်ဆွေ ကိုခေါ်ပြီး ခရီးစထွက်တော့တာပေါ့။ နေလုံးလဲ တော်တော်စောင်းချင်နေပြီ။ ဒါနဲ့ ဆိုင်ကယ်ကို အရှိန် မပြင်းတပြင်း လေးတင်ပြီး မုဒုံဖက်ကို ဆိုင်ကယ်ခေါင်းတည်လိုက်တယ်။ ဆိုင်ကယ်လေးက မှန်မှန်လေးနဲ့ ငြိမ့်ငြိမ့်ပေါ့ ကတ္တရာလမ်းပေါ် ပြေးနေတာ စည်သူလဲ သီချင်းလေး တစ်ပုဒ် တိုးတိုးလေး ညဉ်းရင်းနဲ့။ အဲ့ နောက်က ထိုင်တဲ့ ကိုယ်တော်က ကြောက်လို့လား ? ဘာလို့လဲ မသိဘူး စည်သူ့ခါးကို အတင်းဖက်ထားတာ။

ပြောရဦးမယ် စည်သူက ယားတတ်တယ်။ ဖက်ထားတာတို့၊ ဟိုပွတ်ဒီပွတ်ဆို မနေတတ်ဘူး။ '' နောက်က အကို အရမ်းဖက်မထားနဲ့ဗျ ကျနော် ဆိုင်ကယ်မောင်းရတာ မလွတ်လပ်ဘူး '' နောက်က လူကလဲ '' အင်း '' ။ ဖက်တာ တော့ လျော့သွားတယ်။ ခဏနေတော့ ခါးဖက်ရာကနေ လက်အစုံက ပေါင်ပေါ်ကို ရောက်လာပြန်တယ်။ စည်သူ က ဘာလဲပေါ့ တွေးတာလေ။ '' အကို ငြိမ်ငြိမ်ထိုင်ပါ ဒီလိုဆို ကျနော် မမောင်းတတ်ဘူး '' '' အင်းပါ မောင်လေး ရယ် '' ဟိုက်..... စည်သူ လေပြီ ။

ဒီလိုနဲ့ စည်သူ ဆိုင်ကယ်ကို မနဲ သတိထားပြီး မောင်းနေရတယ်။ ခရီးဆုံး မြန်မြန်ရောက်ပါစေပေါ့ ဆုတောင်းနေ ရတာလေ။ ဆိုင်ကယ်ကလဲ တဖြည်းဖြည်းနဲ့ သံဖြူဇရပ် စစ်သင်္ချိုင်း အကျော် ရာဘာတောစပ် အနားရောက် လာ တယ်။ အဲ့မှာ နောက်က ကိုယ်တော်က '' မောင်လေး ဆိုင်ကယ် ခဏရပ်ပေးပါလားကွယ် ကျန်းမာရေးလေး ခဏ '' စည်သူလဲ ရပ်ပေးလိုက်တယ် ကိုယ်တော်က ရာဘာတော ညာဖက်ဘေးစပ်ကို ဆင်းသွားတယ်။ စည်သူလဲ ခရီးက ကျန်နေသေးတော့ ငါလဲ ကျန်းမာရေးလေး ရှင်းဦးမှ ဆိုပြီး ရာဘာတော ဘယ်ဖက် အစပ်ကို ဆင်းသွား လေရဲ့...... စည်သူ အပေါ့ ကိစ္စရှင်းတာ တစ်ဝက်နဲ့တစ်ပျက် အချိန် နောက်ကနေ '' မောင်လေး '' လို့ ခေါ်သံကြား လို့ လှည့်အကြည့်မှာ..... စည်သူ့ အော်သံ ရာဘာတောစပ်က အိပ်တန်းတက်သွားတဲ့ ငှက်တွေတောင် ထပျံ ကုန် တယ် '' အောင်မလေးဗျ..........''

အဲ့ဒီနေ့က စပြီး စည်သူ မော်လမြိုင်ကနေ ပျောက်ခြင်းမလှ ပျောက်သွားတော့တာပဲ။ နောက်ပိုင်း ပြန်ကြားရတာ တော့ စင်္ကာပူ ဆိပ်ကမ်းမှာ ကွန်တိန်နာကား လာမောင်းနေတယ် ဆိုလား ? ဘာလားပဲ ?

အဝေးမှ ကြယ်စင်စုများ

Tuesday, November 17, 2009
အရောင်မဲ့ကြယ်
ကြွေနေလေရဲ့
လင်းလက်သောကြယ်
တောက်နေလေရဲ့
အခြားမဲ့၌....

ကောင်းကင်ယံထက်
မှေးမှိန်လာတယ်
မြေပြင်မှာလဲ
ခြောက်သွေ့နေလို့
ငါတို့ဆီ၌....

ကြယ်စင်စုတွေ
ဟိုနားတစ်ပွင့်
ဒီနားတစ်ပွင့်
ပြေလည်ရာပဲ
ပွင့်နေကြတယ်....

အမိကောင်းကင်
လင်းလက်စေဖို့
ကြယ်မမည်တဲ့
ဥက္ကာလေးတွေ
ကြွေနေလေရဲ့....

အဝေးရောက်ရှိ
ကြယ်စင်စုတွေ
ဒီနေ့လေလား
မနက်ဖြန်လား
ဒါမှမဟုတ်...... ဘယ်သောခါမှလား ?

လပ်ကီး

Monday, November 16, 2009
'' လပ်ကီး '' ဒီကောင်လေး ဒီခြံကို ရောက်ခါစ လသား သာသာလေးပဲ ရှိဦးမယ်။ ဒီကောင့်ကို ဒီခြံပိုင်ရှင် ထိုင်ဝမ် ဘော့စ်က ခေါ်လာတာ။ နေရာကတော့ ဆယ်မိုင်ကုန်းထိပ်နဲ့ စော်ဘွားကြီးကုန်းအဝေးပြေး ကြားက ခြံကျယ်ကြီး တစ်ခြံပေါ့။ အဲမှာ ဘော့စ်က ရေလုပ်ငန်း လုပ်တယ်လေ။ ကျနော်တို့က အလုပ်သမားတွေပေါ့။

ရောက်ခါစတော့ ဒီကောင်လေးကို ကြည့်ရတာ ညိုချောဗျ ချစ်စရာလေး။ သူ့ကို အချိန်မှန် နွားနို့ တိုက်ကျွေးပြီး ကိုယ့်ရှေ့တင် ဒီကောင် ထွားလာလိုက်တာ။ ခြေတံလက်တံ ရှည်ရှည်နဲ့။ ဒီကောင်က အသံလဲ ကောင်းတယ် အသံလဲ အောင်တယ်။ အိုး... လမ်းလျှောက်တတ် ကာစ၊ ပြေးတတ်ကာစများကို ထိန်းလို့ကို မနိုင်ဘူး။ အရမ်းအဆော့ သန်တဲ့ကောင်ပေါ့။

မိုးတွေများရွာလာပြီဆို ကျနော်တို့ဆီ ပြေးလာပြီ။ မိုးရွာထဲမှာ ကျနော်တို့ အလုပ်သမား အုပ်စုတွေနဲ့ ဒီကောင် ဘောလုံး ကစားရတာ ပျော် နေပြီလေ။ ကျနော်တို့ အလုပ်မအားချိန်များဆို သူက မကစားရလို့ ဂျီတိုက်တတ်တယ် မျက်နှာကြီးကို သုန်လို့ပေါ့။ အစားကလဲ ဂျီးများပါ့ တော်ရုံဆိုမစားဘူးရယ်။ သူစားဖို့ကို တော်တော် ဂရုတစိုက် ကျွေးရတယ်။ ဒီလိုနဲ့.............

တစ်နှစ်ခွဲ နှစ်နှစ်လောက်လဲ နေရော ဒီကောင် တော်တော်ကြီးကို ထွားလာတာ။ ပြီးတော့ ဒီရက်ပိုင်း ဒီလပိုင်းအတွင်းမှာ ဒီကောင် ဘာ ဖြစ် လာလဲမသိဘူး။ မူမမှန်ချင်တော့ဘူး။ ဒေါသလဲ ထွက်လွယ်တယ်။ မျက်နှာက လုံးဝ မကြည်လင်တော့ဘူး။ ကျနော်တို့ကို ပေစောင် ပေစောင် လုပ်တတ်လာတယ်။ တစ်နေ့ ခြံကို လာတဲ့ ရေလုပ်ငန်း ကုန်သွင်းသူ တစ်ဦးကို ဒီကောင်ဗျာ ခုန်အုပ်ပြီး ခဲတာ မျက်နှာကို။ ကျနော်တို့ ဆွဲတာ မရဘူး။ သူ့ကိုခေါ်လာတဲ့ ဘော့စ်လာဆွဲတော့မှပဲ ရတော့တယ်။ ဟိုလူလဲ တော်တော် အီသွားရှာတယ် အရေးပေါ် ဆေးခန်းပို့ပြီး မနဲတောင်းပန်ယူရတယ်။

ဒီလိုနဲ့ တစ်ယောက်လဲ မဟုတ်၊ နှစ်ယောက်လဲ မဟုတ် ဒီကောင် တော်တော်ဆိုးလာတယ်။ နောက်ဆုံး အိမ်ကို အမြဲဝင်ထွက်သွားလာ နေတဲ့ ဘော့စ် သူငယ်ချင်းကို ကိုင်လိုက်တာ ဒဏ်ရာ တော်တော် ပြင်းသွားတယ်။ ဒီကောင် လောကကြီးကို တော်တော် ကန့်လန့် တိုက် လာတယ်။ ကျွေးတာလဲ စားချင်မှပဲစားတော့တယ်။ ဒီကောင့်ကို ဒီတိုင်းလွတ်ထားလို့ မရတော့ဘူး တော်တော်ကြီးကို ဆိုးလာတာ။ နောက်သံကြိုးနဲ့ဒီကောင့်ကို ချည်ထားရတာ။ အဲ့တော့မှ မျက်နှာငယ်လေးနဲ့ ဒီကောင်၊ တော်တော်လဲ မာယာများတဲ့ကောင်။

နောက်တော့ ကျွေးတာလဲ မစားတော့ တမှိုင်မှိုင် တတွေတွေနဲ့လေ။ ဒီလိုနဲ့ မဖြစ်ခြေဘူး ဒီကောင့်ကို ဆရာဝန်နဲ့ ပြမယ်ဆိုပြီး ဘော့စ်က ကမ္ဘာအေး ဘုရား လမ်းပေါ်က ဆရာဝန်ဆီလိုက်ပြတော့မှ ဒီကောင် ဖြစ်နေတဲ့ ဝေဒနာ အကြောင်းရင်းကို သိရတော့တယ်။ ဆရာဝန်က သေချာစမ်းသပ်ပြီး မေးတော့တာပေါ့။

ဆရာဝန်ကမေးတာ ဒီကောင် ဘယ်နှစ် နှစ်သားရှိပြီလဲ ?
နှစ်နှစ်သား ရှိပြီ ဆရာ။

ဒီကောင်ကြီးမှာ ရည်းစား သနာရှိလား ?
မရှိသေးဘူး ဆရာ။

ဟာ...... ခင်ဗျားတို့ဗျာ ဘာမှစိတ်မပူနဲ့ ဒီကောင် အရွယ်ရောက်လာပြီ။ အဲ့ဒီတော့ ဒီကောင်ကြီးကို မိန်းမပေးစားလိုက်တော့ အိုကေပြီ....

မှန်လိုက်လေဗျာ ဒီကောင်ကြီးအတွက် အဖော်ကို ဘော့စ်က သူနဲ့ မျိုးတူ ဒိုဗာမင် မြှီးတိုမလေး နှစ်ကောင်တောင်ဗျာ ခေါ်လာပေးတဲ့ နောက်ပိုင်း ဒီကောင်ကြီး အရင်လို မြူးမြူးကြွကြွ ပြန်ဖြစ်လာတယ်ဗျိုး...... နောက်တော့ ကျနော်လဲ အလုပ်ပြောင်းရော ဒီကောင်ကြီး ဘယ်လို စခန်းသွားပြီး ကျန်ခဲ့သည် မသိ။

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်သည့် နိယာမကို ဆင်ခြင်မိသည့် သဘောပါး)

ပန်းပွင့်လေးများ အကြောင်း

Monday, November 2, 2009
ပန်းခြင်းတူသော်ငြား
ဂုဏ်ခြင်း နေရာခြင်းကွာသည်မို့

အလေ့ကျ ပန်း
ချွေသူများ၍ နွမ်းလွယ်သည်။

ဥယျာဉ်တွင်းမှ ပန်း
နမ်းခွင့်ရပြန် ခူးခွင့်မရ။

တော်ဝင်သည့် ပန်း
လှမ်းခွင့်မသာ နန်းထက်စံပါ့။

အလေ့ကျ ပန်းများသည် လမ်းဘေးဝဲယာ ပွင့်တတ်လေသည်မို့ ခရီးသွားများ တို့ကာဆိက်ကာ သွားတတ်လေသော် ပန်းလေးခမျာ ခဏနှင့်သာ နွမ်းတတ်သည်။

ဥယျာဉ်တွင်းမှ ပန်းများသည် ဥယျာဉ်မှူး၏ ဂရုစိုက်မှုအောက်ဝယ် ရှိလေသောကြောင့် ပန်းများအား အထိုသူသည် နမ်းခွင့်ရပင်သော်ငြား ခူးခွင့်ရယ်လို့ မရရှိနိုင်ပေ။

တော်ဝင်သည့် ပန်းများသည် အထူးဂရုပြုခြင်း ခံရလေသည်မို့ အထိုသူသည် လိုချင်ပြန်လေလျှင် တန်ဖိုးများစွာ ထားတတ်၍ မြတ်နိုးခြင်း များစွာ ဖြစ်တတ်သည်။

ချစ်ရပါသော ညီမငယ်လေးများသည် ပန်းဘ၀နှင့် တူလေသည်မို့ မည်သည့်နေရာ၌ ပွင့်ချင်လေသနည်း အတွေးများစွာ ရှိကြကုန်....

သံလွင်ပျို

Thursday, October 22, 2009
တောတောင်လျှိုမြောင်
ရစ်ပတ်ခွေဆင်း
တံခွန်ရေစီးသို့
ဒေါမာန်ဟုန် အခါတစ်လှည့်နဲ့
မာယာရှင် မိန်းမငယ်တစ်ဦးလို
သိမ်မွေ့ဟန် မြူကာချော့ကာဖြင့်
ခံယူချက် ပြင်းပြသူ
နယ်မြေကြမ်းလမ်း၌
မြူကြားဝယ် ပြုံးပြုံး
ယမ်းခိုးဝေ လမ်းခရီးမှာ
ဟန်လဲမပျက်
မာန်နဲ့ဆက်လို့
မုတ္တမဆုံ မြစ်သုံးသွယ်ဝယ်
သံလွင်ပျို အဆုံးသတ်တယ်
ဘာကျန်ခဲ့လေး.....

ယနေ့မှသည်.........

Friday, October 2, 2009
ပန်းကဗျာ ရင်မှာပွင့်ပြီမို့
မိုးထက်ယံ လေဟုန်အနှော့မှာ
ငှက်မောင်နှံ တေးသီကျူးပါလို့
မုန်တိုင်းငယ် ထန်ပါလေ့စေတော့
မိုးကြိုးသွယ် ကြုံလာခဲ့စေဦး
တွဲလက်ကယ် မဖြုတ်တမ်းရယ်နဲ့
ယနေ့မှသည် နှစ်တစ်ရာတိုင်လေအောင်
ရေပြင် ဝေဟင် မြေပြင်ထက်အနှံ့မှာ
ငှက်မောင်နှံ သစ္စာစကားသံများ
ပျံ့လွှင့်ကာ ထင်ကျန်ရစ်စေသား......