ဖြစ်သလို ကြုံသလို စားသုံးခြင်း

Tuesday, October 7, 2008
လုပ်ချလိုက်ပြန်ပြီ တစ်မျိုး ''ဖြစ်သလို ကြုံသလို စားသုံးခြင်း'' တဲ့ ။ခက်တာပဲ... ငယ်ငယ်ကတည်းက ဖြစ်သလို၊ ကြုံသလို မစားခဲ့ဖူးတော့၊ဘယ်လိုရေးရပါ့၊ အတွေးလှအောင် tag ရက်တယ်ညီမလေးရယ်။ဖြစ်သလိုကြုံသလိုမစားခဲ့ဖူးတော့လည်း၊ ကြုံခဲ့ ဖြစ်ခဲ့တဲ့ စားသောက်ခြင်းပုံစံကို၊ ညီမလေးကို ပြောပြမယ်၊ညီမလေးရဲ့နီးစပ်ရာအသိုင်း၊အ၀ိုင်းကိုလည်း ပြောပြလိုက် ပေါ့နော် ။ ( လွတ်လပ်သော မိန်းမချောများ ) မှတ်ချက်*

ဒီအကြောင်းကို စပြောရရင် ငယ်ဘ၀က စရမှာပဲ၊ မောင်နှမ များတဲ့ မိသားစုကနေဆင်းသက်လာတဲ့၊ ကျွန်တော်မျိုး ရှင်ရဲထွတ် ဟာလည်း၊ မိခင်ရဲ့ အမျှော်အမြင် ကြီးခြင်း၊ပုံစံသွင်းခြင်း၊ များနဲ့အတူ မီးဖိုချောင်ကို ကြီးစဉ်ငယ်လိုက်၊ အကူလိုက် ပေးခဲ့ရတဲ့၊မိခင်ရဲ့ စီမံမှုကြောင့်၊ (ကျား၊မ မခွဲခြားပါ)* ဟင်းချက်ခြင်း၊ အတတ်ပညာကို ငယ်စဉ်ခါကပင် တတ်ကျွမ်းလာခဲ့ရတော့သည်ပေါ့။ (မောင်နှမအားလုံး)*

ခုတော့ နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ၊ ပျင်းရိငြီးငွေ့ဖွယ် လုပ်ငန်းခွင် ၀င်နေပေမယ့်၊တတ်သည့် ပညာမနေသာဆိုသလို၊ မအားလပ်တဲ့ကြား စားသောက်ခြင်း ကိစ္စကို၊ဖွယ်ဖွယ်ရာရာနဲ့ အပင်ပန်းခံပြီး၊ ကိုယ်တိုင် ဈေးဝယ်၊ ကိုယ်တိုင်ချက်ပြုတ်၊
စားသောက်လာတာ ၆ နှစ်ကျော် လာပါပြီ။

ကျွန်တော့်ရဲ့ တစ်နေ့တာ ပုံမှန် စားသောက်တဲ့ စတိုင်ကို အကြမ်းဖျင်း ပြောပြမယ်။မနက်စာဆိုရင် ရှမ်းခေါက်ဆွဲ စားတတ်တယ် အရမ်းကြိုက်တာ၊ (ရှမ်းလူမျိုးမို့ပါ)*ဒီအတွက် ဘာကိုကြိုတင် စီမံထားရတာလည်း ဆိုရင်၊ အထားခံ တာရှည်ခံ၊မရှိမဖြစ်တဲ့ ( ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးဆီကျက်၊ ပါကော့ချောင်ကော့)စတာတွေကို ပြုလုပ်ပြီး ပုလင်းလေး၊ ဗူးလေးတွေနဲ့ ကြိုတင် လုပ်ထားရတာပေါ့။ကြက်သားဖြစ်ဖြစ်၊ ၀က်သားဖြစ်ဖြစ်၊ ကီလိုဝက်လောက် ချက်ပြီး ရေခဲသေတ္တာထဲသိမ်းထားရုံပဲ၊ တပတ်စာလောက်တော့ ခိုင်ပြီပေါ့။ အလုပ်က မနက် ၇ နာရီဆိုတော့၊၅း၃၀ လောက်ထ၊ ရေနွေးတည်၊ ရေနွေးဆူလာရင် ကိုးကန့် လ္ဘက်ခြောက်လေး နှပ်ထားလိုက်၊ပြီးရင် ရေမိုးချိုး၊ အိုကေ အနေတော်အိုးလေး တစ်လုံးထဲ ဆူနေတဲ့ ရေနွေးလောင်းထည့်၊ မီးဖိုပေါ်တင်၊ ဗွက်လာရင် ညကစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲကို တစ်ပန်းဂံစာ မှန်းထည့်၊ပျော့သွားရင် ပန်းဂံလုံးထဲထည့်၊ ချက်ထားတဲ့ အသားကိုထည့် (ကြက်သွန်၊ငရုပ်သီး၊ပါကော့ချောင်ကော့)
ဆီကျက်ကိုထည့်၊ ကြာညို့ထည့်၊ ကြက်သွန်မိတ်လေးနဲ့ သင်းပျံ့မွှေးကြိုင်ပြီး၊ အကောင်းဆုံး၊မနက်စာ ရှမ်းခေါက်ဆွဲ လေးပဲပေါ့။ (မနက်စာအတွက်နော်)*

နေ့လည်စာတော့ အလုပ်ထဲက canteen မှာပဲ၊ အဆင်ပြေသလိုပေါ့၊ ကြက်ဆီထမင်းစားလိုက်၊ ဘဲကင်စားလိုက်၊ သိပ်မထူးခြားပါဘူး။.........

ကဲလာပြီ ညနေစာ dinner ပေါ့ဗျာ....လုပ်ငန်းခွင် သိမ်းဆည်းချိန်နီးလာရင်၊ စဉ်းစားမိပြီ ... ရေခဲသေတ္တာထဲမှာ ဘာရှိလည်း၊အိုး.... မနေ့က ၀ယ်ထားတဲ့ ၀က်အသည်း၊ ကိုက်လန်ရွက်၊ ဆေးဘဲဥ၊ စွမ်ထန်လည်းရှိသေးတာပဲ၊
အိမ်ပြန်ရောက်တာနဲ့ အ၀တ်လဲ၊ မီးဖိုချောင် ၀င်ပြီဗျာ။ဝက်အသည်းကို ရေခဲသတ္တာထဲကထုတ်၊ ကိုက်လန်ရွက်ကိုချိုး အရင်းကို ဓါးပြားရိုက်၊ ရေဆေးဇကာနဲ့ ရေစစ်ထားလိုက်၊။ ဆေးဘဲဥ အခွံခွာ၊ ကြက်သွန် ဖြူ၊နီ ခွာထား၊ ချင်းခွာထား၊ ငရုပ်သီးစိမ်း ဓါးပြားရိုက်၊ စွမ်ထန်အတွက် ရေနွေးတည်ထားလိုက်၊ ထမင်းအိုး တည်ထားဖို့လည်း မမေ့နဲ့ဦး။

ဝက်သည်းကို အနေတော် ပါးပါးလေးလှီးပြီး ပန်းဂံထဲမှာ ဟင်းချက်ဝိုင်နဲနဲ၊ ကြာညို့နဲနဲ၊ဆား၊ ဟင်းချိုမုန့်နဲ့ နှပ်ထားလိုက်၊ ချင်းကို သေးသေးမျှင်မျှင်လေးလှီးထား၊ ကြက်သွန်နီ လေးစိပ်ကွဲလေးပေါ့၊ ငရုပ်သီးစိမ်းဓါးပြားရိုက်၊ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ရယ်ဒီလုပ်ထားတာပေါ့။

ကိုက်လန်အရင်ကြော်မယ်နော်၊ ဒယ်အိုးကောင်းကောင်း ဆီပူတည်မယ်၊ ဆီပူလာရင် ကြက်သွန်ဖြူကိုပစ်ထည့်၊ ဆီမွှေးလာရင် ကိုက်လန်ကိုထည့်၊ ဆား အချိုမှုန့် ပစ်ထည့်ပြီး အဖုံး ဖုံးထားပေါ့၊ မီးပြင်းပြင်းနဲ့မိနစ်ဝက် ခရုဆီထည့်၊ ရေနဲနဲလေးထည့် ရှဲရှဲရှဲ အိုး ရပြီပေါ့၊ ကိုက်လန်ကြော် စိမ်းစိမ်းစိုစိုလေး။

ဆေးဘဲဥ သုပ်မယ်၊ ဆေးဘဲဥကို လှီး ပန်းဂံထဲထည့်၊ ကြက်သွန်နီ ပါးပါးလေးလှီး ရေဆေးပေါ့ မမွှန်အောင်ပေါ့၊ပြီးရင် ငရုပ်ဆီကောင်းကောင်း ကြက်သွန်၊ငရုပ် ဆီကျက်၊ ကြာညို့၊ သံပုရာသီလေးညှစ်၊ ဆားအချိုမှုန့်ထည့်၊ ဖွဖွလေးနယ်ပေါ့လေ။

ဝက်အသည်းကြော်မယ်၊ ချင်းပါးပါးလေးရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီလေးစိပ်ကွဲရယ်၊ ငရုပ်သီးစိမ်းရယ်၊ ဆီပူပူလေးမှာ မွှေးလာအောင်ကြော်ပေါ့၊ ပြီးရင် ၀က်အသည်းကို ပစ်ထည့်ပေါ့၊ အကြာကြီး မကြော်ရဘူးနော်၊
ဝက်အသည်းက ကြာကြာကြော်ရင် မာသွားတတ်တယ်၊(သတိပြု)*

စွမ်ထန်ဟင်းရည်တော့ လွယ်ပါတယ်၊ ဆူနေတဲ့ ရေနွေးထဲ ချင်းထည့်၊ ငရုပ်သီးစိမ်းထည့်၊ စွမ်ထန်ထည့်၊ ဆားအချိုမှုန့်ထည့်၊ သုံးမိနစ်ပေါ့၊

ဟား.... အားလုံးစားပွဲပေါ်ရောက်ပြီ၊ ရေချိုးမယ်၊ စားချင်တဲ့လူ မြန်မြန်လာနော်၊ ကဲညီမလေး မယ်ဂုမိရေ စားရအောင်ဟေ့............

ရစ်သမ်

သီချင်းတစ်ပုဒ်တဲ့
ဆိုဖို့နေနေသာသာ
ကြိုးညှိနေတာနဲ့တင်
မိုးလင်းခဲ့တော့
ရစ်သမ်တောင်
မခေါက်လိုက်ရဘူး
အရေးထဲ
သုံးကြိုးက '' ထောင်ကနဲ ''
ဟာ...ကွာ...........

မမှားနဲ့

Monday, October 6, 2008
ဒီမှာ
အလင်းရောင်ထိတဲ့
ဘော်လုံးတစ်ခြမ်းဟာ
နင့်ကမ္ဘာလို့
စွဲမြဲနေမယ်ဆိုရင်
လဆိုတာ
ညမှလင်းတာကို
နင်ဘယ်တော့မှ
မမေ့ပါနဲ့
ဒါတောင်မှ
နေမင်းကြောင့်
လရောင်လင်းရတာပါ
ပြီးတော့ နင်ဟာ
လရောင်ကို မှီခိုနေရတဲ့
ကြယ်စင် သာသာပါကွာ.......

ပဉ္စလက်

Sunday, October 5, 2008
မာယာတစ်ဖက်
ဂစ်တာတစ်လက်
မှော်ဆရာလက်လို
တီတီတာတာထွက်တဲ့
နင့်နှုတ်ခမ်းထက်က
ပဉ္စလက်အတတ်နဲ့
ငါ့နှလုံးသားကို
အမဲဖျက်ဖို့
ကြိုးစားနေတာလား
ကန့်လန့်ကာတစ်ဖက်က
လူကိုနေရာလှည့်လိုက်ရင်
နင်ခံနိုင်ရည်ရှိအောင်
အဖက်ဖက်က
ပြင်ဆင်ထားပေါ့ကွာ
ကံကြမ္မာဆိုတာ
လည်တတ်တယ်.............

နာရီ

Saturday, September 27, 2008
နာရီ
အမှားနဲ့ပဲလျှောက်လျှောက်
အမှန်နဲ့ပဲလျှောက်လျှောက်
နာရီဟာရွှေ့လျားနေမှာပဲ
လူတိုင်းဟာ
နာရီကိုကြည့်တယ်
နာရီက
မျက်နှာမလိုက်ဘူး
အားလုံး ၂၄ နာရီပဲ
နာရီကို
လူတိုင်းပိုင်ဆိုင်တယ်
၂၄ နာရီ
ပုံစံမတူရုံလေးပေါ့..............

အမှား

Wednesday, September 17, 2008
လေတွေ တဟူးဟူး တိုက်ခတ်နေသည်၊ နေရာကား လားရှိုးမြို့ရဲ့ အထင်ကရ ၂၅၀၀ စေတီတော် ရင်ပြင်ထက်၊ ချိန်ကား မနက် ၆ နာရီ၊ နှင်းများပင် မကွဲတတ်သေး၊ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်နေသည်၊ ချမ်းအေးလွန်းလှသည်။

ဤနေရာတွင် လူသားသုံးဦး ရှိနေသည်၊ မိန်းကလေးတစ်ဦး၊ ယောင်္ကျားလေးနှစ်ဦး၊ သုံးဦးစလုံး တိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်ခြင်းကို စိုင်းသွေးမှ စတင်ဖြိုခွဲလိုက်သည်။

“ကဲ ကိုဇော်နဲ့ ထွေးငယ် ညကဖုံးဆက်ပြီး ဒီနေရာကို ချိန်းတာ ဘာကိစ္စလည်း” ကိုဇော်မှ ၄င်းကျတ်ကက်တွင်းမှ အရာဝတ္ထု တစ်ခုယူကာ
“စိုင်း နင်ဒါယူထားပါ ငါတို့နှစ်ယောက်လုံးရဲ့ ပြောစကားကို ဆုံးအောင်နားထောင်ပါ၊ ပြီးရင်နင်ကြိုက်သလို ဆုံးဖြတ်နှိုင်တယ်”
“ဟုတ်ပါတယ်စိုင်း ကိုဇော်ပြောသလိုပါပဲ စကားကိုတော့ ဆုံးအောင်နားထောင်ပေးပါ၊ ပြီးမှ ကြိုက်သလို ဆုံးဖြတ်ပါ”
စိုင်းသွေး ဘာမှနားမလည်သေး လက်ထဲမှ ကိုဇော်ပေးထားသော ဓါးမြှောင်၊၄င်းတို့နှစ်ဦးအား ကဲနင်တို့နှစ်ယောက် ရှင်းရှင်းပြောပါ၊ ဘာပြောချင်တာလည်း....

“ကဲပါထွေးငယ်ပဲ စပြောပါ့မယ် စိုင်း ထွေးငယ်ကို ခွင့်လွတ်ပါ၊ စိုင်းနဲ့ ထွေးငယ်ရဲ့ အချစ်ကို မေ့ပေးပါ၊ ငယ်သံယောဇဉ်နဲ့ ခံစားမိတာကို အချစ်လို့ ထွေးငယ်ထင်ခဲ့တယ်၊ ဒါပေမယ့် စိုင်းမှတ်မိမှာပါ၊ ပြီးခဲ့တဲ့နှစ် စိုင်းကျောင်းပိတ်လို့ မြို့ပြန်လာတော့ ကိုဇော်ကို ခေါ်လာတယ်နော်၊ ထွေးငယ်နဲ့ ကိုဇော်ကို၊ စိုင်းကိုယ်တိုင် မိတ်ဆက်ပေးခဲ့တယ်လေ၊ အဲဒီ နေ့ကတည်းက ကိုဇော့်အကြည့်တွေကို ထွေးငယ် ရင်ခုန်ခဲ့တယ်။ ကျောင်းပြန်ဖွင့်ရက် မတိုင်မချင်း ထွေးငယ်တို့ သုံးယောက် သွားအတူ စားအတူ၊ နေလာခဲ့ကြတယ်နော်၊ ကျောင်းဖွင့်ရက်နီးတော့ စိုင်းနဲ့ ကိုဇော်ပြန်သွားတော့လေ၊ စိုင်းကို သတိရတာထက်၊ ကိုဇော်ကို ဘာလို့ ပိုသတိရနေတာလည်း၊ ကိုယ့်စိတ်ကို နားမလည်နိုင်ခဲ့ပါဘူး၊ ပြီးတော့ စိုင်းဆီက လာတဲ့စာထက် ကိုဇော်ဆီက လာတဲ့စာကပို များတယ်။ သိပ်မကြာပါဘူး ကိုဇော်က ထွေးငယ်ကို ချစ်ခွင့်ပန်လာပါတော့တယ်”
“ဟုတ်ပါတယ်စိုင်း နင်ကြိုက်သလို ဆုံးဖြတ်နိုင်တယ်နော်၊ ဒါပေမယ့် စကားကိုတော့ ဆုံးအောင်နားထောင်ပေးပါ၊ သစ္စာအနေနဲ့ ပြောမယ်ဆိုရင်၊ ငါနဲ့ ထွေးငယ် နင့်အပေါ် သစ္စာမဲ့တယ်။ ဒါပေမယ့် နှလုံးသားနဲ့ ခံစားပြီးပြောရင်၊ ငါနဲ့ထွေးငယ် မှန်တယ်၊ ငါတို့နှစ်ယောက် နှလုံးသားကို ကိုးကွယ်ပါရစေ။ မနေ့ညကပဲ ငါတို့နှစ်ယောက်၊ ချစ်သူဖြစ်ခဲ့ကြပြီ၊ နင့်ကိုလည်း မလိမ်ချင်ဘူး ဒါကြောင့် နင့်ဆုံးဖြတ်ချက်ကို လာယူတာပါ”
လက်ထဲမှ ဓါးမြှောင် တစ်ဆက်ဆက် တုန်နေသည်၊၊
“နင်တို့နှစ်ယောက် ပြောနေတာ တစ်ကယ်လား”
“ဟုတ်ပါတယ် သူငယ်ချင်း”
“စိုင်း တစ်ခုခု ဆုံးဖြတ်ပေးပါ”

သစ္စာမဲ့လိုက်ကြတာ၊ ရက်စက်လိုက်ကြတာ၊ တစ်ယောက်က အချစ်ဆုံး သူငယ်ချင်း၊ တစ်ယောက်က ငယ်ချစ်၊ နှလုံးသားကို ကိုးကွယ်ခွင့်ပြု လိုက်ရမှာလား၊ သစ္စာမဲ့လုပ်ရပ်ကို အပြစ်ပေးရမှာလား၊ မျက်လုံးအိမ် တစ်ခုလုံးေ၀၀ါးနေပြီ။
''ကိုဇော် ထွေးငယ် ငါ့ရှေ့ကနေ ထွက်သွားကြပါတော့ကွာ၊ နင်တို့နှစ်ယောက်ကို ငါမမြင်ပါရစေနဲ့တော့''

''စိုင်း ခွင့်လွတ်ပါကွာ ငါတို့သွားတော့မယ်''

''စိုင်း ထွေးငယ်တို့ သွားတော့မယ်''

''သွားကြတော့..........................''

မည်သူမှားသနည်း စာရေးသူနဲ့ အဖြေညှိရအောင် ........

မသေခင် (၁၀) ရက်တဲ့

Tuesday, September 16, 2008
မ၀ါဝါခိုင်မင်းရဲ့ တက်ဂ်ခြင်းကို ခံရပြီး သကာလ၊ ကျနော်အတွေးတွေ အများကြီးဝင်လာတယ်။ မသေခင် ၁၀ ရက် ဘာလုပ်ကြမလည်းဆိုတော့၊ ကျနော်တို့ ပုထုဇဉ်မှာ မသိခြင်း ၅ ခုနဲ့ ဘ၀ပြောင်းကြတာဗျ၊ ဘာတွေလည်းဆိုတော့....

၁။ ဘယ်နေ့သေရမှာလည်းဆိုတာကို......မသိခြင်း
၂။ ဘယ်အရွယ်မှာသေရမှာလည်းဆိုတာကို......မသိခြင်း
၃။ ဘယ်နေရာမှာသေရမှာလည်းဆိုတာကို......မသိခြင်း
၎။ ဘယ်ပုံစံနဲ့သေရမှာလည်းဆိုတာကို......မသိခြင်း
၅။ သေပြီးရင်ဘယ်ရောက်မှာလည်းဆိုတာကို......မသိခြင်း

ဒီလိုမသိခြင်း ၅ ခုရှိတယ်ဗျ၊ ဒါကြောင့် ကျနော်ဒီလိုတွေးမိတယ်.. နေ့စဉ်နဲ့အမျှကျနော်တို့ဟာ မသေခင်(၁၀)ရက် ကိုရင်ဆိုင် နေကြတာဗျ၊ ဒီတော့ ကျနော်တို့ဟာ ဘာကိုမျှ မသိနိုင်သေးတဲ့ သနားစရာ သတ္တ၀ါလေးတွေလို့ ကျနော် မြင်မိတယ်။ ဥာဏ်မီသလောက် စဉ်းစားကြည့်ရင် အထက်ပါ မသိခြင်း ၅ ပါးကို သိနေခဲ့တာကို ကျနော်တို့ ကံကောင်းတာပဲဗျ။ကဲဒီတော့ ကျနော်တို့ ဘာလုပ်ကြမှာလည်း ဘာစလုပ်မှာလည်းရှင်းရှင်းလေးပါ နေ့စဉ် ဆောက်တည် ရမယ့် သီလ၊ ပြုမူဆောင်ရွက်ရမယ့် ဒါန၊ ကြိုးစား ကျင့်ကြံရမယ့် ဘာဝနာ။ လောဘ မောဟတွေပယ်။ အကောင်းဆုံး ကတော့ ရသမျှအချိန်လေး ၀ိပဿနာ တရားကို နားလည် တတ်စွမ်းအောင်လေ့လာပါ၊ ဆရာကောင်း ရှာပါ ကိုယ်တိုင် အားထုတ် နိုင်အောင်ကြိုးစားပါ၊ ဒီခန္ဓာဖြစ်စဉ် တရားကို နားလည်ရင် ခင်ဗျားတို့ ကျနော်တို့တွေ ဘယ်လို ဒုက္ခ မျိုးပဲ လာပါစေ ကြုံပါစေ သိပ်ပြီးတော့ မတုန်လှုပ်တော့ဘူးဗျ။

ဒါကြောင့် မ၀ါရဲ့ တက်ဂ်ခြင်းကို ကျနော်ဒီလိုပြန်ဖြေပါတယ်။မသေခင်(၁၀)ရက်ကို ကြိုမသိနိုင်တဲ့အတွက် ကျနော်တို့တွေ
နေ့စဉ်နဲ့အမျှ ကောင်းခြင်းအမှုတွေကိုသာ ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် မသေခင်(၁၀)ရက်ကို တွေးကြောက်နေစရာ မလိုတော့ပါဘူးဗျာ.....

ဇီးကွက်နှစ်ကောင်

Friday, September 12, 2008
ကျနော်အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။
သူလေးလည်းကျနော့ကို အရမ်းချစ်တယ်ဆိုတာ ကျနော်ယုံတယ်။
သူလေးကျနော့ကို ချစ်တယ်လို့ အဖြေပေးပြီးတဲ့ နောက်တစ်နေ့မှာ
ကျနော်စိတ်ကူးလေးတစ်ခု အကောင်အထည်ဖော်မိတယ်။
ဘာလည်းဆိုတာသိချင်လား၊ ပြောပြပါ့မယ်၊ ဒီလို.. အဲဒီနေ့မှာ
သူမနဲ့ကျနော် ခါတိုင်းတွေ့နေကြ နေရာလေးမှာ၊ ဒီ့ထက်ပိုတိကျရရင်
ကျနော်တို့ထိုင်နေကြ နေရာလေးမှာ ထိုင်ရင်းသူမ ရောက်လာမယ့်အချိန်ကို
မျှော်နေတာပေါ့၊ မကြာပါဘူး သိပ်ကိုလှပတဲ့ ကျနော့ချစ်သူလေး ရောက်လာပါတော့တယ်။

''မောင် စောင့်နေတာကြာပြီလား'' အောင်မလေးဗျာ နားဝင်ချိုလိုက်တာ...
''ဗျာ..အော် ဟုတ်'' ကဲကြည့် ဂယောင်ဂတမ်းတောင် ဖြစ်တယ်။
''သိပ်မကြာသေးပါဘူး ဖြူလေးရဲ့'' ''လာဒီမှာထိုင်'' သူမလက်ကလေးတွဲရင်း
ထိုင်ခိုင်းလိုက်တယ်။ ''ကဲ ဖြူလေးမျက်စိမှိတ်ထားနော် မောင် ဖြူလေးလက်ထဲကို
ပစ္စည်းတစ်ခု ထည့်ပေးမယ် ပြီးမှဖွင့်ကြည့်'' '' ဟုတ်. မောင်'' ''ရော့ ဖွင့်ကြည့်လို့ရပြီ''
''ဟယ် ဇီးကွက်ရုပ်ကြီးပါလား'' ''ဟုတ်တယ် မောင့်ဆီမှာလည်း ဒီမှာတစ်ရုပ်''
''မောင်ပြောပြမယ် သေချာနားထောင်နော်'' ''ဟုတ် ပြောလေ မောင်''
''မောင်တို့နှစ်ယောက် ဒီနေ့ကစပြီး ဒီဇီးကွက်ရုပ်လေးထဲမှာ ပိုက်ဆံစုကြမယ်''
''ဟုတ်ဆက်ပြောပါဦး မောင့်စိတ်ကူးလေး'' ''အရုပ်လေးထဲ ပိုက်ဆံပြည့်လာရင် မောင်တို့လက်ထပ်ကြမယ်''
''ဟယ်ကောင်းလိုက်တဲ့ မောင့်စိတ်ကူးလေး'' ''ကဲ ဒီတော့ ခုချိန်ကစပြီး မလိုတာတွေ လျှော့ချပြီး စစုမယ်''
''ပြီးတော့ ပြောစရာရှိသေးတယ် ဒီဖက်တိုးလာ ဖြူလေး တိုးတိုးလေးပြောမယ်'' ''ရွတ်'' ''ဟာ မောင်မကောင်းဘူး
ဖြူလေးရှက်ပါတယ်''

ဒီလိုနဲ့ အဲဒီနေ့ကစတင်ပြီး ကျနော်တို့နှစ်ယောက်ဟာ စုဗူးလေးကို အရိပ်တကြည့်ကြည့်နဲ့၊
ဇီးကွက်ရုပ်လေးရဲ့ ဗိုက်ထဲကို ရာတန်ကြီးတွေကအစ ဆယ်တန်တွေအဆုံး ရှိတာနဲ့ထည့်တော့တာပဲ။
ဒီလိုနဲ့နေလာရင်း ကျနော်ဟာ တိုင်းတပါးကို ထွက်ခွာဖို့ အကြောင်းဖန်လာတော့တယ်။
''မငိုပါနဲ့ ဖြူလေးရယ် မောင်ခုလို နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ရတာလည်း မောင်တို့စုဗူးလေး
မြန်မြန်ပြည့်အောင်လို့ပါ'' ''မောင်ရယ်''
''ဖြူလေး ဘေးနားမှာမောင်မရှိရင်လည်း ဇီးကွက်ရုပ်လေးက ရှိနေမှာပဲ အားမငယ်နဲ့နော်''
'' ဟုတ်ကဲ့ပါ မောင်ရယ် '' ''မောင်တို့ရဲ့ ရည်ရွယ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မောင်ကြိုးစားပါ့မယ်''
''ကဲမောင်သွားပြီ ဖြူလေးရယ်''

နှုတ်ဆက်မျက်ရည်ကို သုတ်ပေးရင်း၊ ကျနော်ကျောခိုင်းခဲ့တာ ခုဆိုရင် ခြောက်နှစ်ကျော်လာခဲ့ပြီ။
တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာတဲ့ စနစ်ကြောင့်လား၊ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုံးကြောင့်လား၊
ဘာကြောင့်လည်း ဆိုတဲ့မေးခွန်းတွေနဲ့ ဇီးကွက်နှစ်ကောင်ဟာ အခုထက်ထိ ဗိုက်မပြည့်နှိုင်သေးဘူး၊
ဒါပေမယ့် အရိပ်ကလေးလို ကြည့်နေမှာပါ ဇီးကွက်ကလေးရယ်။............

စလယ်ဆုံး နိဂုံးလှဖို့

Thursday, September 11, 2008
ကျုပ်အတွေးတစ်ခု ရလာတာနဲ့ စဉ်းစားမိတယ်ဗျ ဒီလို..............

လူ့ဘ၀ကို စာစီစာကုံး တစ်ပုဒ်နဲ့ ချိန်ထိုးကြည့်တယ် ဥပမာဗျာ
ကျုပ်တို့လူ့ဘ၀ထဲကို စတင်ဝင်ရောက်လာတာနဲ့ အူဝဲဆိုပြီး
စာစီစာကုံးရဲ့ခေါင်းစဉ်ကို ရလိုက်ပြီနော် ကဲဒီတော့ ဒီခေါင်းစဉ်ကို
ဘယ်လိုသီကုံးကြမှာလည်း...................

ငယ်ရွယ်စဉ်ကျောင်းသားဘ၀မှာ ဒီစာစီစာကုံးရဲ့ နိဒါန်းကို လှလှပပ
ဖွင့်လိုက်ကြရအောင်၊ နိဒါန်းကိုအစပျိုးရာမှာ တစ်ဦးနဲ့တစ်ဦး အူဝဲခဲ့တာခြင်း မတူလို့
နိဒါန်းမှာကတည်းက စတင်ကွဲလွဲခဲ့တာပဲ၊ ဘယ်လိုပဲကွဲလွဲပါစေ နိဒါန်းကပျိုးရမှာပဲလေ
မရေးမနေရ လောကသားတိုင်းရဲ့တာဝန်မို့ပဲ၊
နိဒါန်းကိုအလှပဆုံး ဖွင့်နိုင်ခဲ့သူတွေ ရှိသလို၊ တော်သင့်ရုံ ဖွင့်နိုင်တာလည်း ရှိတာပဲ၊
နိဒါန်းကို ဖြစ်ရုံလေးတင် ဖွင့်ခဲ့နိုင်ပြီး စာကိုယ်ထဲကို တန်းဝင်ခဲ့ရသူလည်းရှိတယ်။
ကျောင်းသားအရွယ် နိဒါန်းရယ် ပြီးဆုံးလို့၊ စီးပွားရေးနယ်ပယ် စာကိုယ်ကို ချယ်ရာမှာ........

နိဒါန်းရဲ့ အစကိုပျိုးခဲ့တဲ့၊ ပုံစံအတိုင်း တွန်းပို့ခြင်းကို ခံရတော့တာပဲ၊ ဒီနယ်ပယ်က
အရမ်းကို ရှုပ်ထွေးပွေလီလှတယ်၊ နိဒါန်းရဲ့ဆေးချက် အရောင်ကိုလိုက်ပြီး
ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ ရေးလိုက်ကြ၊ သီကုံးလိုက်ကြနဲ့ ကိုယ့်စာလေးကို
တန်ဖိုးရှိအောင် အဆင်ပြေချောမွေ့အောင် လှိုင်းထန်လည်းစာရေး၊
လေထန်လည်းကဗျာရေး၊ လေပြေထဲမှလည်းသီကျွေးခဲ့ကြတာပဲ။
ခံစားချက်မျိုးစုံ၊ ဝေဒနာပေါင်းစုံနဲ့ ရေးကြ သီကုံးကြနဲ့၊ စာကိုယ်ပိုင်းလည်းပြီးလို့
တတိယအရွယ် နိဂုံးကိုချယ်ရာမှာတော့.............

ကိုယ့်ရဲ့ စခဲ့သောနိဒါန်း ရေးခဲ့သောစာကိုယ်၊
ပျိုးခဲ့သောပန်းများ၊ ပွင့်ခဲ့သောပန်းများ၊ အားလုံးအားလုံးကို နေရာတကျ စီမံချ၍
ထားခဲ့ရတော့မှာမို့၊ နှောင်လာနောက်သားများမှာ၊ သက်ဆိုင်ရာသက်ဆိုင်ကြောင်းမှ
ဤစာစီစာကုံးကို ဖတ်ရှု့မှတ်သားမှာမလွဲ သေချာပဲ၊ ကဲဒီတော့ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့
ခေါင်းစဉ်နဲ့စာစီစာကုံးကို အလှပဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုထားရစ်
ကြမှာလည်း ကဲဗျာ အကောင်းဆုံးရေးခဲ့ကြစမ်းပါဗျာ။
အလှပဆုံးနိဂုံးပေါ့ဗျာ...............

အမုန်းဆိုသည်မှာ

Tuesday, September 9, 2008
တပ်မက်သော
အချစ်၏နောက်တွင်
သံသယ၀င်လာသော်
အသင်ကြုံဖူးလား
အမုန်းသည်
ဂွင်ဖန်၍၀င်လာတတ်သည်
သို့သော်...........
ထိုအမုန်းသည်
အချစ်ကြောင့်ဖြစ်တည်
လာသည်သမုံ့
အချစ်မရှိလျင်
အမုန်းလည်းမရှိနိုင်ပေ.........
ထို့ကြောင့်...........
အမုန်းဆိုသည်မှာ...........

အချစ်ဆိုသည်မှာ

Saturday, September 6, 2008
တစ်ဦးနှင့်တစ်ဦး
ရင်ခုံသံခြင်း
နားလည်မှုများကို
ပြောပြဖို့ရန်
ခေါင်းစဉ်မရှိ၍
ဤအချစ်ဆိုသော
ပညတ်ကို
သတ်မှတ်ကြလေသည်.....
ထို့ကြောင့် အချစ်ဆိုသည်မှာ
ကိုယ်တိုင်ရဲ့ ရင်ခုံသံပင်
ဖြစ်တော့သည်..........
ထို့ကြောင့် ရင်ခုံသံခြင်း
မတူညီကြ၍ အချစ်သည်လည်း
မတူညီနိုင်ပေ...........

အဖြေများ

Friday, September 5, 2008
ကျောင်းစာသင်ခန်းတစ်ခုတွင်
ဆရာမမှ ကျောင်းသားများအား
မေးခွန်းတစ်ခုမေးလေသည် ။
မေးခွန်းမှာ....... တပည့်တို့
တပည့်တို့ ကြီးပြင်းလာရင် အနာဂတ်အတွက်
တပည့်တို့ဖြစ်ချင်တာတွေ ပြောပြပါဦးဟု
မေးခွန်းထုတ်လေသည်။
အဖြေများမှာ.................

ညီဂျော်..... လေယာဉ်ပျံမောင်းချင်တယ်
သာဂိ..... ဆရာဝန်ကြီးဖြစ်ချင်တယ်
အိတုံ.... ကျမကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်
ချက်ကြီး..... ကျနော်ကတော့ အိတုံကို ကူညီချင်ပါတယ်..

အနှီ..... မေးခွန်းအား ခင်ဗျားတို့ကို မေးခဲ့လျင် မည်သို့
ဖြေဆိုမည်နည်း... ဖြေကြပါဦးတော့....

ဘာသာမဲ့

Thursday, September 4, 2008
ပြောမထွက်ငြားလည်း
ရင်ခုံသံစည်းချက်တိုင်းဟာ
နားထောင်တတ်မယ်ဆိုရင်
ဘာသာစကားမဲ့တဲ့
အပြည်ပြည်ဆိုင်ရာ
စကားလုံးတွေကြားနေရမှာပါ.....

တက်ဂ်ရခြင်း

Tuesday, September 2, 2008
အနှီ... စလုံးမှ ၀လုံး အဲမှားလို့
ကောင်မလေး၏ အနိုင်ကျင့်ခြင်းကို
ခံရသော်ငြားလည်း ပြုံးပြုံးကြီးဖြင့်
ဤတက်ဂ်ခြင်း အမှုကိုကျုပ်ပြုပေတော့မည်.....

ကျုပ်တွင်သာမန်မျှသာရှိသော ကိစ္စနှင့်ဝိစ္စမှာ.....
နာမည်..... ရှင်ရဲထွတ်
nick name..... ရဲထွတ်ငယ်
ဝါသနာ..... ကဗျာရေးစပ်ခြင်း
နေရပ်..... ပထ၀ီမြေထု

နှစ်သက်သောအရာများ.....
အရောင်..... ဖြူ မည်း
ပုံစံ..... လွတ်လပ်သော
ဂီတ..... ရော့ ( ခ် )
အဆိုတော်..... လေးဖြူ
ဝါးတီး.... ရိုးရာ
စာရေးဆရာ.... မောင်ထင်
အားကစား..... ဘော်လုံး

အချစ်ရေးအချစ်ရာ.....
ခဲမှန်ဖူးသူမို့ ညှို့သံကြားရင်လန့်တယ်

လေးစားရသောပုဂ္ဂိုလ်များ.....
လေးစားထိုက်သော ပုဂ္ဂိုလ်များအားလုံး

အားလပ်ချိန်.....
ကဗျာစပ်၍ တန်ဖိုးရှိသော အချိန်များဖြုန်းတီး

ပျော်ရွှင်ဆုံးသောကာလ.....
ဝမ်းနည်းခြင်းနှင့် ကင်းဝေးသော ကာလ

ဝမ်းနည်းဆုံးသောကာလ.....
သစ္စာတရားဖြင့် ထိန်းကွပ်သည်

ပြောပြလိုသောအရာ.....
လိမ္မာစွာ နေကြရန်

စိတ်ဝင်စားသောအရာ.....
ဝေဒနာနှင့်တဏှာ ကြားမှထွက်ခွာရန်

ဤ tag အားရေးရခြင်းအကြောင်းရင်း.....
နားပူလာသူ DREAM ဆိုသူ၏ ပေးသောဆုနှင့်
ပြည့်ဝစေရန်အလို့ငှာ ရေးရခြင်းပင်ဖြစ်တော့သည်....

ပုလဲစက်

Monday, September 1, 2008
ချောင်းလေးရယ်ခြား
တစ်ညဝေးလို့
ငိုလိုက်ရတာ
ရက်ခုနှစ်ရာ
လူရယ်လိုလို
ငှက်လိုလိုနဲ့.......
ရက်တွေအိုဆွေး
မိုင်ထောင်ဝေးတဲ့
လူသားစင်စစ်
တို့အဖြစ်က
ဝေးတိုင်းတာငို
ဆွေးအားပိုမူ
မျက်လုံးအိမ်ထွက်
ပုလဲစက်များ
ဘယ်မှာကုန်ခန်း
နိုင်ပါမည်နည်း...............