ဇီးကွက်နှစ်ကောင်

Friday, September 12, 2008
ကျနော်အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။
သူလေးလည်းကျနော့ကို အရမ်းချစ်တယ်ဆိုတာ ကျနော်ယုံတယ်။
သူလေးကျနော့ကို ချစ်တယ်လို့ အဖြေပေးပြီးတဲ့ နောက်တစ်နေ့မှာ
ကျနော်စိတ်ကူးလေးတစ်ခု အကောင်အထည်ဖော်မိတယ်။
ဘာလည်းဆိုတာသိချင်လား၊ ပြောပြပါ့မယ်၊ ဒီလို.. အဲဒီနေ့မှာ
သူမနဲ့ကျနော် ခါတိုင်းတွေ့နေကြ နေရာလေးမှာ၊ ဒီ့ထက်ပိုတိကျရရင်
ကျနော်တို့ထိုင်နေကြ နေရာလေးမှာ ထိုင်ရင်းသူမ ရောက်လာမယ့်အချိန်ကို
မျှော်နေတာပေါ့၊ မကြာပါဘူး သိပ်ကိုလှပတဲ့ ကျနော့ချစ်သူလေး ရောက်လာပါတော့တယ်။

''မောင် စောင့်နေတာကြာပြီလား'' အောင်မလေးဗျာ နားဝင်ချိုလိုက်တာ...
''ဗျာ..အော် ဟုတ်'' ကဲကြည့် ဂယောင်ဂတမ်းတောင် ဖြစ်တယ်။
''သိပ်မကြာသေးပါဘူး ဖြူလေးရဲ့'' ''လာဒီမှာထိုင်'' သူမလက်ကလေးတွဲရင်း
ထိုင်ခိုင်းလိုက်တယ်။ ''ကဲ ဖြူလေးမျက်စိမှိတ်ထားနော် မောင် ဖြူလေးလက်ထဲကို
ပစ္စည်းတစ်ခု ထည့်ပေးမယ် ပြီးမှဖွင့်ကြည့်'' '' ဟုတ်. မောင်'' ''ရော့ ဖွင့်ကြည့်လို့ရပြီ''
''ဟယ် ဇီးကွက်ရုပ်ကြီးပါလား'' ''ဟုတ်တယ် မောင့်ဆီမှာလည်း ဒီမှာတစ်ရုပ်''
''မောင်ပြောပြမယ် သေချာနားထောင်နော်'' ''ဟုတ် ပြောလေ မောင်''
''မောင်တို့နှစ်ယောက် ဒီနေ့ကစပြီး ဒီဇီးကွက်ရုပ်လေးထဲမှာ ပိုက်ဆံစုကြမယ်''
''ဟုတ်ဆက်ပြောပါဦး မောင့်စိတ်ကူးလေး'' ''အရုပ်လေးထဲ ပိုက်ဆံပြည့်လာရင် မောင်တို့လက်ထပ်ကြမယ်''
''ဟယ်ကောင်းလိုက်တဲ့ မောင့်စိတ်ကူးလေး'' ''ကဲ ဒီတော့ ခုချိန်ကစပြီး မလိုတာတွေ လျှော့ချပြီး စစုမယ်''
''ပြီးတော့ ပြောစရာရှိသေးတယ် ဒီဖက်တိုးလာ ဖြူလေး တိုးတိုးလေးပြောမယ်'' ''ရွတ်'' ''ဟာ မောင်မကောင်းဘူး
ဖြူလေးရှက်ပါတယ်''

ဒီလိုနဲ့ အဲဒီနေ့ကစတင်ပြီး ကျနော်တို့နှစ်ယောက်ဟာ စုဗူးလေးကို အရိပ်တကြည့်ကြည့်နဲ့၊
ဇီးကွက်ရုပ်လေးရဲ့ ဗိုက်ထဲကို ရာတန်ကြီးတွေကအစ ဆယ်တန်တွေအဆုံး ရှိတာနဲ့ထည့်တော့တာပဲ။
ဒီလိုနဲ့နေလာရင်း ကျနော်ဟာ တိုင်းတပါးကို ထွက်ခွာဖို့ အကြောင်းဖန်လာတော့တယ်။
''မငိုပါနဲ့ ဖြူလေးရယ် မောင်ခုလို နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ရတာလည်း မောင်တို့စုဗူးလေး
မြန်မြန်ပြည့်အောင်လို့ပါ'' ''မောင်ရယ်''
''ဖြူလေး ဘေးနားမှာမောင်မရှိရင်လည်း ဇီးကွက်ရုပ်လေးက ရှိနေမှာပဲ အားမငယ်နဲ့နော်''
'' ဟုတ်ကဲ့ပါ မောင်ရယ် '' ''မောင်တို့ရဲ့ ရည်ရွယ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မောင်ကြိုးစားပါ့မယ်''
''ကဲမောင်သွားပြီ ဖြူလေးရယ်''

နှုတ်ဆက်မျက်ရည်ကို သုတ်ပေးရင်း၊ ကျနော်ကျောခိုင်းခဲ့တာ ခုဆိုရင် ခြောက်နှစ်ကျော်လာခဲ့ပြီ။
တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာတဲ့ စနစ်ကြောင့်လား၊ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုံးကြောင့်လား၊
ဘာကြောင့်လည်း ဆိုတဲ့မေးခွန်းတွေနဲ့ ဇီးကွက်နှစ်ကောင်ဟာ အခုထက်ထိ ဗိုက်မပြည့်နှိုင်သေးဘူး၊
ဒါပေမယ့် အရိပ်ကလေးလို ကြည့်နေမှာပါ ဇီးကွက်ကလေးရယ်။............

9 ဝေဖန်ထားပါတယ်။:

Dream said...

ဇီးကွက်ဗိုက်လေးမြန်မြန်ပြည့်ပါစေ။
ချစ်သူဖြူလေးနဲ့လည်းအမြန်ဆုံးလက်တွဲနိုင်ပါစေ
လို့ဆန္ဒပြုပါတယ်။

Anonymous said...

ညီမလေး Dream ဆုတောင်းပေးသလိုပဲ
ဇီးကွက် ဗိုက်လေးမြန်မြန်ပြည့်ပြီး..ချစ်သူဖြူလေးနဲ့
အမြန်ဆုံး လက်တွဲပေါင်းဖက်နိုင်ပါစေ.. ကိုရှင်ရဲထွတ်
..ရေ. :D

စန္ဒီမိုးမြင့် said...

အစ်ကို ဇီကွက်ရုပ်ထဲကို ဒေါ်လာတစ်ရာတန်တွေချည့်စုနေလို့မပြည့်သေးတာလား

အစ်ကိုချစ်တဲ့သူနဲ့အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေနော်

သက်တန့် said...

ဇီးကွက်တွေက ဂေါ်ဇီလာအရွယ် ဖြစ်နေတယ် ထင်တယ်... :P
ဇီးကွက်နှစ်ကောင် ဗိုက်မြန်မြန် ပြည့်ပါစေလို့... :)

RePublic said...

မုချ ရောက်လာမှာပါဗျာ ၊၊အဆိုးဝါးဆုံး အချိန်ကာလ ၊ မမြင်နိုင်မယ့်အခြေအနေတွေကို အန်တု ပေးမယ့် မြဲမြံမယ့်သစ္စာတရားကို ပြိုင်တူဆုပ်ကိုင်ထားဖို့တော့လိုအပ်မယ် ၊၊

ခင်မင်စွာဖြင့် ..

ရွှေပြည်သူ (ShwePyiThu) said...

အဲဒီလို မပြည့်နိုင်တဲ့ ဇီးကွက်ဗိုက်လေးတွေ ဘယ်လောက်များ ရှိမလဲလို့ တွေးနေမိပါတယ်။ ယုံကြည်စွဲမြဲမှုတွေ သစ္စာတရားတွေကြောင့် တနေ့တော့ သေချာပေါက် ပြည့်မှာပါ။ အမြန်ဆုံးပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်...

ပန်းခရမ်းပြာ said...

ဇီးကွက်လေးတွေ တဖြည်းဖြည်း ထွားလာလို့များလား။
ဇီးကွက်နှစ်ကောင် ဗိုက်မြန်မြန် ပြည့်ပါစေ။

Apprenticeship said...

ဇီးကွက်က အရုပ်မဟုတ်ပဲ အရှင်ဖြစ်နေလို့ စားစားပစ်တာနေမှာ :D :P :)
ချစ်စရာ အတွေးလေးပဲ...

လင်းလက်ကြယ်စင် said...

ချစ်သူနှစ်ယောက် အမြန်ဆုံး ပျော်ရွှင်ချမ်းမြေ့စွာ လက်တွဲနိုင်ကြပါစေ :)