သူငယ်ချင်း

Thursday, August 14, 2008
သူငယ်ချင်းတစ်ချို့ကိုမထင်မှတ်တဲ့ နေရာမှာမထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။
သူငယ်ချင်းရဲ့သူငယ်ချင်း အချို့ဟာမထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း
တွေဖြစ်လာခဲ့တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့အင်တာနက်နဲ့ ဆက်သွယ်တဲ့
သူငယ်ချင်းတွေလည်းရှိတယ်။ လူချင်းမြင်ဖူးပြီးအရမ်းကောင်းတဲ့
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်းရှိတယ်။ အိမ်မှားဝင်ပြီးခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေရှိသလို မတော်တဆတိုက်မိပြီး ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေလည်းရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းကအတူသွား၊ အတူစားခဲ့တဲ့သူငယ်ချင်းတွေ
ကျောင်းပြီးတော့ရေကြည်ရာမြက်နုရာကို ရှာကြရင်းတကွဲတပြားစီဖြစ်ပြီး
အဆက်အသွယ်က နည်းသထက်နည်းလာခဲ့ကြတယ်။
သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။ ကိုယ့်နဲ့ရွယ်တူလည်းရှိတယ်။
ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့လူလည်းရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ
ကိုယ့်မှာမရှိသေးတဲ့ အတွေ့အကြုံကိုယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ
ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ရိုးသားမှုတွေကိုပြန်ရှာတယ်။
သူငယ်ချင်းတွေမှာ အသက်အရွယ်၊ဆင်းရဲချမ်းသာမခွဲခြားဘူး။
သူငယ်ချင်းတွေဟာ နွေ၊မိုး၊ဆောင်း ပြောင်းနေတဲ့ရာသီတွေနဲ့တူတယ်။
တချို့ကပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့ကနွေရဲ့အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။
တချို့ကအေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ရာသီရဲ့အလှပတွေကို
ခံစားရင်းကိုယ့်ဘ၀နဲ့ကို ဖြတ်သန်းကြတယ်။ သူတို့နဲ့ ကိုယ်ဘယ်လို
စသိစခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊၀မ်းသာစရာတွေနဲ့
ကြုံတိုင်းသူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း
သူတို့နဲ့ကိုယ်မျှဝေချင်ခဲ့တယ်။ကွန်ပြူတာရဲ့ဟိုတစ်ဖက်မှာ ထိုင်ပြီးကိုယ်မျှဝေတဲ့
အရာတွေကိုသူတို့ကြည့်ပြီးပျော်နေမလား.... မေးလ်ဘောက်စ်ပြည့်သွားတာ
ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား...ဘာတွေ
လျောက်ရေးထားလဲ မသိဘူးဆိုပြီးမဲ့နေမလား....
သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်
မပြောပြတတ်လို့အေးစက်တဲ့ ကွန်ပြူတာကတဆင့် ဒီကမ္ဘာရဲ့ထောင့်တစ်နေရာကနေ
သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့တောင်းဆုပြုလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း

3 ဝေဖန်ထားပါတယ်။:

ပန်းခရမ်းပြာ said...

ဒီပို့စ်ကို ဖတ်မိတဲ့ သူငယ်ချင်းတွေအားလုံး ဝမ်းသာ ကြည်နူးကြမှာပါ။ သူငယ်ချင်းတွေ ဝမ်းသာသလို ရှင်ရဲထွတ်လေးလဲ စိတ်ချမ်းသာပါစေ။

megumi said...

သူငယ်ချင်းကြီးရေ၊ သူငယ်ချင်းလေး လည်း သူငယ်ချင်းပါနော်။.....................:P ::P

Dream said...

ဝေး..သူငယ်ချင်း...သူငယ်ချင်းဆီကိုသူငယ်ချင်း
လာလည်တယ်ဟေ့သူငယ်ချင်းရေ....