အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း

Saturday, February 28, 2009
ကိုတောင်ပေါ်သား TAG ကို အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း ခေါင်းစဉ်ဖြင့် စာစီကြည့်လိုက်မယ်။

"ပန်သူဦးသော အချစ်"

သူမကို စတင်တွေ့ရှိသော အချိန်တွင် သူမတွင် ချစ်ဦးသူ ရှိနှင့်ပြီး ဖြစ်လေသည်။ သူမနှင့်ကျုပ်တွင် သူငယ်ချင်း သံယောဇဉ်ထက် ပိုသော အတူသွား၊ အတူစား တည်းဟူသော တစ်ဆင့်မြင့် သံယောဇဉ်များ ကိုယ်စီကိုယ်ငှ ရှိ နေကြသည်ကို မျက်ဝန်းတွင်းမှ အဖြေရှာတွေ့ ခဲ့ကြသည်မှာ ကာလ တစ်ခု ကြာရှည်ခဲ့ ဖူးသည်။

အဖြူရောင် သံယောဇဉ် နေ့စွဲများ ရှည်ကြာလာသည်နှင့်အမျှ တီတီတာ တော့မည့် အချစ်အင်အား တစ်ခုသည် အဖြူရောင်နေ့စွဲလေးကို ကာလာခြယ်မှုန်းတော့သည်။ ဤမှစ အဖြူရောင် သံယောဇဉ် ကြားတွင် ခပ်မှိုင်းမှိုင်း နှင်းပါးပါး ခြားနားသလို ဖြစ်ခဲ့ဖူးသည်။

သို့သော် သံယောဇဉ် တည်းဟူသော အရာသည် ဖြတ်တောက်ရန် ခက်ခဲလှလေသည်။ မရိုးသားသော စိတ်ရိုင်း များအား ချွန်းသဏ္ဍန် ကဲ့သို့ ထိန်းအုပ်နိုင်ခဲ့သည်။ သူမအတွက်မူ သားဆိုးလေးအား ခွင့်လွတ်တတ်သော မိခင် တစ်ဦး ကဲ့သို့ မြင့်မြတ်သော စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

မည်ကဲ့သို့ပင် ဆိုပါလေဦးတော့ အချစ်ဆိုသည်ကား အဖြူရောင် သံယောဇဉ် နယ်မြေတွင် ပေါက်ဖွား ခဲ့ဖူးလေ သည်။ လူ့အသိုင်းအ၀ိုင်းတွင် စည်းဟူသော အရာကြောင့်ပင် ဖြစ်ပါလိမ့်မည် သံယောဇဉ် နယ်မြေတွင် ရှင်သန် ခွင့် မရခဲ့သော ဤအချစ်မှ မျိုးတစ်စေ့ သာလျင် ကျုပ်ရင်ပတ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျန်ရစ်ခဲ့သည်ကို ကျုပ်ကိုယ်တိုင်ပင် မသိခဲ့ပေ။

အထက်ပါ အကြောင်းများနှင့် ပက်သက်၍ " ပန်သူဦးလေသောပန်း " ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်အား ဤဘလော့တွင် ကျုပ်နေရာချခဲ့ဖူးသည်။ ( ရှာကြည့်ကြပါကုန် )

ဤသို့ဖြင့် ကာလ တစ်ခုမှသည် နောက်တစ်ခုသို့ ကူးပြောင်း၍သာ နေကြလေတော့သည်။ ဤတွင် မထင်မှတ်ပဲ ပန်သူဦးသောပန်းမှ ကျန်ရစ်ခဲ့သော မျိုးစေ့အား မျှတသော ရာသီ၊ အေးမြသော လေညှင်း၊ နွေးထွေးသော ရောင်ခြည်များ ပေးအပ်သော သူမတစ်ဦး ပေါ်ထွန်းလာခဲ့လေသည်။

ကြင်နာသော၊ ဂရုစိုက်သော၊ အနစ်နာခံသော၊ ထိုသူမ၏ လက်ထဲတွင် အနှီ မျိုးစေ့လေး ခမျာ သက်တောင့်သက် သာ စွာဖြင့် ရှင်သန်ခွင့် ရခဲ့လေသည်။ သို့သော် ထိုသူမသည် ကံအကြောင်း မကောင်းလှစွာဖြင့် ထိုမျိုးစေ့လေး မှာ ပွင့်လန်းလာချိန်တွင် ချိုမြိန်သော အချစ်ပန်း မဟုတ်ခဲ့ပဲ ခါးသက်သော အဆိပ်ပန်းများ ဖြစ်နေခဲ့သည်ကို ထိုသူမ မယုံကြည်နိုင်စွာဖြင့် အဆိပ်ရည်များ စွန်းထင်းကာ အဝေးသို့ ထွက်ပြေးသွားခဲ့ဖူးသည်။

ဤနေရာတွင်လည်း အချစ်ဆိုသည်မှာ သေဆုံးခဲ့ပြီဟု အသင်ထင်နေပါသလော? ထင်မှတ်မှားကြမှာ စိုးသည်။ အချစ်သည် အုတ်ကြိုအုတ်ကြား၊ မာထန်သော ကွန်ကရိ များကြားထဲသို့ပင် ၀င်ရောက် ရှင်သန်တတ်သော ညောင်စေ့နှင့်ပင် အလားသဏ္ဍန် တူလေသည်။ အာရုံ မကျသေး၍တာ နေမည် သေဆုံးသွားခြင်းကား မရှိပေ။

ဤတွင် အရေးကြီးဆုံးသော အချက်တစ်ချက်အား ပြောကြားလိုသည်။ မြွေကစားသော အလမ္မယ်ဆရာသည် တီးမှုတ်သော ပုလွေ သံစဉ်မှန်နေလျင် ငြိမ့်ညောင်းသော မြွေကဟန်ကို စေစားနိုင်သကဲ့သို့၊ သံစဉ်များ မှား ယွင်းခဲ့လျင်လည်း ထိုမြွေသည် ပါးပြင်းခွက်၍ ထပေါက်တတ်သည်ကို သတိမူ ကြပါကုန်။ အချစ်ဆိုသော အရာအား မှားယွင်းခဲ့လျင် မြွေထက်ပင် အချစ်ကဆိုးတတ်သည်။ အချစ်သည် ကစားစရာ မ ဟုတ်သကဲ့သို့၊ ကိုးကွယ်စရာလည်း မဖြစ်သင့်ပေ။ ကိုးကွယ်ခြင်း ခံရသော အချစ်သည် နှလုံးသားကို နှိပ်စက် ကလူ ပြုတတ်သေးသည်။

ဆိုခဲ့ပြီးသည့်အတိုင်း မိတ်ဆွေများ အချစ်ဆိုသည့်အရာနှင့် နဖူးတိုက် ဒူးတိုက် တွေ့ခဲ့ပါမူ၊ အချစ်အား မကျီစယ် ပါနှင့်။ မကိုးကွယ်ပါနှင့်။ မမှားယွင်းပါနှင့်။ အချစ်ဆိုသည့် အရာနှင့် အညမည ဖြစ်အောင်နေကြပါမူ အချစ်သည် သင်တို့အား ပျော်ရွှင်ခြင်းများစွာ ပေးအပ်လိမ့်မည်ဟု ကျုပ်ထင်မိပါသည်။ ဒါပေတည့် ထိုအချစ်သည် လည်း သင့်အား အညမည ဖြစ်ရပါမည်။

သတိ။ အချစ်ဆိုသည့် အရာသည် ကိုယ်ကိုတိုင်ပင် PASSWORD ရှာမတွေ့တတ်သော အလွန်လျှို့ ၀ှက်သည့် အခြင်းအရာပင် ဖြစ်သည်။ ထို့အပြင် မသေဆုံးတတ်သော အမြဲပြောင်းလဲ ရှင်သန်တတ်သော အမျိုးအစားထဲတွင် အချစ်သည် အပါအ၀င်ဖြစ်သည်။

6 ဝေဖန်ထားပါတယ်။:

Anonymous said...

ဟုတ်ကဲ့၊ မှတ်သားထားပါ့မယ်ရှင့်။ :P :D :)

ကိုရင်နော်ခင်လေးငယ် said...

ဖြစ်ရလေ ဦးရှင်ကြီးရယ်.. Password မေ့သွားတယ်ဟုတ်.. !
ဟီးး..

တောင်ပေါ်သား said...

အဟား ဒါမှ ဦးရှင်ကြီးကွ

နဖူးတိုက် ဒူးတိုက် တွေ့ခဲ့ပါမူ၊ အချစ်အား မကျီစယ် ပါနှင့်။ မကိုးကွယ်ပါနှင့်။ မမှားယွင်းပါနှင့်။ အချစ်ဆိုသည့် အရာနှင့် အညမည ဖြစ်အောင်နေကြပါမူ အချစ်သည် သင်တို့အား ပျော်ရွှင်ခြင်းများစွာ ပေး ပါမည်တဲ့ ...... ကဲ ကလေးတွေ ဦးရှင်ကြီး သင်ကြားပို့ချတွေကို လိုက်ဖတ်ထား တန်ဖိုးကြီးတယ်း) စကားမစပ် ခုကော Password သိသွားပြီလားဟင်


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

တယ်ဆိုတဲ့စာပါလား ... အရေးအသားလေးလဲမိုက်တယ် ... ငါ Password သိတယ် ... :P

Dream said...

အဟား..ေ လသံက မင်းသိင်္ခ လေသံနဲ့ ဟတ်ဟတ်..
ပါ့ဝေ၀ါ့မေ့တတ်ရင် စာအုပ်မှာရေးထားလေ..
ဟတ်ဟတ်

ဦးရှင်ကြိးကလည်းနွဲ့တတ်တယ်.. အရေးအသားက လူနဲ့တောင် မလိုက်ဘူး .. ဟတ်ဟတ်.. လန်ထွက်နေတာပဲ... အားပေးပါတယ်ဗျို့....

My Diary said...

password မေ့ရင် ဖော်ပေးမယ်လေ
ဘယ်လောက်ပေးမှာလည်း