သြော်... သင်္ကြန် သင်္ကြန်

Wednesday, April 14, 2010
လေတွေငြိမ်နေသည်။ ကျောင်းဝင်းအတွင်းရှိ ပိတောက်ပင်အိုကြီးပင် တုတ်တုတ်မျှ မလှုပ်။ ပိတောက်ပန်းတွေလည်း တည်ငြိမ်လွန်းလှသည်။ပတ်ဝန်းကျင်ရှိ အရာရာအားလုံးကပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြလေသည်။ အရာရာအားလုံး တည်ငြိမ်နေသလောက် ကျောင်းဝင်း အတွင်းရှိ စင်္ကြန်လမ်းတွင် စင်္ကြန်လျှောက်နေသော ဆရာလေး ဥာဏစာရီ တစ်ဦးတွင်မူ အပြင်ပန်း တည်ငြိမ်နေသယောင် စိတ်အလျဉ်တွင် ကား အဝေးမှ ခပ်သဲ့သဲ့ ကြားနေရသော တူးပို့သံနှင့်အတူ စိတ်အစဉ်မှာ ဖမ်းဆုပ်ရ ခက်ခဲနေဟန်ရှိလေသည်။

စင်္ကြန်လျှောက်နေရင်း ဆရာလေး ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားလေသည်။ သူ၏ စိတ်အစဉ်အား ကျန်ခဲ့သော အရင်နှစ် သင်္ကြန်ဆီ သို့ လွတ်လိုက်ပြီထင့်။ .........................

ကောင်မလေး ကိုယ်လုံးပေါ်မှန်ရှေ့တွင် ပြင်ပြီးသား အလှအား ကြည့်မ၀နိုင်သယောင် ဘယ်ညာ၊ရှေ့နောက်၊ အပေါ်အောက် ထပ်ခါထပ်ခါ ကြည့်နေသည်။ ပြုံး၍ကြည့်လိုက်၊ မဲ့၍ကြည့်လိုက် ခဏခဏကြည့်နေသည်။ ဟုတ်တော့ ဟုတ်ပါသည်။ ကောင်မလေး ဒီနှစ် ဆယ်တန်း ဖြေပြီး နောက်ပိုင်း တော်တော်လေးကို လှလာသည်။ ယခုပင် ကြည့်ပါဦး ၀တ်ထားသော ဂျင်းဘောင်းဘီ ကွာတား၊ တီရှပ်အ၀ါ လက်တိုနှင့် မတိုမရှည် ဆံပင်အား ကျစ်ဆံမြီး နှစ်ဖက်ခွ ကျစ်၍ နုငယ်သော အလှနှင့် ၀င်းဖန့်ဖန့် အသားအရေတို့မှာ ပွင့်ခါနီးပန်း အဖူးအငုံ ဘ၀ကို စွန့်လွတ်တော့မည့် ပန်းအလှနှယ် ရှိနေတော့သည်။

နောက်ဆုံးအကြည့်ကို မှန်ထက်ဆီသို့ ပို့လိုက်ရင်း ရေဖလားလေးကို လက်မှ ကိုင်ကာ အိမ်အောက်ဆီသို့ အပြေးတစ်ပိုင်း ဆင်းလာ တော့သည်။ တိုက်အောက်ရှိ ရေကစား မဏ္ဍပ်အသေးစား၌ တူးပို့တူးပို့ သီချင်းသံကပင် သူမ၏ ဟန်ပန်အား ပို၍မြူးကြွ စေလေတော့ သည်။

ကောင်မလေး သူ့အုပ်စုနှင့် ရေကစားရန် အကိုများမှ ဆောက်လုပ်ပေးထားသော အုန်းလက် ရေကစားမဏ္ဍပ်သေးသေးလေးတွင် သူ့အပေါင်းအဖေါ် လူကြီးမဟုတ်၊ ကလေးမဟုတ်သော ကောင်လေး၊ ကောင်မလေးများနှင့် မျောက်မူးလဲ အရွယ် ချာတိတ်များပင် စုံလင်စွာ ရေကစားရန် ရောက်ရှိနေကြလေပြီ။

.ဟာ.......... ပက်ကြလေ၊ လောင်းပါတော့လား၊ ဟိုမှာလည်း လာနေပြီ မလွတ်စေနဲ့ဟေ့.... အုပ်စုကို သူကိုယ်တိုင်အော် သူကိုယ်တိုင် ရေဖလားနှင့် ပြေးပြေးလောင်းနေတော့သည်။ ဟာ..... ဟေ့ကောင်တွေ မြန်မြန်ပက်ကြဟေ့........ ခွက်စုက်လေးနဲ့ ရေပက်တယ် စိတ်မ ဆိုးပါနဲ့ ဦးဦးရယ်...... ဟေဟေး...... ကလေးဗိုလ် ကောင်မလေး အရမ်းပင် ပျော်ရွှင်နေပုံရသည်။ မဏ္ဍပ်အတွင်းပိုင်း စည်ပိုင်း ပြက်၏ နောက်ကွယ်တွင် လက်နက်ပုန်း ဒန်အိုးမဲ တစ်လုံးရှိနေသေးသည်။

ရွယ်တူနှင့် ကလေးများကို ရေလောင်းလိုက် အိုးမဲသုတ်လိုက်နှင့် ပွဲက တော်တော်စည်နေလေပြီ။ ထိုခဏ မဏ္ဍပ်ဘေးရှိ အုတ်ခုံလေး၌ လူရွယ်တစ်ဦး ၄င်းတို့အုပ်စုအား ကြည့်နေရင်း အပျော်ကူးစက်သည်ထင်အံ့ ပြုံးပြုံးလေးနှင့်ပင် ထိုင်ကာ ကြည့်နေတော့သည်။ မကြာမှီ သူသည် ကံဆိုးမိုးမှောင်ကျမည်ကို မသိထင်ပါ့ ။

ကောင်မလေး ဘယ်လက်၌ ရေဖလား၊ ညာလက်တွင် အိုးမဲ မဏ္ဍပ်နောက်မှပတ်၍ ထိုလူ့ဆီလာနေသည်ကို ထိုလူသည် လုံးဝ သတိမ ထားမိပေ။ ကောင်မလေး လက်က မြန်ပါ့ ဘယ်လက်မှ ရေအလောင်း ညာလက်မှ အိုးမဲ အသုတ် ကွတ်တိပင် ကျလေတော့သည်။ တစ်ပြိုင်နက် ကောင်မလေး ဗျူဟာကျကျ ခွာစစ်က မြန်လှသည်။ ထိုသူသည် မအီမသာ မျက်နှာဖြင့်ကျန်ရစ်ခဲ့တော့သည်။

တခဏ ကောင်မလေးသည် ဖြစ်ပြီးခဲ့သော ကိစ္စအား မေ့ပျောက်သွားပြီထင်ပါ့။ လမ်းသွားသူများအား အုပ်စုလိုက် ရေလောင်းခြင်း အမှု ကို ပျော်ရွှင်စွာ အော်ဟစ်ကာ ကစားနေတော့သည်။ ရေပက်လိုက် အနောက်ဖက်ရှိ အိုးမဲ ပြေးယူလိုက်ဖြင့် ခုန်ပေါက်နေလေတော့ သည်။ ကောင်မလေး မကြာမှီ သူမ ကံဆိုးမိုးမှောင်ကျမည်ကို ကြိုတင်၍ မသိခဲ့ရှာပေ။

တစ်ချက် ကောင်မလေး အိုးမဲ လာအယူ ထိုသူသည် အသင့်စောင့်နေသည်။ ကောင်မလေး မှင်သက်သွားသည်။ ထိုသူသည်လည်း မြန်ဆန်လွန်းလှသည်။ မင်းလားကွ စောစောက ငါ့ကို အိုးမဲသုတ်တာ ပါးစပ်ကလည်း အပြော၊ လူကလည်း ကောင်မလေး ပါးပြင် ဖောင်းဖောင်းလေးကို နမ်းမိရက်သား ဖြစ်နေတော့သည်။ ကောင်မလေး အံ့သြသွားသည်။ နောက် မျက်နှာလေး နီရောင်ပြေးလေသည်။ နောက် ဟာကွာ... ဟု ညည်းလေသည်။ နောက် ကောင်မလေး ရှက်ပြုံးလေးဖြင့် ထွက်ပြေးသွားလေသည်။

ဆရာလေး ဥာဏစာရီ မိမိပါးပြင်အား ကိုင်၍ ပြုံးနေလေသည်။ ဟဲ့ဆရာလေး မတ်တတ်ကြီး ပြုံးနေပါလား သတိကပ်စမ်း ... ဖွားသီလ ရှင် သတိပေးမှ သတိပြန်ရကာ ဆရာလေး ဥာဏစာရီ တစ်ဦး ခပ်ပြုံးပြုံးနှင့်ပင် လက်တွင်းမှ စိပ်ပုတီးအား ချောက်ဂျက် ချေက်ဂျက်ဖြင့် ပုတီး တစ်လုံးကျ မုန့်လုံးရေပေါ် တစ်လုံးရ အမှတ်ဖြင့် ထိုနေရာမှ ထွက်ခွာသွားလေသည်။ သြော်...... သင်္ကြန်.... သင်္ကြန်.....

4 ဝေဖန်ထားပါတယ်။:

ကိုရင်နော် said...

အဟေဟေ့ဟေဟေးးးး

ပိုစ့်လေး ကောင်းတယ်ဗျို့..
သရုပ်ဖော်တာလည်း ဂွတ်ပါ့..

အနမ်းခံရတာလေး ဖတ်ရတော့ ကိုယ်တိုင်နမ်းလိုက်ရသလိုပဲ ရင်တောင် ခုန်သလိုလို ဖြစ်လာတယ်..း)))

သင်္ကြန်လွမ်းတာလေးကို “စိပ်ပုတီးနဲ့ မုံ့လုံးရေပေါ်” တွဲရေးသွားတာ မိုက်စ်စ်စ်

ကိုယ့်ဆရာ အက်ဆေးလေးတွေ ဂွတ်တယ်ဗျ.. များများရေးပါလား...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

မိုးခါး said...

ဟီးဟီး
ဦးဇင်းလည်း စိတ်ထိန်း
ဥပုသ်လေးဘာလေးလည်း စောင့်ဖို့လုပ်ဦးနော် .. ပါမစ် တောင်ရဦးမှာလား :P

Mogok Thar said...

အော် ခက်ပါ့

ဖွားသီလ ကလဲ အရေးထဲ ပေါ်လာရတယ်လို့ကွာ
ခမျာ... ဆရာလေး ဝအောင်တောင် မစဉ်းစားလိုက်ရသေးဘူး ထင်ပါရဲ့.....

chocothazin said...

ဘယ်လို မှတ်ချက်ပေးရမှာပါလိမ့်...။

ဒါနဲ့ အရှေ့ အလွမ်းပန်းလေးက အခုတော့ အနမ်းပန်းလေး ဖြစ်သွားတာပေါ့လေ...။

နှစ်သစ်ကူးမှာ ပျော်မြူးနိုင်ပါစေ။