သူမ

Thursday, September 17, 2009
ကျွန်တော် နယ်မြို့လေးမှ ရန်ကုန်မြို့သို့ စတင်ပြောင်းရွှေ့လာသော ရက်ပိုင်းမှာပင် သူမအား စတင် သတိထားမိသည်။သူမ၏ တည်ငြိမ် သော ဟန်ပန်နှင့် လိုက်ဖက်လှစွာ ၀တ်ဆင်ထားသော ရုံးဝတ်စုံနှင့် ရုံးသွားရုံးပြန်ကို ကျွန်တော် စောင့်ကြည့်တတ်သည်။ သူမသည် ကျွန်တော့်အား ဂရုပင်စိုက်မိမည် မဟုတ်ပေ။သူမ၏ အိမ်ရှေ့တွင် တခါတရံသော ညဖက်များတွင် ကောင်လေးများ၏ ဂစ်တာသံ သဲ့သဲ့ကို ကြားရတတ်ပေသည်။ဒီလိုနှင့်ပင် ကျွန်တော်၏ ရင်ဘတ်ထဲတွင် သူမ နေရာဝင်ယူခဲ့သည်ကို ကျွန်တော် သတိမထားတတ်ခဲ့ပေ။

ရေကြည်ရာ မြက်နုရာ သဘောဖြင့် သိပ်မကြာလိုက်သော အချိန်တွင် ကျွန်တော်သည် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိလာခဲ့လေသည်။လုံး လည် ချာလည် လိုက်နေသော စင်္ကာပူ၏ လူနေမှု ရက်စွဲများအား လမှနှစ်၊ နှစ်သေးမှနှစ်ကြီးသို့ အလီလီပြောင်းလဲ နေထိုင်ခဲ့လေသည်။ထိုအချိန်များတွင် သူမအား မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေတော့သည်။

ယခု တစ်ခေါက် ရန်ကုန် ခွင့်ပြန်ချိန်တွင် သူမသည်လည်း စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေကြောင်း ကျွန်တော် သိခွင့်ကြုံခဲ့လေသည်။ဤသတင်းသည် ကျွန်တော့်ရင်ဘတ်ထဲမှ အချိန်ကာလ ကြာမြင့်စွာ ငုပ်လျှိုးကွယ်ဝှက်နေသော သူမကြောင့် ကျွန်တော် ရင်ခုန်မြန်ခဲ့သည်။သူမ၏ အချက်အလက်များကို သူမ၏ နေအိမ်မှ လူကြုံပစ္စည်း သယ်ယူခြင်းဖြင့် ကျွန်တော် အရယူခဲ့တော့သည်။

သူမနှင့် စတင်၍ စကားပြောမိချိန်တွင် သူမသည် ပွင့်လင်းမှု၊ရိုးသားမှုကို တန်ဖိုးထားတတ်သော မိန်းခလေးမျိုး ဖြစ်နေသည်။သူမသည် အမှန်တရားကို မြတ်နိုးတတ်၍ မဟုတ်မခံ စိတ်ထားရှိလေသည်။သူမသည် အရာရာအားလုံးကို တန်ဖိုးထားတတ်၍ တုန့်ပြန်တန်ဖိုးကိုပင် အလိုရှိသူ ဖြစ်လေသည်။သူမအား အလိုမကျမှု တစ်ခုခု ကျွန်တော် လုပ်ဆောင်မိသော် တူညီသော ခံစားမှုကို သူမသည် ကျွန်တော်အား ပြန်ပေးတတ်သည်။သူမသည် တခါတရံ လူကြီးဆန်စွာ ပြုမူနေထိုင်တတ်၍ တခါတရံတွင် ရိုးသားသော ချစ်စဖွယ် အမူအရာ ရှိတတ်လေ သည်။

သူမအား ကျွန်တော်မှ ချစ်ရေးဆိုခဲ့ချိန်တွင် သူမသည် အလေးအနက်ပင် နားထောင်ပေးခဲ့သည်။ သူမသည် အဖြေတစ်ခုအတွက် ရက် ချိန်း ကိုပင် သူမ သတ်မှတ်ပေးခဲ့သည်။ ရက်ချိန်းအတွင်း နားပူနားဆာ လုပ်တာကိုပင် သူမ မကြိုက်နှစ်သက်ပေ။ သူမသည် ဟာသ စာပေများကို နှစ်ခြိုက်တတ်သလို၊ မေတ္တာဖော်ညွှန်းသော စာများလဲ ဖတ်တတ်သည်။ သူမသည် လုပ်ငန်းခွင်တွင်းမှ အဆင်မ ပြေမှုကို ပြောပြတတ်သလို၊ နားထောင်ပေးတတ်သော ကျွန်တော့်အား ရုံးမှ သကြားလုံးများ ကျွေးမည်ဟု ပြောတတ်သေးသည်။

စင်္ကာပူ လူနေမှုပုံစံတွင်းမှ မွန်းကျပ်မှုများကို သူမ ခံစားနေချိန်တွင် သူမအား သနားသည်ဟု ပြောလျှင် သူမ မနှစ်မြို့တတ်၊ ကိုယ်ချင်းစာ သည်ဟု သုံးနှုန်းလျှင် သူမ လက်ခံတတ်ပေသည်။ သူမသည် ညနေစာကို နောက်ကျစွာ မစားတတ်သလို၊ ရေခဲမှုန့်ဘူးကို ကုန်အောင် လည်း စားတတ်သည်။ ချောင်းဆိုးမည်ဟု သတိပေးသော်လည်း ဆေးသောက်လိုက်လျှင် အဆင်ပြေသည်ဟု ဂျစ်ကန်ကန် တတ်ပေ သည်။

သူမအား လာတွေ့မည်ဟုဆိုလျှင် ခရီးဝေးသည် မလာနှင့်ဟု ပြောတတ်ပြီး၊ ဘယ်အချိန်ရောက်မလဲ ဟူ၍လည်း မေးတတ်လေသည်။ အခြားဆိုင်တစ်ဆိုင်မှ နှင်းပုလဲအအေးအား ၀ယ်ပြီး နောက်ဆိုင်တစ်ဆိုင်တွင် သူမ အအေးထိုင်သောက်တတ်လေသည်။ ထိုသူမသည်ပင် မ၀ါဝါခိုင်မင်း၏ TAG post အတွင်းမှ ကျွန်တော်၏ ရင်ထဲက ပန်းတစ်ပွင့်ပင် ဖြစ်လေတော့သည်။ သူမသည် ကျွန်တော်၏ ရင်ထဲက ထာဝရ ပန်းတစ်ပွင့်ပင် ဖြစ်လေသည်။