ကျွန်တော် ဇရာကို စိတ်ဝင်စားတယ်၊ ငယ်ငယ်တုန်းကရယ်လို့ မပြောချင်ပါဘူး၊ ခုလို ဘ၀ကို နည်းနည်းပါးပါး သိလာတတ်လာတော့ အရမ်းကို စိတ်ဝင်စားလာတယ်၊ အရွယ်လည်း မငယ်တော့ဘူးလေ၊ ဒီနေ့တော့ အရမ်းကို စိတ်ဝင်စား မိတယ်၊ စိတ်ဝင်စား စရာ အကြောင်းလည်း ရှိတယ် ရှိခဲ့တယ်၊ ညီမငယ် မယ်ဂုမိ တင်ထားတဲ့ ဓါတ်ပုံ အပြည့်အစုံ ဆိုရင် အဖွားအို နဲ့ ကလေးငယ် ဓါတ်ပုံပေါ့။
အဲဒီတော့ ဒီနေ့ ကျွန်တော် ငယ်ငယ်က သိမ်းထားတဲ့ ဓါတ်ပုံအယ်ဘမ်ကို ထုတ်ပြီး ကြည့်မိတယ်၊ ကြည့်မှန်တစ်ချပ်နဲ့ ငယ်ငယ်က ဓါတ်ပုံကြည့်လိုက်၊ မှန်ချပ်ကိုကြည့်လိုက်နဲ့၊ ကျွန်တော့် အတွေးတွေ ငယ်ဘ၀ကို အလိုလိုရောက် သွားတော့တာပေါ့....................
ကျွန်တော်ဆိုတဲ့ ရှင်ရဲထွတ် (ကိုယ်ဟာကို ပေးထားတဲ့ နာမည်ပါ) ဓါတ်ပုံကိုစတင်ပြီး ပထမဆုံးလား ဘာလားတော့ မသိဘူးပေါ့၊ အဲဒီပုံလေးကို စပြီး တွေ့ဖူး မြင်ဖူးတာပေါ့၊ လားရှိုးမြို့ တရုတ်ဘုံကျောင်းမှာ ကျွန်တော့် အထက်က အစ်မရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပေါ့ ။ ကျွန်တော် ကိုယ့်အားကို ကိုးပြီး
မထိုင်နိုင်သေးဘူးဗျ၊ အဖေက နောက်ကနေ ထိန်းပြီး ထိုင်နေတဲ့ ပုံစံလေးပေါ့။ဘေးမှာ အစ်မရယ်၊ အစ်ကိုရယ်ခြံရံ ပြီးတော့လေ၊ လုံခြုံလိုက်တာ နွေးထွေးလိုက်တာ...
ဒီလိုနဲ့ နေ့ကိုလစား၊ လကိုနှစ်စား၊ ကြီးပြင်းလာတော့ ခုလို ဒီအချိန်မှာ၊ တိုင်းတစ်ပါးမှာ ဘ၀ကို ရုန်းရမယ် ကန်ရမယ် ဆိုတဲ့အသိမျိုး အတွေးမျိုး၊ အိပ်မက်ထဲမှာတောင် မက်ခဲ့ဖူးမယ် မထင်ပါဘူး၊ မက်လည်း မမက်ခဲ့ဖူးဘူး။ ။ ။
ထားလိုက်ပါ လိုရင်းပျောက်သွားပါဦးမယ်၊ အင်း ငယ်ဘ၀တုန်းက ရှစ်နှစ်၊ ကိုးနှစ်အရွယ်ပေါ့၊ ဟား ကမြင်းလိုက်တာ၊ ဆော့လိုက်တာ၊ မျောက်ရှုံးတာပေါ့။အဲ အဲဒီတုန်းက ရေကောင်းကောင်းကူးတတ်ပြီဗျ၊ အစ်မ၀မ်းကွဲ အိမ်က လားရှိုးမှာ ပထမဆုံးသော ရေကူးကန်နဲ့ စကိတ်ကွင်း စဖွင့်တာလေ၊ အိုး ကလေးကြိုက်ပေါ့ဗျာ၊ ငယ်ဘ၀ရဲ့ သွက်လက်ချက်ချာမှုကို ပြောချင်တာပါ၊ မောရမှန်း ပန်းရမှန်းလည်း မသိဘူးပေါ့၊ ပြီးရင် BMX ဆိုတဲ့ စက်ဘီးခေတ် ရောက်လာပါရော၊ ညို့သကျည်းမှာ ဒဏ်ရာတွေ မနည်းဘူး၊ ဟဲဟဲ လက်စွမ်းပြတာပေါ့၊ ရှေ့စီး နောက်စီး ခေါင်းထောင် တတ်သင့်တတ်အပ်တဲ့ ငယ်ဘ၀က ပညာလေးတွေပေါ့၊ ကမြင်းရုံပဲ သိတတ်တဲ့ အဖြူစင်ဆုံးသော ငယ်ဘ၀ပေါ့ဗျာ......................
ကျောင်းအတန်းပညာ နည်းနည်းကြီးလာတော့၊ ကမြင်းတာ နည်းနည်းလျော့ သွားတာပေါ့ဗျာ၊ အဲ အဲဒီမှာ ကိုယ်ဖန်တီးတာ မဟုတ်တဲ့၊ ဘ၀ အပြောင်းအလည်းကြုံရပြီ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်တော် အရွယ်နဲ့ မမျှအောင် ကြုံလိုက်ရတယ်ဗျ၊ ပညာရေးပါ တစ်ဦးတစ်ယောက်အတွက် စတေးပေးလိုက်တယ်
ထားလိုက်ပါဗျာ၊ အင်း အဲလိုနဲ့ပဲ ဘ၀ဆိုတဲ့ စကားလုံး ထဲမှာပဲ ကျင်လိုက် လည်လိုက်နဲ့ မှတ်မှတ်ရရ 1998 လောက်ကလား (သေချာမမှတ်မိပါ) ကျိုတ်ထီးရိုး ဘုရားဖူးကို အစ်မရယ် သူ့သူငယ်ချင်းတွေရယ်၊ ကျွန်တော်ရယ် သွားဖူးကြတာ၊ ပထမဆုံးသော ကျွန်တော်ရဲ့ ကျိုတ်ထီးရိုး ဘုရားဖူး ခရီးစဉ်ပေါ့ဗျာ၊ ပထမဆုံး ခရီးစဉ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်အောင် သူတို့က ကားနဲ့တက်မယ်တဲ့၊ ကျွန်တော်က လမ်းလျှောက်တက်မယ်ဆိုပြီး တက်ခဲ့တယ်၊ ကင်ပွန်းစခန်းကနေ ကျွန်တော် နေ့လည် 12 နာရီတိတိမှာ ခရီးစခဲ့တယ်၊ လမ်းကိုမှန်မှန်လျှောက်လိုက် ပြေးလိုက် တက်လိုက်နဲ့ တက်တာ၊ ဘုရားရင်ပြင်တော်ကို 2း45 မိနစ်တိတိမှာ ရောက်တယ်၊ မမောဘူး မပန်းဘူးနော်၊ ခု 2008 မှာ၊ အတိအကျဆိုရင် စင်္ကာပူမှာ ကျွန်တော်နေတာက tanjong pagar မှာ၊ အဲဒီကနေ ဘာမှမဝေးတဲ့ city hall ဆိုတဲ့ ပင်နီဆူလာကို လမ်းလျှောက်တာ မောချင်သလိုပဲ အသက်အရွယ်ရဲ့ ကွာဟမှုကို ပြောချင်တာပါ။ ။ ။(ဇရာပေါ့ဗျာ)
လိုရင်းကို ပြောချင်တာက ငယ်ငယ်က ဓါတ်ပုံတွေ အများကြီးပါပဲ၊ ဓါတ်ပုံထဲက ကျွန်တော်နဲ့ ခုကြည့်နေတဲ့ မှန်ထဲက ပုံနဲ့ကို နှိုင်းယှဉ်ကြည့်တော့၊ ဘုရားရေ တော်တော် ကွာခြားနေပါလားပေါ့၊ မျက်လုံး၊ အသားအရေ၊ အိုမင်းရင့်ရော်မှု၊ အရမ်းကို ကွာခဲ့ပြီကော၊ ဒါဆို တစ်ခုပြန်တွေးကြည့်တယ်၊ လက်ရှိ အိုမင်းရင့်ရော်မှုကို ပိုင်ဆိုင်နေပြီ၊ ကုန်လွန်ခဲ့တဲ့ အချိန်ရော အကျိုးရှိတာ ဘာလုပ်ခဲ့လည်း??? အသင်တို့ရော ဘာလုပ်ပြီးသွားပြီလည်း??? တစ်ရက်ပြီး တစ်ရက် တစ်နေ့ပြီး တစ်နေ့၊ ဇရာ ဆိုတဲ့ တရားက ချဉ်းကပ်လာပြီနော်၊ ဘာလုပ်ကြမှာလည်း? ဘာလုပ်သင့်လည်း? ဘာလုပ်မှာလည်း? ရွေးချယ်ဖို့ ကောင်းနေပြီနော်၊ (မယ်ဂုမိ ဓါတ်ပုံထဲကလို ကလေးက ကျန်ခဲ့ပြီ) အဖွားအို ပုံစံပဲ မကြာခင် လာတော့မှာ၊ ကျိန်းသေပေါက်လာမှာနော်၊ အကောင်းဆုံး ပုံစံနဲ့ ''ဇရာ'' ကိုကြိုဆိုနိုင်ကြပါစေလို့၊ ဒီဇရာဆိုတဲ့ ပို့စ်ကို ရေးသားရပါတယ်။ ။ ။
မှတ်ချက် (ဒီပို့စ်ကို ရေးသားဖြစ်အောင် စိတ်ကူးရအောင် သွယ်ဝိုက်သော နည်းလမ်းဖြင့် ကူညီပေးသော ညီမငယ် မယ်ဂုမိကို ကျေးဇူးတင်ပါတယ်)
''ဇရာ'' သည် မကြာမှီ လာမည်နော်********

4 ဝေဖန်ထားပါတယ်။:
ဇရာကိုတော့ ဘယ်သူမှ လွန်ဆန်လို့မရဘူးလေ။
" ဘာလုပ်သင့်လည်း"ကို အခုထဲက ကြိုစဉ်းစားထားတော့ လက်တွေ့ကြုံလာရင် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်တာပေါ့နော်။
"ဟိ ဟိ၊ ဆရာမကြီးလေသံနဲ့ သိသလောက် ပြောသွားတာနော်။"
“ဇရာ” ပိုစ်လေးဖတ်ပြီးအတွေးသစ်လေးတွေရသွားပါတယ် အစ်ကို ကျေးဇူးပါ။ ကျွန်တော်တို့တွေ ၁နေ့ထပ်၁နေ့ပိုကြီးလာပြီ နောင်လာနောက်သားများအတွက် ဘာတွေလုပ်ပေးခဲ့လဲ? ဘာတွေလုပ်ပေးနိုင်မလဲ? နောင်လာနောက်သားများအတွက် ကိုယ်တတ်စွမ်းသလောက် ပညာဗဟုသတလေးတွေဝေမျှထားခဲ့ချင်တယ်ဗျာ။
အတွေးလေး ကောင်းလိုက်တာ။
ပျော်ရွှင်ပါစေ
SMNTL
ဇရာ..ဇရာ..ဇရာ............
ဇရာကို ဘယ်သူမှ လွန်ဆန်လို့မရပါဘူး...
ပျော်ရွှင်ပါစေ...
Post a Comment