ဆိုင်ကယ်သမားလေး စည်သူ

Friday, November 20, 2009
မော်လမြိုင် > မုဒုံ ။ မော်လမြိုင် > သံဖြူဇရပ် ။ မော်လမြိုင် > ကျိုက္ခမီ ။ မော်လမြိုင် ဟိုနားဒီနား ယိုးဒယားထုတ် ဒရင်း တစ်ရာအား ဆိုင်ကယ် တစ်စီး လေထဲမှာလွှင့်နေတာ ။ ဆိုင်ကယ် တက္ကစီပေါ့ ။ မောင်းတဲ့သူက လူငယ်၊ လူချော၊ လူသန့် သံဖြူဇရပ်သား မွန်လူ ချောလေး၊ သူ့နာမည်က စည်သူ...

မော်လမြိုင် အပေါ်ဈေး၊ အောက်ဈေး၊ အဝေးပြေး နေရာပေါင်းစုံမှာ ဆိုင်ကယ်နဲ့ စည်သူ၊ စည်သူနဲ့ ဆိုင်ကယ် အမြဲတမ်း တွဲပြီးတွေ့နေ ရ တယ်။ စည်သူက ဆိုင်ကယ်စီး ၀ါသနာလဲပါတယ်။ ငယ်ငယ်ကတည်းက မြင်းပုပုအရုပ် လေးကို စီးပြီး ၀ရော ၀ရော အော်ပြီး ဆိုင်ကယ် အမှတ်နဲ့ စီးလာတဲ့ကောင်။ အရွယ်လဲ ရလာရော ဆိုင်ကယ် ပိုး ကထ။ မော်လမြိုင်မှာလဲ ဆိုင်ကယ် တက္ကစီက ခေတ်စားလာတော့ ဆရာက အံကျတာ။ အိမ်ကို ပူဆာ အိမ် က လဲ ခြေငြိမ်ပြီးရော ယိုးဒယား ဒရင်း တစ်စီးဝယ်ပေးလိုက်တာလေ။

စည်သူက အပေါင်းအသင်းဆံ့တယ်။ ခင်လဲ ခင်တတ်တော့ သူ့ဆိုင်ကယ်က အားနေရတယ် မရှိပါဘူး။ သူငယ် ချင်းတွေ လိုက်ပို့လိုက်။ ခရီးသည်တွေပို့လိုက်နဲ့။ ပို့စရာမရှိရင်တောင် တောင်ပေါ်မောင်းတက် တောင်အောက်ကို ဂီယာဖရီး စက်သတ် ဆီကုန် သက်သာ အောင်လုပ် ပြီးစီးတာ။ ဆိုင်ကယ် ၀ါသနာလေ ။

စည်သူ့ အမ၀မ်းကွဲတစ်ယောက်က မော်လမြိုင်ဈေးမှာ ကုန်စုံဆိုင်ဖွင့်ထားတာလေ။ ရပ်ဝေး ရပ်နီး အခြောက် အခြမ်း ကုန်သည် မိတ်ဆွေ တွေလဲပေါတော့ ဟိုနားဒီနား ကုန်သည်တွေက သွားချင်ရင် စည်သူပဲပေါ့၊ စည်သူ့ ဆိုင်ကယ်လေ အလုပ်ဖြစ်တာ အဲ့သလို။ ဒီလိုနဲ့ တစ်နေ့ နေရော သူ့အမက စည်သူ့ကို လှမ်းခေါ်တယ်။ စည်သူက ဘာလဲပေါ့ ဈေးကိုလိုက်သွားရော ဈေးက သိမ်းချိန်တောင် ရောက်နေပြီ။

စည်သူက ဈေးလဲရောက်ရော အမဖြစ်သူကဆီးပြီး စည်သူရေ ဒီမှာ အမ မိတ်ဆွေ တစ်ယောက် ကျိုက္ခမီ ပြန်ရမှာ နေလဲစောင်းနေပြီ၊ သူ့မှာလဲ ငါးခြောက်ရောင်းရငွေတွေနဲ့ အဲ့တာ မောင်လေးနဲ့မှ အမက စိတ်ချရမှာလေ။ မောင်လေးလိုက်ပို့လိုက်နော် ဆိုပြီး အားကိုးတကြီး နဲ့ဆိုတော့ စည်သူလဲ နေစောင်းပေမယ့် မငြင်းသာဘူးလေ လိုက်ပို့ရတာပေါ့။

ဒါနဲ့ပဲ အမမိတ်ဆွေ ကိုခေါ်ပြီး ခရီးစထွက်တော့တာပေါ့။ နေလုံးလဲ တော်တော်စောင်းချင်နေပြီ။ ဒါနဲ့ ဆိုင်ကယ်ကို အရှိန် မပြင်းတပြင်း လေးတင်ပြီး မုဒုံဖက်ကို ဆိုင်ကယ်ခေါင်းတည်လိုက်တယ်။ ဆိုင်ကယ်လေးက မှန်မှန်လေးနဲ့ ငြိမ့်ငြိမ့်ပေါ့ ကတ္တရာလမ်းပေါ် ပြေးနေတာ စည်သူလဲ သီချင်းလေး တစ်ပုဒ် တိုးတိုးလေး ညဉ်းရင်းနဲ့။ အဲ့ နောက်က ထိုင်တဲ့ ကိုယ်တော်က ကြောက်လို့လား ? ဘာလို့လဲ မသိဘူး စည်သူ့ခါးကို အတင်းဖက်ထားတာ။

ပြောရဦးမယ် စည်သူက ယားတတ်တယ်။ ဖက်ထားတာတို့၊ ဟိုပွတ်ဒီပွတ်ဆို မနေတတ်ဘူး။ '' နောက်က အကို အရမ်းဖက်မထားနဲ့ဗျ ကျနော် ဆိုင်ကယ်မောင်းရတာ မလွတ်လပ်ဘူး '' နောက်က လူကလဲ '' အင်း '' ။ ဖက်တာ တော့ လျော့သွားတယ်။ ခဏနေတော့ ခါးဖက်ရာကနေ လက်အစုံက ပေါင်ပေါ်ကို ရောက်လာပြန်တယ်။ စည်သူ က ဘာလဲပေါ့ တွေးတာလေ။ '' အကို ငြိမ်ငြိမ်ထိုင်ပါ ဒီလိုဆို ကျနော် မမောင်းတတ်ဘူး '' '' အင်းပါ မောင်လေး ရယ် '' ဟိုက်..... စည်သူ လေပြီ ။

ဒီလိုနဲ့ စည်သူ ဆိုင်ကယ်ကို မနဲ သတိထားပြီး မောင်းနေရတယ်။ ခရီးဆုံး မြန်မြန်ရောက်ပါစေပေါ့ ဆုတောင်းနေ ရတာလေ။ ဆိုင်ကယ်ကလဲ တဖြည်းဖြည်းနဲ့ သံဖြူဇရပ် စစ်သင်္ချိုင်း အကျော် ရာဘာတောစပ် အနားရောက် လာ တယ်။ အဲ့မှာ နောက်က ကိုယ်တော်က '' မောင်လေး ဆိုင်ကယ် ခဏရပ်ပေးပါလားကွယ် ကျန်းမာရေးလေး ခဏ '' စည်သူလဲ ရပ်ပေးလိုက်တယ် ကိုယ်တော်က ရာဘာတော ညာဖက်ဘေးစပ်ကို ဆင်းသွားတယ်။ စည်သူလဲ ခရီးက ကျန်နေသေးတော့ ငါလဲ ကျန်းမာရေးလေး ရှင်းဦးမှ ဆိုပြီး ရာဘာတော ဘယ်ဖက် အစပ်ကို ဆင်းသွား လေရဲ့...... စည်သူ အပေါ့ ကိစ္စရှင်းတာ တစ်ဝက်နဲ့တစ်ပျက် အချိန် နောက်ကနေ '' မောင်လေး '' လို့ ခေါ်သံကြား လို့ လှည့်အကြည့်မှာ..... စည်သူ့ အော်သံ ရာဘာတောစပ်က အိပ်တန်းတက်သွားတဲ့ ငှက်တွေတောင် ထပျံ ကုန် တယ် '' အောင်မလေးဗျ..........''

အဲ့ဒီနေ့က စပြီး စည်သူ မော်လမြိုင်ကနေ ပျောက်ခြင်းမလှ ပျောက်သွားတော့တာပဲ။ နောက်ပိုင်း ပြန်ကြားရတာ တော့ စင်္ကာပူ ဆိပ်ကမ်းမှာ ကွန်တိန်နာကား လာမောင်းနေတယ် ဆိုလား ? ဘာလားပဲ ?

အဝေးမှ ကြယ်စင်စုများ

Tuesday, November 17, 2009
အရောင်မဲ့ကြယ်
ကြွေနေလေရဲ့
လင်းလက်သောကြယ်
တောက်နေလေရဲ့
အခြားမဲ့၌....

ကောင်းကင်ယံထက်
မှေးမှိန်လာတယ်
မြေပြင်မှာလဲ
ခြောက်သွေ့နေလို့
ငါတို့ဆီ၌....

ကြယ်စင်စုတွေ
ဟိုနားတစ်ပွင့်
ဒီနားတစ်ပွင့်
ပြေလည်ရာပဲ
ပွင့်နေကြတယ်....

အမိကောင်းကင်
လင်းလက်စေဖို့
ကြယ်မမည်တဲ့
ဥက္ကာလေးတွေ
ကြွေနေလေရဲ့....

အဝေးရောက်ရှိ
ကြယ်စင်စုတွေ
ဒီနေ့လေလား
မနက်ဖြန်လား
ဒါမှမဟုတ်...... ဘယ်သောခါမှလား ?

လပ်ကီး

Monday, November 16, 2009
'' လပ်ကီး '' ဒီကောင်လေး ဒီခြံကို ရောက်ခါစ လသား သာသာလေးပဲ ရှိဦးမယ်။ ဒီကောင့်ကို ဒီခြံပိုင်ရှင် ထိုင်ဝမ် ဘော့စ်က ခေါ်လာတာ။ နေရာကတော့ ဆယ်မိုင်ကုန်းထိပ်နဲ့ စော်ဘွားကြီးကုန်းအဝေးပြေး ကြားက ခြံကျယ်ကြီး တစ်ခြံပေါ့။ အဲမှာ ဘော့စ်က ရေလုပ်ငန်း လုပ်တယ်လေ။ ကျနော်တို့က အလုပ်သမားတွေပေါ့။

ရောက်ခါစတော့ ဒီကောင်လေးကို ကြည့်ရတာ ညိုချောဗျ ချစ်စရာလေး။ သူ့ကို အချိန်မှန် နွားနို့ တိုက်ကျွေးပြီး ကိုယ့်ရှေ့တင် ဒီကောင် ထွားလာလိုက်တာ။ ခြေတံလက်တံ ရှည်ရှည်နဲ့။ ဒီကောင်က အသံလဲ ကောင်းတယ် အသံလဲ အောင်တယ်။ အိုး... လမ်းလျှောက်တတ် ကာစ၊ ပြေးတတ်ကာစများကို ထိန်းလို့ကို မနိုင်ဘူး။ အရမ်းအဆော့ သန်တဲ့ကောင်ပေါ့။

မိုးတွေများရွာလာပြီဆို ကျနော်တို့ဆီ ပြေးလာပြီ။ မိုးရွာထဲမှာ ကျနော်တို့ အလုပ်သမား အုပ်စုတွေနဲ့ ဒီကောင် ဘောလုံး ကစားရတာ ပျော် နေပြီလေ။ ကျနော်တို့ အလုပ်မအားချိန်များဆို သူက မကစားရလို့ ဂျီတိုက်တတ်တယ် မျက်နှာကြီးကို သုန်လို့ပေါ့။ အစားကလဲ ဂျီးများပါ့ တော်ရုံဆိုမစားဘူးရယ်။ သူစားဖို့ကို တော်တော် ဂရုတစိုက် ကျွေးရတယ်။ ဒီလိုနဲ့.............

တစ်နှစ်ခွဲ နှစ်နှစ်လောက်လဲ နေရော ဒီကောင် တော်တော်ကြီးကို ထွားလာတာ။ ပြီးတော့ ဒီရက်ပိုင်း ဒီလပိုင်းအတွင်းမှာ ဒီကောင် ဘာ ဖြစ် လာလဲမသိဘူး။ မူမမှန်ချင်တော့ဘူး။ ဒေါသလဲ ထွက်လွယ်တယ်။ မျက်နှာက လုံးဝ မကြည်လင်တော့ဘူး။ ကျနော်တို့ကို ပေစောင် ပေစောင် လုပ်တတ်လာတယ်။ တစ်နေ့ ခြံကို လာတဲ့ ရေလုပ်ငန်း ကုန်သွင်းသူ တစ်ဦးကို ဒီကောင်ဗျာ ခုန်အုပ်ပြီး ခဲတာ မျက်နှာကို။ ကျနော်တို့ ဆွဲတာ မရဘူး။ သူ့ကိုခေါ်လာတဲ့ ဘော့စ်လာဆွဲတော့မှပဲ ရတော့တယ်။ ဟိုလူလဲ တော်တော် အီသွားရှာတယ် အရေးပေါ် ဆေးခန်းပို့ပြီး မနဲတောင်းပန်ယူရတယ်။

ဒီလိုနဲ့ တစ်ယောက်လဲ မဟုတ်၊ နှစ်ယောက်လဲ မဟုတ် ဒီကောင် တော်တော်ဆိုးလာတယ်။ နောက်ဆုံး အိမ်ကို အမြဲဝင်ထွက်သွားလာ နေတဲ့ ဘော့စ် သူငယ်ချင်းကို ကိုင်လိုက်တာ ဒဏ်ရာ တော်တော် ပြင်းသွားတယ်။ ဒီကောင် လောကကြီးကို တော်တော် ကန့်လန့် တိုက် လာတယ်။ ကျွေးတာလဲ စားချင်မှပဲစားတော့တယ်။ ဒီကောင့်ကို ဒီတိုင်းလွတ်ထားလို့ မရတော့ဘူး တော်တော်ကြီးကို ဆိုးလာတာ။ နောက်သံကြိုးနဲ့ဒီကောင့်ကို ချည်ထားရတာ။ အဲ့တော့မှ မျက်နှာငယ်လေးနဲ့ ဒီကောင်၊ တော်တော်လဲ မာယာများတဲ့ကောင်။

နောက်တော့ ကျွေးတာလဲ မစားတော့ တမှိုင်မှိုင် တတွေတွေနဲ့လေ။ ဒီလိုနဲ့ မဖြစ်ခြေဘူး ဒီကောင့်ကို ဆရာဝန်နဲ့ ပြမယ်ဆိုပြီး ဘော့စ်က ကမ္ဘာအေး ဘုရား လမ်းပေါ်က ဆရာဝန်ဆီလိုက်ပြတော့မှ ဒီကောင် ဖြစ်နေတဲ့ ဝေဒနာ အကြောင်းရင်းကို သိရတော့တယ်။ ဆရာဝန်က သေချာစမ်းသပ်ပြီး မေးတော့တာပေါ့။

ဆရာဝန်ကမေးတာ ဒီကောင် ဘယ်နှစ် နှစ်သားရှိပြီလဲ ?
နှစ်နှစ်သား ရှိပြီ ဆရာ။

ဒီကောင်ကြီးမှာ ရည်းစား သနာရှိလား ?
မရှိသေးဘူး ဆရာ။

ဟာ...... ခင်ဗျားတို့ဗျာ ဘာမှစိတ်မပူနဲ့ ဒီကောင် အရွယ်ရောက်လာပြီ။ အဲ့ဒီတော့ ဒီကောင်ကြီးကို မိန်းမပေးစားလိုက်တော့ အိုကေပြီ....

မှန်လိုက်လေဗျာ ဒီကောင်ကြီးအတွက် အဖော်ကို ဘော့စ်က သူနဲ့ မျိုးတူ ဒိုဗာမင် မြှီးတိုမလေး နှစ်ကောင်တောင်ဗျာ ခေါ်လာပေးတဲ့ နောက်ပိုင်း ဒီကောင်ကြီး အရင်လို မြူးမြူးကြွကြွ ပြန်ဖြစ်လာတယ်ဗျိုး...... နောက်တော့ ကျနော်လဲ အလုပ်ပြောင်းရော ဒီကောင်ကြီး ဘယ်လို စခန်းသွားပြီး ကျန်ခဲ့သည် မသိ။

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်သည့် နိယာမကို ဆင်ခြင်မိသည့် သဘောပါး)

ပန်းပွင့်လေးများ အကြောင်း

Monday, November 2, 2009
ပန်းခြင်းတူသော်ငြား
ဂုဏ်ခြင်း နေရာခြင်းကွာသည်မို့

အလေ့ကျ ပန်း
ချွေသူများ၍ နွမ်းလွယ်သည်။

ဥယျာဉ်တွင်းမှ ပန်း
နမ်းခွင့်ရပြန် ခူးခွင့်မရ။

တော်ဝင်သည့် ပန်း
လှမ်းခွင့်မသာ နန်းထက်စံပါ့။

အလေ့ကျ ပန်းများသည် လမ်းဘေးဝဲယာ ပွင့်တတ်လေသည်မို့ ခရီးသွားများ တို့ကာဆိက်ကာ သွားတတ်လေသော် ပန်းလေးခမျာ ခဏနှင့်သာ နွမ်းတတ်သည်။

ဥယျာဉ်တွင်းမှ ပန်းများသည် ဥယျာဉ်မှူး၏ ဂရုစိုက်မှုအောက်ဝယ် ရှိလေသောကြောင့် ပန်းများအား အထိုသူသည် နမ်းခွင့်ရပင်သော်ငြား ခူးခွင့်ရယ်လို့ မရရှိနိုင်ပေ။

တော်ဝင်သည့် ပန်းများသည် အထူးဂရုပြုခြင်း ခံရလေသည်မို့ အထိုသူသည် လိုချင်ပြန်လေလျှင် တန်ဖိုးများစွာ ထားတတ်၍ မြတ်နိုးခြင်း များစွာ ဖြစ်တတ်သည်။

ချစ်ရပါသော ညီမငယ်လေးများသည် ပန်းဘ၀နှင့် တူလေသည်မို့ မည်သည့်နေရာ၌ ပွင့်ချင်လေသနည်း အတွေးများစွာ ရှိကြကုန်....