အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း

Saturday, February 28, 2009
ကိုတောင်ပေါ်သား TAG ကို အချစ်များကို ၀င်ရောက်ခံစား ကြည့်ခြင်း ခေါင်းစဉ်ဖြင့် စာစီကြည့်လိုက်မယ်။

"ပန်သူဦးသော အချစ်"

သူမကို စတင်တွေ့ရှိသော အချိန်တွင် သူမတွင် ချစ်ဦးသူ ရှိနှင့်ပြီး ဖြစ်လေသည်။ သူမနှင့်ကျုပ်တွင် သူငယ်ချင်း သံယောဇဉ်ထက် ပိုသော အတူသွား၊ အတူစား တည်းဟူသော တစ်ဆင့်မြင့် သံယောဇဉ်များ ကိုယ်စီကိုယ်ငှ ရှိ နေကြသည်ကို မျက်ဝန်းတွင်းမှ အဖြေရှာတွေ့ ခဲ့ကြသည်မှာ ကာလ တစ်ခု ကြာရှည်ခဲ့ ဖူးသည်။

အဖြူရောင် သံယောဇဉ် နေ့စွဲများ ရှည်ကြာလာသည်နှင့်အမျှ တီတီတာ တော့မည့် အချစ်အင်အား တစ်ခုသည် အဖြူရောင်နေ့စွဲလေးကို ကာလာခြယ်မှုန်းတော့သည်။ ဤမှစ အဖြူရောင် သံယောဇဉ် ကြားတွင် ခပ်မှိုင်းမှိုင်း နှင်းပါးပါး ခြားနားသလို ဖြစ်ခဲ့ဖူးသည်။

သို့သော် သံယောဇဉ် တည်းဟူသော အရာသည် ဖြတ်တောက်ရန် ခက်ခဲလှလေသည်။ မရိုးသားသော စိတ်ရိုင်း များအား ချွန်းသဏ္ဍန် ကဲ့သို့ ထိန်းအုပ်နိုင်ခဲ့သည်။ သူမအတွက်မူ သားဆိုးလေးအား ခွင့်လွတ်တတ်သော မိခင် တစ်ဦး ကဲ့သို့ မြင့်မြတ်သော စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

မည်ကဲ့သို့ပင် ဆိုပါလေဦးတော့ အချစ်ဆိုသည်ကား အဖြူရောင် သံယောဇဉ် နယ်မြေတွင် ပေါက်ဖွား ခဲ့ဖူးလေ သည်။ လူ့အသိုင်းအ၀ိုင်းတွင် စည်းဟူသော အရာကြောင့်ပင် ဖြစ်ပါလိမ့်မည် သံယောဇဉ် နယ်မြေတွင် ရှင်သန် ခွင့် မရခဲ့သော ဤအချစ်မှ မျိုးတစ်စေ့ သာလျင် ကျုပ်ရင်ပတ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျန်ရစ်ခဲ့သည်ကို ကျုပ်ကိုယ်တိုင်ပင် မသိခဲ့ပေ။

အထက်ပါ အကြောင်းများနှင့် ပက်သက်၍ " ပန်သူဦးလေသောပန်း " ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်အား ဤဘလော့တွင် ကျုပ်နေရာချခဲ့ဖူးသည်။ ( ရှာကြည့်ကြပါကုန် )

ဤသို့ဖြင့် ကာလ တစ်ခုမှသည် နောက်တစ်ခုသို့ ကူးပြောင်း၍သာ နေကြလေတော့သည်။ ဤတွင် မထင်မှတ်ပဲ ပန်သူဦးသောပန်းမှ ကျန်ရစ်ခဲ့သော မျိုးစေ့အား မျှတသော ရာသီ၊ အေးမြသော လေညှင်း၊ နွေးထွေးသော ရောင်ခြည်များ ပေးအပ်သော သူမတစ်ဦး ပေါ်ထွန်းလာခဲ့လေသည်။

ကြင်နာသော၊ ဂရုစိုက်သော၊ အနစ်နာခံသော၊ ထိုသူမ၏ လက်ထဲတွင် အနှီ မျိုးစေ့လေး ခမျာ သက်တောင့်သက် သာ စွာဖြင့် ရှင်သန်ခွင့် ရခဲ့လေသည်။ သို့သော် ထိုသူမသည် ကံအကြောင်း မကောင်းလှစွာဖြင့် ထိုမျိုးစေ့လေး မှာ ပွင့်လန်းလာချိန်တွင် ချိုမြိန်သော အချစ်ပန်း မဟုတ်ခဲ့ပဲ ခါးသက်သော အဆိပ်ပန်းများ ဖြစ်နေခဲ့သည်ကို ထိုသူမ မယုံကြည်နိုင်စွာဖြင့် အဆိပ်ရည်များ စွန်းထင်းကာ အဝေးသို့ ထွက်ပြေးသွားခဲ့ဖူးသည်။

ဤနေရာတွင်လည်း အချစ်ဆိုသည်မှာ သေဆုံးခဲ့ပြီဟု အသင်ထင်နေပါသလော? ထင်မှတ်မှားကြမှာ စိုးသည်။ အချစ်သည် အုတ်ကြိုအုတ်ကြား၊ မာထန်သော ကွန်ကရိ များကြားထဲသို့ပင် ၀င်ရောက် ရှင်သန်တတ်သော ညောင်စေ့နှင့်ပင် အလားသဏ္ဍန် တူလေသည်။ အာရုံ မကျသေး၍တာ နေမည် သေဆုံးသွားခြင်းကား မရှိပေ။

ဤတွင် အရေးကြီးဆုံးသော အချက်တစ်ချက်အား ပြောကြားလိုသည်။ မြွေကစားသော အလမ္မယ်ဆရာသည် တီးမှုတ်သော ပုလွေ သံစဉ်မှန်နေလျင် ငြိမ့်ညောင်းသော မြွေကဟန်ကို စေစားနိုင်သကဲ့သို့၊ သံစဉ်များ မှား ယွင်းခဲ့လျင်လည်း ထိုမြွေသည် ပါးပြင်းခွက်၍ ထပေါက်တတ်သည်ကို သတိမူ ကြပါကုန်။ အချစ်ဆိုသော အရာအား မှားယွင်းခဲ့လျင် မြွေထက်ပင် အချစ်ကဆိုးတတ်သည်။ အချစ်သည် ကစားစရာ မ ဟုတ်သကဲ့သို့၊ ကိုးကွယ်စရာလည်း မဖြစ်သင့်ပေ။ ကိုးကွယ်ခြင်း ခံရသော အချစ်သည် နှလုံးသားကို နှိပ်စက် ကလူ ပြုတတ်သေးသည်။

ဆိုခဲ့ပြီးသည့်အတိုင်း မိတ်ဆွေများ အချစ်ဆိုသည့်အရာနှင့် နဖူးတိုက် ဒူးတိုက် တွေ့ခဲ့ပါမူ၊ အချစ်အား မကျီစယ် ပါနှင့်။ မကိုးကွယ်ပါနှင့်။ မမှားယွင်းပါနှင့်။ အချစ်ဆိုသည့် အရာနှင့် အညမည ဖြစ်အောင်နေကြပါမူ အချစ်သည် သင်တို့အား ပျော်ရွှင်ခြင်းများစွာ ပေးအပ်လိမ့်မည်ဟု ကျုပ်ထင်မိပါသည်။ ဒါပေတည့် ထိုအချစ်သည် လည်း သင့်အား အညမည ဖြစ်ရပါမည်။

သတိ။ အချစ်ဆိုသည့် အရာသည် ကိုယ်ကိုတိုင်ပင် PASSWORD ရှာမတွေ့တတ်သော အလွန်လျှို့ ၀ှက်သည့် အခြင်းအရာပင် ဖြစ်သည်။ ထို့အပြင် မသေဆုံးတတ်သော အမြဲပြောင်းလဲ ရှင်သန်တတ်သော အမျိုးအစားထဲတွင် အချစ်သည် အပါအ၀င်ဖြစ်သည်။

ဘောင်

Wednesday, February 25, 2009
စိတ်ကူးစိတ်သန်း
ဘောင်ခတ်ထားလို့
နတ်လှောင်အိမ်မှာ
မွန်းကျပ်နေပြီ

စကားတစ်ခွန်း
ဘောင်ခတ်ထားလို့
တုန့်ပြန်သံတွေ
တိတ်ဆိတ်နေပြီ

နှလုံးသွေးစက်
ဘောင်ခတ်ထားလို့
ပုံဆောင်ခဲလို
မာကျောနေပြီ

ကလောင်တစ်ချောင်း
ဘောင်ခတ်ထားလို့
စာစီရာမှာ
မညီညာပြီ

ဘ၀တစ်ခု
ဘောင်ခတ်ထားလို့
စေလိုရာကို
နေလာခဲ့ပြီ

ဘောင်ခတ်ထားလို့...


ဗုဒ္ဓဘာသာအား အဓွန့်ရှည်ရန် ဆိုရာဝယ်

Tuesday, February 24, 2009
ကိုမိုးပြေး ဘလော့မှာ တင်ပြထားတဲ့ မဟာဗျူဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက် ကို ဖတ်ပြီး ကျွန်တော် စာလေး နည်းနည်းရေးချင်တယ်။ သိလို့တတ်လို့ ရေးတာမျိုး မဟုတ်ပါဘူး။ ရှိတဲ့ ဥာဏ်လေး တစ်ထွာတစ်မိုက်ကို ဗုဒ္ဓသွန်သင် ဆုံးမထားတဲ့ အသိလေးနဲ့ ရေးသားချင်တာပါ။

ကျွန်တော် ဒီပို့စ်ကို ရေးဖို့ တင်ဖို့ စိတ်ကူးမရှိပါဘူး။ ကိုမိုးပြေး ဘလော့မှာပဲ ကွန်မန့်လေး နည်းနည်းလောက် ၀င် ရေးချင်ရုံလေးပါ ဒါပေမယ့် ကွန်မန့်ပေးလို့မရလို့ ( ဘာ့ကြောင့်မှန်း မသိပါ ) ဒီပို့စ်လေးကို ရေးဖြစ်တင်ဖြစ်တာပါ။

ကျွန်တော် တင်ပြရေးပြတာတွေကို အားလုံးအနေနဲ့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ဒီပို့စ်ဟာ နိုင်ငံရေးနဲ့ လုံးဝ မပက်သက်ပါ။ ကျွန်တော် ကိုးကွယ် ယုံကြည်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အမြင်ကို တင်ပြခြင်း သက်သက်မျှ သာ ဖြစ်ပါသည်။

ကိုမိုးပြေး ဘလော့တွင် လင့်ထားသည့် ပို့စ် အရှင်ကုမာရ ရေးသားထားသည့် အရေးအသားကို နည်းနည်း ပြော ကြားလိုပါသည်။ မှားခဲ့သည်ရှိသော် တပည့်တော်အား ခွင့်လွတ်တော်မူပါ အရှင်ကုမာရ ဘုရား။

အရှင်ဘုရား၏ ဗုဒ္ဓသာသနာတော်ကို အဓွန့်ရှည်ကြာ ထိန်းသိမ်းလိုသော စိတ်ဆန္ဒမှာ အင်မတန် ကောင်းမွန် လှပါသည် အရှင်ဘုရား။

ဒါပေတည့် အရှင်ဘုရား ဖော်ပြချက်များမှာ အတင်းအကျပ် အဓမ္မ ဆန်နေပါသည် ဘုရား။ ဗုဒ္ဓ၏ လမ်းစဉ်နှင့် အဆုံးအမမှာ အတင်းကာရော၊ နိုင်ထက်ကျင့်စဉ် မပါရှိပါ ဘုရား။

အမိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်သား ပေါင်းစုံဖြင့် စုစည်းတည်ထောင်ထားသော အလွန် အင်မတန်မှ နေချင့်စဖွယ်ကောင်းသော တိုင်းပြည်ကြီးပါ ဘုရား။ ဤတွင် လွတ်လပ်သော ဘာသာအား လွတ် လပ်သော စိတ်နှလုံးဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါသည် ဘုရား။

မြတ်စွာဘုရားမှ ဟောကြားအပ်သော တရားများသော်မျှ အတင်း နာယူ လက်ခံစေသော တရားမရှိပါပေ။ ရှင်းလှ ပါပေသည်။ ငါဘုရား ပြောတာကို မယုံပါလေနှင့်ဦး ကိုယ်တိုင် ကျင့်ကြံ လေ့လာပြီးမှတာ ယုံကြပါ ငါ့ဘာသာထဲ ၀င်ကြတော့ လာကြတော့ဟု လည်း အတင်းမတိုက်တွန်းခဲ့ဖူးပါ။

ထို့ကြောင့် အတင်းအကျပ်ကို ရှောင်ရှား၍ မိမိ ဘာသာ၊ သာသနာအား အဓွန့်ရှည်ကြာ တည်တန့်စေလိုလျင် ကောင်းမွန်သော ကိုယ်ကျင့်တရားဖြင့် ရှိရှိသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ မိရိုးဖလာမှစ၊ ဘာသာကွဲ များအဆုံး၊ သက်ဝင်ယုံကြည်မှု ရှိလာစေရန် ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို ယုံကြည်မှု တိုးပွားစေရန် အဓိကမှာ ကောင်းမွန်သော၊ ကိုယ်ကျင့်တရားဖြင့် ပတ်ဝန်းကျင်အား သော်လည်းကောင်း၊ သာသနာ အဓွန့်ရှည်ရန်သော် လည်းကောင်း၊ ကျင့်ကြံ အားထုတ်လျင်မူ ပိုမို၍ ကောင်းမွန်လိမ့်မည်ဟု ထင်မြင်မိပါသည် အရှင် ကုမာရ ဘုရား။

'' နုနယ်သော မောင်ငယ် ညီမငယ်များ အထင်မှား အမှတ်မှား ဖြစ်မည်ကို ကျွန်တော် အရမ်းစိုးရိမ် မိပါသည်။ ''

နိတုံ

Thursday, February 19, 2009
ဟုတ်ကဲ့.. ကျွန်တော် ဒီရက်ပိုင်း သီချင်းတွေ ကြားနေရတယ်။ ဟိုဗျာ.... လက်ထပ်ပွဲ မင်္ဂလာပွဲ တွေမှာ ဆိုနေကြတဲ့ မင်္ဂလာတေးတွေပါ။

ကျွန်တော်သိချင်တာ အမြဲတမ်း တော်တော်များများ ပါလာတဲ့ စာသားတစ်ခုရှိတယ်၊ ကျွန်တော်က ဒီအဓိပ္ပါယ်ကို သိချင်လို့ပါ လေးလေးနက်နက်ကို သိချင်လို့ပါ။ ကျေးဇူးပြု၍ သိသောသူများရှိရင် အနက်အဓိပ္ပါယ် ရှင်းပြပေး စေလိုပါတယ်။

စာသားကတော့ ( နိတုံရွှေစင်တဲ့ ) နိတုံ ဆိုတဲ့ အဓိပ္ပါယ်ကို သိချင်တာပါ

လောင်းရိပ်

Tuesday, February 17, 2009
လောင်းရိပ်မိတဲ့ ဘဝ
မလွတ်လပ်ဘူး

လောင်းရိပ်မိတဲ့ စီးပွား
မကြီးပွားဘူး

လောင်းရိပ်မိတဲ့ ကလောင်
မထက်မြက်ဘူး

လောင်းရိပ်မိတဲ့ စကား
တာမသွားဘူး

လောင်းရိပ်မိတဲ့ ဦးဏှောက်
မပြက်သားဘူး

လောင်းရိပ်မိတဲ့ အတွေး
မအေးဆေးဘူး

လောင်းရိပ်မိတဲ့ နှလုံးသား
မလန်းဆန်းဘူး

လောင်းရိပ်မိတဲ့ ကာရန်
ကဗျာမဆန်ဘူး

လောင်းရိပ်မိတဲ့ ပန်း
မပွင့်လန်းဘူး

လောင်းရိပ်မိတဲ့ အချစ်
မရှိသင့်ဘူး

လောင်းရိပ်အောက်မှာ ဘယ်သူမှလည်း မရှင်သန်ချင် ကြဘူး


မာန

Sunday, February 15, 2009
မာနတံခွန် မိုးထိချွန်လည်း
မစင်စွန့်က ဖင်ချွတ်ရ၏

ရွှေသီးစားစား ငွေသီးစားစား
မစင်သွားက နံဟောင်ပါ၏

ငါသည်ငါဟု ငါမာနနှင့်
နေပါလေဦး အသေဦးသော်

လူယုတ်လူမြတ် သေချာချက်က
ခြောက်ပေသုံးပေ ကျင်းသာလျှင်တည်း

တစ်ခြမ်းပဲ့ ရင်ခုန်သံ

Saturday, February 14, 2009
ဒီလိုနေ့၊ ဒီလိုရက်စွဲ၊ ဒီလို အခါသမယမျိုး သူသူ ငါငါ အများစုဟာ ချစ်သူများနေ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရင်ခုံကြ၊ ကြည်နူးကြနဲ့၊ ချစ်ခြင်းတွေကို စာနဲ့တစ်ဖုံ၊ ကဗျာနဲ့တစ်မျိုး၊ ဖုံးနဲ့တစ်ဂွမ်ဂွမ်၊ ချစ်ခြင်း တွေကို ရင်ခုန် ကြည်နူးမှု တွေနဲ့ သီကုံး နေကြတယ်။

ချစ်သူများနေ့ဟာ ဘယ်အချိန်ကာလ၊ ဘယ်လို လူတန်းစား၊ ဘယ်လို ရည်ရွယ်ချက် နဲ့ပဲသတ်မှတ်ခဲ့ သတ်မှတ်ခဲ့၊ အဓိကတော့ နှလုံးသားရဲ့ ခေါင်းစဉ်အောက်မှာ တည်ရှိနေခြင်းဆိုတာ ငြင်းဆိုရ ခက်ပါ လိမ့်မယ်။

ဒီလိုနဲ့ ချစ်သူတွေခြင်း ချစ်တင်းတွေ ဖလှယ်နေကြတဲ့ အခိုက်မှာ ကျုပ်လို ငမိုက်သား ရှင်ရဲထွတ် အနေနဲ့ ရင်ခုန် ဖက် တမ်းချင်းလည်း မရေးနိုင်၊ တစ်သက်တာ ထာဝရလည်း မဆိုနိုင်တဲ့ အခိုက်အတန့် တစ်ခုခုတော့ ရေးချင် ရင်ဖွင့်ချင် နေမိတယ်။ ဒါဆို ဘာရေးမှာလည်း ဘာ အကြောင်း ရေးမှာလည်း၊

( ဟာ.. ခေါင်းပူတယ် စိတ်ရှုပ်တယ် ကွာ )

ခေါင်းစဉ် ရှာမရပေမယ့် လက်က တစ်ခုခုကို ရေးချင်နေတယ်။ ကြာတယ်ကွာ ရေးချလိုက်ပြီ။

ခေါင်းစဉ်ကတော့ တစ်ခြမ်းပဲ့ရင်ခုန်သံ

တစ်နေ့သော စင်္ကာပူ ညချမ်းချိန်ခါ ရုံးဆင်းချိန်ခန့် ဖြစ်လိမ့်မည်။ နေရာကား Tanjong Pagar NTUC ၊ ကျုပ် ရှင်ရဲထွတ် နောက်တစ်နေ့ ၀မ်းရေးအတွက် ချက်ပြုတ်စီမံရန် အလို့ငှာ ntuc အတွင်း ဈေးခြင်းတောင်း တစ်လုံး ဖြင့် ဟိုမွှေဒီနှောက် လတ်ယားလတ်ယား လုပ်နေစဉ် မမျှော်လင့်ပဲ ကျုပ်နှာဝကို သင်းပျံ့ မွှေးကြိုင်တဲ့ ရေမွှေး နံ့ လာရောက် ကလူတယ်။ ကျုပ်လည်း ဘေးသီ ၀ဲယာ ရှေ့ နောက် အကုန် လှည့်ကြည့် တော့တာပေါ့။

အလာလား အမျိုးသမီး တစ်ယောက်၊ လှပတဲ့ ကိုယ်ဟန်၊ ခါးလယ်လောက် ဆံပင်ကို အပေါ် ခပ်မြင့်မြင့် စုချည်ထား တယ် လည်တိုင်လေးက ဆင်စွယ်ရောင်လေး ၀င်းနေတာပဲ။ အနက်ရောင် ဘောင်းဘီရှည်မှာ အနက်ရောင် လေ ဒီရှုးနဲ့၊ ပန်းရောင် ရှပ်လက်ရှည်မှာ စွယ်တာလို လက်ပြက် စွပ်ထားတယ်။ ဟို..အပေါ်ဆုံး စင်က ပေါင်မုန့်ထုပ် ကို မမှီ့တစ်မှီ လှမ်းယူနေတဲ့ ဟန်က ( မဆီမဆိုင် မြန်မာနိုင်ငံက အကယ်ဒမီ ရွှေစင် ရုပ်ထုကို ပြေးမြင်မိတယ် ) ရင်ခုန်ဖို့ ကောင်းလိုက်တာ။

ကျုပ်လည်း မြင်ကွင်းကို ငမ်းနေတုန်း အဲလေ ငေးနေတုန်း၊ ဖြုန်းဆို အမျိုးသမီးက ကျုပ်ကို လှည့်အကြည့် ကျုပ် ရင်ဘတ်လည်း ဒုံးကနဲကို မြည်တာပဲ။ ဒီတော့မှ အမျိုးသမီး မျက်နှာကို သေချာ မြင်ရတော့တယ်။ ပန်းရောင် ရှပ် နဲ့ လိုက်ဖက်စွာ နှုတ်ခမ်း နှစ်မွှာကို ပန်းရောင်ခြယ်ထားတယ်။ ကျုပ်ငမ်းနေမှန်းလည်း သိရော အောက်ဖက်က ပန်းရောင် နှုတ်ခမ်းလေး မဆီမဆိုင် သွားနဲ့ မနာအောင် အကိုက်ခံလိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ကျုပ်ရင်ဘတ် ထဲကို တစ်ခုခုက ၀င်ပြီးဆွနေ ဖွနေသလိုပဲ နေရခက်ကြီးဗျ။

ဒီလိုနဲ့ သူမ သွားရာ ၀ယ်ရာနောက်ကို ကျုပ်က လိုက်ငမ်းတာပေါ့။ ခဏလည်းနေရော သူမ ပစ္စည်းကို နှစ်မျိုး သုံး မျိုး လောက်လည်း ၀ယ်ပြီးရော ( နေရာတစ်ခုကို ကျုပ်လိုက်မသွားရဲပါ ) ငွေရှင်း ကောင်တာမှာ တန်းစီတော့ ကျုပ် ကလည်း သူမနဲ့ မျက်နှာချင်းဆိုင် ငွေရှင်းကောင်တာမှာ လိုက်တန်းစီတယ်ဗျာ။

ကျုပ်တန်းစီမိတဲ့ ကောင်တာ စာရေးမက ကြာလိုက်တာ။ ဟိုက ရှင်းလို့ဖြင့်ပြီးတော့မယ်၊ ကျုပ်အလှည့်ကဖြင့် မရောက်နိုင်သေးဘူး။ သူမ ငွေရှင်းနေတုန်း ကျုပ်လည်း လှမ်းအငေး သူမအောက် နှုတ်ခမ်းက အကိုက်ခံရပြန်ရော၊ သူမ ငွေရှင်းပြီးလို့ ထွက် သွားပြီ။ ဟာကွာ ကျုပ်ကောင်တာက ကျုပ်အလှည့် မပြီးသေးဘူး ဟူး.........

ကျုပ်လည်း ငွေရှင်းပြီးလို့ အပြင်ကိုထွက် စက်ဝိုင်းပုံ လှည့်ပတ် ရှာတော့လည်း သူမကို မတွေ့တော့ဘူး၊ အဲ.. စော စောက ရင်ဘတ်ထဲကို တစ်ခုခု ၀င်ဖွနေတဲ့ ဝေဒနာက အခုတော့ အကုန်ဆွဲနှုတ် ခံလိုက်ရသလိုပဲ။ ရင်ဘတ် ကြီး က ဟာလာ ဟောင်းလောင်းနဲ့ ကျုပ်ရင်ဘတ် တစ်ခြမ်းပဲ့ ပါသွားပြီဗျ။ သူများတွေ 14 ရက်နေ့ကို ပျော်ပျော်နွှဲ နေ ချိန်မှာ ကျုပ်ကတော့ ရင်ခုန်သံ တစ်ခြမ်းပဲ့ ကြီးနဲ့ဗျာ။


နေမင်းတန်ဆောင်

Thursday, February 12, 2009
ဘမျိုးဘိုးတူ ၊ ဆင်းသက်လာဘိ
မင်းရောင်ဖိုးဖိုး ၊ သွေးဆက်ဖုံးလို့
သက်သွေးမချန် ၊ ပေးဆပ်ကာတည့်
မျိုးရိုးဇာနည် ၊ ဘာမထီကား

ငါ့မြေငါ့ရေ ၊ ငါ့ပြည်သူများ
လွတ်လပ်တစ်ဖုံ ၊ သာယာစုံဖို့
ကွယ်ဝှက်တစ်ခါ ၊ တည့်တိုးတစ်လှည့်

ရင်ဆိုင်ခဲ့၏ ၊ နယ်ချဲ့ရန်သူ
ကုလားဖြူတို့ ၊ နေမ၀င်ခြင်း
ပြိုပျက်ဆင်းအောင် ၊ ရောင်ရှိန်ထည်ဝါ

သူရကန်စက် ၊ ရှင်နေမင်းမှတ်
ထွက်ပေါ်လာချိမ့် ၊ ရက်မြတ် (၁၃)
ခြိမ့်ခြိမ့်အုံးအုံး ၊ နေမင်းတန်ဆောင်
လင်းရောင်တက်ပြီ။

ဖေဖ၀ါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချူပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။

နတ်သမီးကဟန် သက်ဝင်ရန်

Tuesday, February 10, 2009
နတ်သမီးကဟန် ၊ တိုင်းမြန်ပြည်မှ
တောင်ပေါ်တောင်အောက် ၊ ဒိုးယိုပေါက်သို့

သွေးစည်းကပွဲ ၊ ခြိမ့်ခြိမ့်သဲလို့
ခြေချိုးလက်ချိုး ၊ ကကွက်တစ်မျိုး
မရိုးလေအောင် ၊ ဇါတ်ကဆောင်လို့

ကချေသည်ပေါင်း ၊ ( ၁၄ ) အားနဲ့
အမိမြန်ပြည် ၊ ကကွက်ညီအောင်
ရက်စွဲသတ်မှတ် ၊ ( ၁၂ ) ရက်ဟု

လမြတ်တပို့ ၊ ဤမှစလို့
ရောင်းရင်းညီကို ၊ မယ်ပျိုပျိုတို့
အမိပြည်ထောင် ၊ ဓွန့်တည်တန့်အောင်
ကြိုးစားပါစို့….လေ။

( ၆၂ ) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုအပ်ပါသည်။

မေ့နေကြတယ်

Sunday, February 8, 2009
၁၄ ရက်နေ့ကို ၊ စိတ်ဝယ်မှန်းလို့
ချောကလက်နဲ့ ၊ ချစ်စရာကတ်
စိတ်ကူးနေတယ် ၊ ချစ်ခြင်းသင်္ကေတတဲ့။

အနာဂတ်ဗိမ္ဗာန် ၊ ဗိသုကာဖန်ဆင်း
ငြိမ်းချမ်းရေးဖခင် ၊ ဖွားမြင်ခဲ့တဲ့
၁၃ ရက်နေ့ကို ၊ မေ့နေကြတယ်။

ညီနောင်တွေစုစည်း ၊ ချစ်ခြင်းရဲ့အနှစ်
သွေးစည်းခဲ့ပြည်ထောင် ၊ အဓွန့်ရှည်အောင်တဲ့
၁၂ ရက်နေ့ကို ၊ မေ့နေကြတယ်။

ချစ်ခြင်းအစစ်ကို တော်တော်များများဟာ မေ့နေကြတယ်။

ဇါတ်ဆရာ အလိုကျ

Wednesday, February 4, 2009
ဘီလူးဆိုင်း တစ်ပုဒ်
ဗျောဆိုင်း တစ်ပုဒ်နဲ့

တော်ကြာ ရီလိုက်
တော်ကြာ ငိုလိုက်

ဘ၀ ဇါတ်ခုံမှာ
လိုက်က နေရတာ

အရိုးပေါ်လည်း အရေတင်
အရေမှာလည်း အတွန့်လှိုင်းနဲ့

ဇရာအိုညှက်ညှက် ထောင်းခဲ့ပေမယ့်
ဇါတ်ဆရာက အတီးမရပ်ဘူး

ဘ၀မှာ ကျရာနေရာကို
မတီးလည်းက တီးလည်းက

စေရာကိုသာ နေလာခဲ့ရတော့
သြော်ဟော ........

အားလုံးဟာ ဇါတ်ဆရာ အလိုကျပါလား....