မယ်ကုမိ အတွက် မွေးနေ့လက်ဆောင်

Tuesday, July 29, 2008
ရက်ခြောက်ဆယ်ဆိုသော်ငြားလည်း
လမ်းခရီးမှာပြုံးပန်းဆင်ခဲ့
အလည်လာသူမိတ်ဆွေများကို
ကျေပွန်စွာဧည့်ဝတ်ကျေလို့
အိမ်ရှင်ရယ်ပီသခဲ့တယ်
လမ်းလျှောက်သင်စမှသည်
အတောင်အလက်ရယ်စုံသည်ထိ
ဘလော့ဂ်ဂါဒီရပ်ဝန်းမှာ
အတ္တ နဲ့ ပရ ညီမျှပါစေ

အရည်အချင်း နှင့် လက်တွေ့

Thursday, July 24, 2008
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

တစ်အောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တစ်အောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘာလို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

သူငယ်ချင်း မက်ဆေ့ခ်ျ မျှဝေတာပါ.....

ချစ်ခြင်း

Tuesday, July 22, 2008
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအို ပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကိုကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

သူငယ်ချင်းရဲ့ မက်ဆေ့ခ်ျ တစ်ခုပါ

လာစေချင်သည်မောဋ္ဌာနီ

Monday, July 21, 2008
ဟိုးမြင့်တောင်တန်း
ဝေယံကြားမှာ
ကမ်းပါးကိုတိုး
လျှိုကိုမိုး၍
ဖွေးဖွေးလှုပ်သည်
ပန်းချယ်ရီတို့
နှင်းကြားမြူကြား
ဝင့်ဝင့်လွှားကာ
ကျုပ်တို့ဋ္ဌာနီ
မောရှမ်းပြည်အား
လာစေချင်သည်
မြေပြန့်ပြည်မှ
ညီညီကိုကို
မယ်ပျိုပျိုတို့
ကောက်ညှင်းတစ်ဆုပ်
ပဲပုပ်ထုပ်၍
ဧည့်ခံပါမည်
ကျုပ်တို့ပြည်မှ
နောက်တိုးတစ်မျိုး
မရိုးလေအောင်
အိုးစည်မောင်းသံ
မိုးသို့ညံ၍
လက်ဖက်တစ်ခွက်
ခေါပုတ်ညှပ်ကာ
ဝိုင်းဆိုဝိုင်းက
ထိုတစ်ညမှ
တောင်ပေါ်မြေပြန့်
ရင်ခုန်ဖက်၍
လင်းကြက်တွန်ငြား
ပြန်စိမ့်အားပဲ
နှုတ်ဆက်တေးသံ
နောင်ပိန်နောင်ကား
ယူလီပါစေ........ သား

( ယူလီ = နေကောင်း )

ငါးမျှားသောနေရာလေး

Saturday, July 19, 2008
ဆူညံစွာ ပေါက်ကွဲထွက်လာသော နှိုးစက်ကြောင့် အသိတရားက ယနေ့ လုပ်စရာရှိသည်များကို ချက်ခြင်းသတိရစေသည်။ ရေချိုးခြင်းကိစ္စကို ချမ်းစိမ့်သော တောင်ပေါ်မြို့ရဲ့အအေးဒဏ်ကိုမမှုအား မြန်ဆန်သော ပြင်ဆင်မှု့ဖြင့် ငါးမိနစ်နှင့် အပြီးသတ်စေသည်။
နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၄း ၂၀ ၊ အချိန်ကိုက်ပင် ညကတည်းက ပြင်ဆင်ထားသော ကျောပိုးအိတ်ကိုလွယ်၊အိမ်တံခါးအား
အသာအယာ တွန်း၍ထွက်လာသည်။ တောင်ပေါ်လေအေးက လူတစ်ကိုယ်လုံးကို ကျဉ်တက်သွားစေ၏ ။ ချမ်းသောငြား၊ ဇိမ်မခံအား လမ်း
ထိပ်မှကားတစ်စီးကို လက်လှမ်းတားကာ '' ကားဆရာ ဘူတာပို့ဗျာ '' ကားပေါ်တက်ထိုင်၍ မှန်အလုံပိတ်ကာ လမ်းဘေးရှုခင်းများငေးရင်း ၊
မြူနှင်းများပင်မကွဲတတ်သေး ။ ဘူတာအရောက် နာရီဂဏာန်းမှာ ၄း ၅၀ အိုကေ ၊ မနက်စာအား ရှမ်းခေါက်ဆွဲနှင့်ပြီးစေ၏ ။
စီးကရက်ဖွာရင်း ဘူတာတွင်းတို့လှမ်းဝင်ကာ စင်္ကြန်မှထိုင်ခုံတွင် တစ်ခဏမျှအချိန်ဖြုန်းလိုက်သည် ။ ၅း ၃၀ ရထားစထွက်ပြီ ၊ မိမိနေရာတွင်ထိုင်၍ မရှိန်မရတတ်သေးသော ဂျူံး ဂျက် အားနားဆင်ကာ ဘူတာအိုကြီးအားငေးကြည့်ရင်း ဘူတာကြီးမှာတစ်ဖြည်းဖြည်း
နှင်းမှုံကြားတွင်ကျန်ရစ်ခဲ့ပြီ ။ ပတ်ဝန်းကျင် မြင်ကွင်းအားငေးရင်းမောရင်း ပေါ်တော်မူ ကုလားဘုရားပင်ကျော်ခဲ့ပြီကော ၊ ရထားအရှိန်ကြောင့် ပြင်ပမှအေးစက်သော လေတိုးဒဏ်ကို ကာကွယ်ရန် ပြူတင်းတံခါးချရင်း စောစောထလာရသည့်အရှိန်ဖြင့် မှေးကနဲဖြစ်ကာအိပ်ပျော်သွား၏ ။
ဆူညံသောဈေးသည်များရဲ့ အော်သံကြောင့် ဖျက်ခနဲလန့်နိုးရင်း ဘယ်ဘူတာ ရောက်နေပါလိမ့်ပေါ့ ၊ အော် ကိုဝင်းဦး
( သရုပ်ဆောင် ) နာမည်ကြီးခဲ့သော မြို့တောင်ရောက်နေမှကိုး ။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ၁၁း ၃၀ ၊ လက်ဖက်ရည် သောက်ချင်လာတာနဲ့ အောက်ဆင်းရင်း ခပ်ပြင်းပြင်းတစ်ခွက်မှာ သောက်လိုက်တယ် ၊ မကြာခင်ခရီးကဆုံးတော့မှာပဲ ။
ရထားပေါ်ပြန်တက်ပြီး မကြာခင်မှာပင် ရထားမှာဘူတာအိုအား နှုတ်ဆက်ကာချန်ရစ်ခဲ့လေပြီ။ အင်း..ပျင်းလာတာနဲ့ ခရီးဆောင်အိတ်ထဲက
တိုင်းရင်းသူ ကဗျာဆရာမ ချင်းမလေးရဲ့ ကဗျာပေါင်းချူပ်ကို ထုတ်ကာ ခံစားရင်းပတ်ဝန်းကျင် ပါမေ့သွားလေသည် ။ ကဗျာရေယာဉ်ကြောတွင် မည်မျှမျှောနေမှန်းမသိလိုက် ပတ်ဝန်းကျင် တစ်ခုလုံးမှောင်ကျသွားမှ ကျုပ်ဆင်းရတော့မည် ဆိုသည့်အသိက
ဝင်လာသည် ။ ကမန်းကတန်း ပစ္စည်းကို အဆင်သင့်ပြင်ရင်း ရထားဂူဝအထွက်ကို စောင့်နေမိသည် ။ ရထားအရှိန်လျော့လာပြီ ၊ မကြာခင်
ရှေး နှစ်တစ်ရာကျော် တံတားကြီးနား ရောက်တော့မည် ။ အလင်းရောင် မြင်စပြုလာပြီ ရထားမှာ ဘီးလှိမ့်ရုံလေးလှိမ့်ကာ တံတားပေါ်စဖြတ်ပြီ ၊
တံတားအလယ်လောက် အရောက်တွင် ကျုပ်တံခါးဝမှ လှိမ့်ရုံလေးလှိမ့်နေသော ရထားပေါ်မှတစ်ဆင့် အသာအယာ တံတားပေါ်သို့ခြေချမိပြီ ။ ရထား
မြင်ကွင်းမှ ပျောက်ကွယ်အောင်စောင့်ရင်း ကျုပ်လေဟာပြင်မှာ ခြေချရင်းထိုင်နေမိတယ် ။ ရထားကြီးပျောက်သွားတော့မှ ကျောပိုးအိတ်
ကိုဖွင့်ပြီး စထုတ်လိုက်တယ် တစ် ငါးမျှားတံ၊ နှစ် ငါးစာ ..... ငါးမျှားတံကိုဆွဲဆန့်ပြီး ငါးစာတပ်တယ် ၊ တံတားအောက်က ချောင်းထဲကို
ခဲတပ်ထားတဲ့ ငါးမျှားချိပ်က လိုရာကိုရောက်တယ် ၊ ၁ မိနစ် ၂ မိနစ် ငါးမျှားတံ တင်းကနဲ ဖြစ်သွားတယ် ၊ ကျုပ်ငါးတစ်ကောင်မိပြီ ၊ စိတ်ကျေနပ်ပြီ ။ ......

ကျုပ်ဆီ လာလည်ကြတဲ့ မိတ်ဆွေတွေ ကဲ ဒီငါးကို
ဘယ်လို လုပ်စားကြမလည်း
ကျုပ်ရထား စစီးတဲ့မြို့က ဘယ်မြို့လည်း
တံတား နာမည်ကရော ? ဖြေကြားပေးစေလိုပါသည်....

လေလံ

Thursday, July 17, 2008
နှလုံးသား လေလံပစ်သံများ
ကြေးခေါ် မောင်းသံကြားမှာ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြှောက်ဖို့ရန် အားမရှိလေတော့
အရှုံးသမားရယ် နေရစ်ပေါ့

လွဲမှားမှု့

Monday, July 14, 2008
လူတစ်ယောက်ဟာ အမှုတစ်ခုနဲ့ ထောင်အနှစ် 40 ကျသွားပါသတဲ့။ သူဟာ ထောင်ထဲမှာ အလွန့်အလွန်ကို ပျင်းနေပါတယ်။ ဘာမှလဲ လုပ်စရာမရှိဘူးဖြစ်နေတယ်။ သူရဲ့ အခန်းထဲမှာတော့ ပုရွက်ဆိတ် တစ်ကောင်ရှိတယ်တဲ့။
သူလည်း ဘာမှ လုပ်စရာမရှိတာနဲ့ အဲဒီပုရွက်ဆိတ်ကို ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမနီ၊ အီတလီ စတဲ့ ဘာသာစကားတွေအပြင် တေးဂီတမျိုးစုံကိုလည်း သင်ပေးတယ်တဲ့။
နောင် အနှစ် 40 ကြာတဲ့အခါမှာ အဲဒီပုရွက်ဆိတ်ဟာ ဘာသာစကား 5 မျိုးလောက်ကို ကောင်းစွာ ပြောတတ်ပြီး သီချင်းတွေကို အဆွေးသီချင်းကအစ နောက်ဆုံးပေါ်ဂီတအထိ အကုန်ဆိုတတ်တယ်တဲ့။
သူထောင်ကထွက်တဲ့အခါ သူဟာ အဲဒီပုရွက်ဆိတ်လေးကို အိတ်ကပ်ထဲထည့်ပြီး ဒီပုရွက်ဆိတ်လေးနဲ့ သူ လုပ်စားမယ်လို့ စဉ်းစားတာပေါ့။
သူဟာ ထောင်ကထွက်ထွက်ချင်း ဘီယာသောက်ချင်လာတာနဲ့ ဘီယာဆိုင်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။
ဘီယာတစ်ခွက်မှာပြီးတဲ့အခါ သူဟာ သူရဲ့ အလွန်ထူးခြားပြီး တန်ဖိုးရှိတဲ့ ပုရွက်ဆိတ်လေးအတွက် အလွန်ကို ဂုဏ်ယူချင်စိတ်ဖြစ်ပေါ်ပြီး အဲဒီက စားပွဲထိုးလေးကို ကြွားချင်နေတာပေါ့။ အဲဒါနဲ့သူက ဘီယာခွက်ရောက်လာ တဲ့အခါ ဘီယာခွက်နှုတ်ခမ်းပေါ်ကို ပုရွက်ဆိတ်လေးတင်ပြီး
" ဒီမှာ ကောင်လေး၊ ကြည့်ပါဦး"
လို့ပြောကာရှိသေးတယ်
စာပွဲထိုးလေးဟာ အဲဒီပုရွက်ဆိတ်ကို လက်မနဲ့ ချေပြီး သတ်လိုက်တယ်။ ပြီးတော့ပြောတာက
" ကျွန်တော့်အမှားပါ။ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး" တဲ့။

သူငယ်ချင်း မက်ဆေ့ ခ်ျ ကနေပြန်လည်မျှဝေတာပါ

ငယ်ကျွမ်းဆွေ

Saturday, July 12, 2008
ငယ်စဉ်တောင်ကျေး
ချာတိတ်လေးမှ
ပျိုး၍စတင်
ခင်ခဲ့ပါ၏
တူသွားတူစား
တူကစား၍
ခင်မင်မေတ္တာ
ဖြူခဲ့ပါ၏
နေ့တွေလပြောင်း
ရက်တွေဟောင်း၍
ရင်ခုန်ဖော်ဖက်
စုံမက်ပါ၏
ငယ်ကမေတ္တာ
နှစ်တစ်ရာဟု
သူသူငါငါ
ဆိုသော်ငြားလည်း
မောင့်ရင်ဖြစ်ပွား
ချစ်စိတ်များမှ
နောင်နှစ်တစ်ထောင်
တည်စေမည်... မိ......

ကိုသက်နောင်ချစ်သူအတွက်
ရှင်ရဲထွတ် ရဲ့ လက်ဆောင်ပါ....

နိုးထခွင့်

အိပ်မက်ဆိုးတွေကြား
အမြင်တွေဝိုးတ၀ါးနဲ့
အရာရာဟာပိန်းပိတ်လို့
ခေါ်လို့မရ
အော်လို့မရ
ဘီလူးတစ်ကောင်ရဲ့
တပ်လှန့်သံတွေ
သိနေတယ်
အသိတွေရှိနေတယ်
ရှေ့တိုးလို့မရ
နောက်ဆုတ်လို့မရနဲ့
ရေကြည်တစ်ပေါက်လောက်
ရင်ကွဲလုမို့ပါ
ကမ်းလင့်တဲ့လက်တွေ
ဆုပ်ကိုင်မရတော့
ငါ့လက်တွေမြှောက်ဖို့
ဖေးမပါလားအရှင်
ခပ်ပေးသူမရှိလည်း
နေပါစေတော့
ကိုယ်တိုင်ပဲခပ်သောက်ရမှာပေါ့
ရေကြည်တစ်ပေါက်ထဲပါအရှင်.....

လမင်းလေး

Wednesday, July 9, 2008
ဖူဂျီရယ် ငွါးငွါးစွင့်လို့
ချယ်ရီရယ် ဖွေးဖွေးလှုပ်တယ်
ငွေနှင်းမြူ ရင်ခွင်ကြားမှာ
လမင်းတစ်စင်း လင်းလက်ခဲ့တယ်..

ဖူဂျီရယ် ကိုယ်ရံတော်အလား
ချယ်ရီပျို ရံရွေတော်များစွာ
မှေးစက်ရာ နှင်းမှုံပွင့်ဝေဆင့်
လင်းလက်ငယ် မြူးပျော်ထူးနိုင်စေ..

megumi အတွက်...... ရှင်ရဲထွတ်

တောင်ဇလပ်

Saturday, July 5, 2008
နန်းထိုက်ကာတော်မ၀င်ပေမဲ့
လန်းဆတ်ဖြာနှင်းမှုန်ကြားမှာလှ
ဟိုးအမြင့်မှာဇလပ်ပန်းရယ်ဝင့်တယ်
ထားသက်လျာပန်လိုကပန်တော့
ကြွေဆင်းကာဆက်သပါ့မယ်.....

( တောင်ပေါ်မှမြေပြန့်အတွက် )

မူကွဲပုံကွဲ

ဤနှစ်ဦးမှ
ကျောက်ဦးစတင်
ချစ်ခြင်းစီထား
ကျောက်စာများမှ
နောင်လာနောက်သား
မှတ်သားစေရာ
ထိုးရစ်စေသား
တို့နှစ်ဦးမှ
မူကွဲပုံကွဲ
သဏ္ဍာန်ကွဲ၍
ကျောက်စာမျက်နှာ
ထွင်းထုချန်ရစ်
ချစ်ခြင်းအားဖြင့်
တည်ရစ်စေသောဝ်.....

နိဂုံး

Thursday, July 3, 2008
ကြယ်ပေါင်းစုံခြံရံလို့
တင့်တယ်စွစန်းငွေယုံ
ထည်ဝါကာဝင်းပသကာလ
ဘော်ငွေတစ်စင်းမှောင်မိုက်တွင်းမှာ
မှေးမှိန်ကာဖြုတ်ခနဲကြွေလေရဲ့
စန္ဒာရယ်သင်သိပါလေစ
ကြယ်စင်မယ်နိဂုံးချုပ်ရတယ်
ငဲ့တော်မူဦး........

ပန်းရိုင်းမြေ

Wednesday, July 2, 2008
ခတ္တာတွေပွင့်ကုန်ပြီရဲ့
သဇင်တွေဖူးလာပြီဟေး
ဟိုမှာခရေတွေကောက်ကြအုံး
အိုးစံပယ်တွေဖွေးဖွေးလှုပ်လို့
ကံ့ကော်တွေမွှေးလိုက်တာဟာ
နှင်းဆီတွေကြူနေပြီကော
ဆိတ်ဖလူးတွေသင်းသင်းပျံ့ပေါ့
ပန်းတွေဝေဆာလိုက်တာ
ဟေး.. ဘာကြီးပါလိမ့်...
အိုး...လေတွေ....
အိုး...ရေတွေ....
ပန်းလေးတွေရေမှာမျှော
ပန်းလေးတွေရေမှာမြုပ်
ပန်းလေးတွေလေမှာလွှင့်ကုန်ပါပေါ့
ပန်းရိုင်းလေးတွေမြေမှာခကုန်ပြီ
မြေရိုင်းမှာပန်းလေးတွေပြန်ပွင့်ပါအုံးမလား...